သဲကစားခြင်း (Sand play)

Outdoor ကစားနည်းတွေထဲမှာ သဲကစားခြင်း (sand play) ကလည်း ကလေးတွေအတွက် အကျိုးအများကြီးရှိတဲ့ ကစားနည်းပါပဲ။ သဲက ကစားစရာအရုပ်ပါပဲ။ အရုပ်က လုပ်ပြနိုင်တာ နည်းလေ၊ ကလေး သင်ယူနိုင်တာများလေပါပဲ။ သဲက ကလေးများအတွက် အကောင်းဆုံးသော sensory toy ပါ။ (အာရုံခံမှု စနစ်ကို အားပေးသော ကစားစရာလို့ မြန်မာလို ပြောချင်ပါတယ်)

တချို့ကလေးတွေအတွက် သဲက သဘာဝအလျှောက် ပျော်ရွှင်စွာကစားတတ်ပေမယ့် sensory system အခက်အခဲလေးရှိတဲ့ ကလေးတွေအတွက်တော့ အစပို်င်းမှာသဲကို မထိရဲမကိုင်ရဲ၊ ကြောက်ရွံ့နေတတ်ပါတယ်။အဲဒီအခါမှာလည်း အတင်းမတိုက်တွန်းဘဲ တဖြည်းဖြည်းချင်း တခြားကလေးတွေဆော့တာရပ်ကြည့်ရာက စနို်င်ပါတယ်။ ပြီးတော့ ခြေဗလာလေးနဲ့ အရင်လျှောက်ကြည့်တာ ၊ရိုးရိုးလေးပဲ သဲတွေကိုင်ကြည့်ရင်း သဲရဲ့ မျက်နှာပြင်အပျော့၊အမာ၊အကြမ်း စတဲ့ texture ကို ခံစားကြည့်ရာက စတင်နိုင်ပါတယ်။
ကလေးငယ်လေးတွေရိုးရိုးပဲ သဲထဲထို်င်ပြီး သူတို့ရဲ့ထိတွေ့ခံစားမှုနိုင်မှု( sense of touch)နဲ့ သိမြင်ခံစားနိုင်မှု ( cognitive development) တွေ တိုးတက်အောင်လုပ်နိင်ပါတယ်။ သဲကစားခြင်းက ကလေးလေးတွေကိုအပန်းပြေစေခြင်း( relaxing)၊ နှစ်သိမ့်ချော့မြူခြင်း(soothing) နဲ့ ဖျော်ဖြေပေးခြင်း(entertainment )တွေကိုလည်း ဖြစ်စေပါတယ်။ကလေးရဲ့ တွေ့မြင်နိုင်ခြင်း(seeing)၊ပြုလုပ်နိုင်ခြင်း (doing)၊သင်ယူနိုင်ခြင်း(learning)၊ မေးမြန်းနိုင်ခြင်း( questing) စသည့် တုံ့ပြန်နိုင်သောတိုးတက်မှု ( interactional developments)တွေကို သဲ ကစားရင်း၊ သဲရဲ့ texture ကို စူးစမ်းရင်း တိုးတက်လာအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ လက်နဲ့ မျက်လုံး အချိုးညီ တွဲဖက်လုပ်ဆောင်နိုင်ခြင်း( hand and eyes coordination )အတွက်လည်းကောင်းပါတယ်။

သဲကစားခြင်းမှာ မှန်တယ်၊မှားတယ် ဆိုတာမရှိဘဲ သူတို့လေးတွေစိတ်ကြိုက် တီထွင်ကစားလို့ရပါတယ်။ ဒါကြောင့်သူတို့ရဲ့ တီထွင်နိုင်မှု စွမ်းရည်(creative skills) ကို တက်စေပါတယ်။ စိတ်ကြိုက် ပုံစံလေးတွေ လုပ်ပြီး ကစားလို့ရတဲ့ အကန့်အသတ်မရှိ open ended material ဖြစ်လို့ သူတို့ရဲ့ စိတ်ကူးစိတ်သန်း imagination ကိုလည်း တိုးတက်စေတာပေါ့။ သဲတွေကို ရေလောင်းပြီး ပုံစံ၊ရုပ်ထု မျိုးစုံ ထွင်းထု ကစားခြင်းဖြင့် ကလေးလေးတွေရဲ့ အနုပညာ အရည်အသွေးများကိုလည်း ပုံပေါ်တိုးတက်လာစေပါတယ်။

sand castle ဆောက်ပြီး ပုံပြင်ပြောလို့ရပါတယ်။ မြို့ငယ်ပုံစံလေးတွေ ဆောက်ပြီး မြို့တည်လို့ရပါတယ်။ လမ်းတွေ၊ တံတားတွေ၊ သစ်ပင်တွေ၊ အိမ်တွေ ဆောက်ပြီး သူတို့ရဲ့ ပုံဖော်နိုင်မှု ကိုယ်ပိုင် ဟန်တွေ အဆုံးမရှိချဲ့ထွင်ကစားလို့ရပါတယ်။ birthday cake ပုံလေးလုပ်ပြီး သစ်ချောင်းလေးတွေနဲ့ ဖယောင်းတိုင်မှုတ် လို့လည်းရပါတယ်။ သဲထဲမှာ ပစ္စည်းလေးတွေ ဖွက် ထားပြီး ကလေးကို ရှာခိုင်းတဲ့ ရတနာရှာပုံတော် ( treasures hunt) လည်း ကစားလို့ရပါတယ်။ ကလေးရဲ့ အကြိုက်ကစားနည်းက စတင်ပြီး ဖေဖေမေမေ တို့ သင်ချင်တဲ့ ကစားနည်းလမ်းတွေဆီ သူတို့ကို ဆွဲဆောင် ခေါ်ယူသွားနိုင်ပါတယ်။

သဲတွေနဲ့ ဆော့တော့ သဲကို တူးရ၊သယ်ရ၊ သဲအိမ်ဆောက်ရ၊ ရေလောင်းရ၊ စူးစမ်းရနဲ့ဆိုတော့ လက်ချောင်းလေးတွေလည်း သန်လာတာပေါ့။ လက်ချောင်းလေးတွေရဲ့ ပြုလုပ်နိုင်စွမ်းရည် ( fine motor skills) နဲ့ ခြေလက်လေးတွေရဲ့ သန်မာမှု ကို လည်း ရစေနိုင်ပါတယ်။

ပုံစံ (Shape)အမျိုးမျိုး လုပ်ပြီး ရေတွက်ခြင်းဖြင့်လဲ သင်္ချာ သင်လို့ပါတယ်။ ပြည့်တယ်/ ဖြည့်တယ်၊ ဆောက်တယ်/ ပြိုတယ်၊ရေလောင်းတယ်၊တွန်းတယ်/ ဆွဲတယ် စသဖြင့် သဲဆော့ရင်း စကားလုံးတွေကို ကစားတဲ့ ကစားနည်းအလိုက် သင်ပေးလို့ရပါသေးတယ်။ mathematics skills and vocabulary skill through playing ပေါ့နော်။ ကစားရင်းသင်ကြားတာဟာ ကလေးတွေအတွက် မှတ်မိလွယ်ပြီး ပျော်ရွှင်စွာ သင်ယူနိုင်တဲ့ နည်းလမ်းမို့ ထိရောက်လှပါတယ်။

သဲကစားရင်း ကစားကွင်းမှာ အတူတူလာဆော့တဲ့ ကလေးတွေရှိရင်လည်း လူမှုရေးစွမ်းရည်( social skills ) အတွက်လည်း ကောင်းတာပါပဲရှင်။ သူတို့အချင်းချင်း အတူတူကစားတတ်မယ်၊တစ်ယောက်နဲ့တစ်ယောက် ကစားတာကြည့်ပြီး အတုယူကစားကြမယ်။ ဒါဆို language skills အတွက်လည်း ကောင်းပြီပေါ့။ သဲဆော့ဖို့အတွက် ကစားစရာကို အပြင်က ဝယ်လို့ရသလို အိမ်မှာရှိတဲ့ အန္တရာယ်ကင်းတဲ့ မီးဖိုချောင်သုံး အသုံးအဆောင်တွေနဲ့လည်း ဥာဏ်ချဲ့ပြီးဆော့လို့ရပါတယ်။

သဲကစားကွင်းနီးနီးနားနားရှိရင်တော့အဆင်ပြေတာပေါ့။ အနီးနားမှာမရှိရင်တော့ အိမ်မှာ sand pit လေးလုပ်ပေးထားပြီးဆော့နိုင်ပါတယ်။ ပလပ်စတစ်ဇလုံ ခပ်ကြီးကြီးထဲ သဲထည့်ထားပေးတာမျိုး လုပ်နိုင်ပါတယ်။ သဲတွေ ပါးစပ်ထဲ၊မျက်စိထဲမဝင်အောင်တော့ လူကြီးများမှ ထိန်းသိမ်းပြောပြပေးရမှာပါ။

Sand play က ကလေးရော လူကြီးအတွက်ပါ စိတ်ပိုင်းဆိုင်ရာ ကုထုံးအနေနဲ့လည်း အသုံးပြုကြပါတယ်။ သဲကစားခြင်း ကုထုံးနဲ့ စိတ်ပူပင်ကြောင့်ကျခြင်း(anxiety) စိတ်ဓါတ်ကျခြင်း( depression) တို့ကို ဖော်ထုတ်၍ စိတ်တွင်းပြဿနာများကို ပြန်လည်ကောင်းမွန်အောင် အသုံးပြုကြတဲ့အပြင် ကိုယ့် ရဲ့ ပင်ကိုယ်စရိုက်ကို ကိုယ်တိုင် သိမြင်အောင်လည်း အသုံးပြုကြပါတယ်။

သဲကို ကလေးက ပါးစပ်ထဲထည့်တာ၊မျက်လုံးထဲ ဝင်တာတွေကိုတော့ အထူး သတိထားရပါမယ်။ တကယ်လို့ ကလေးရဲ့ မျက်လုံးနီတာ ၊ မျက်ရည်ကျတာ (သို့) ကလေးက မျက်လုံးကို ကိုင်တာ တွေ့ရင်လည်း ကလေး မျက်လုံးကို မပွတ်မိအောင် သတိထားရပါမယ်။ သဲမှုန်များ ကို ဖယ်ရန် ကလေးဦးခေါင်းကို ငုံ့ချထားပြီး လူကြီးနောက်တစ်ယောက်မှ မျက်လုံးကို အသာအယာ ဖွင့်ထားပေးပြီး ဖြစ်နိုင်ရင် ရေနွေးနွေးနဲ့ တစ်မိနစ်၊နှစ်မိနစ်ခန့် ဆေးချပေးရပါမယ်။ တကယ်လို့ မကောင်းသေးဘဲ ဆက်ဖြစ်နေဦးမယ်ဆိုရင် တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

စိတ်ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

မေတ္တာဖြင့်…..
ယုငယ်(နီတိုးလေးမေမေ)
၂၅/၉/၂၀၁၅

Ref; https://extension.ucsd.edu/programs/customprogram/documents/whatisSandplay.pdf

Ref: theparentsocial.com, earlychildhoodnews.com, learningforkids.net

Photo: Internet.