အမေဆိုးမဟုတ်ပါ၊ ရောဂါဆိုးကြီးသာ
|ဒီရောဂါအကြောင်းကို လူထုအတွင်း သိနားလည်မှု (awareness) နည်းပါးသေး၍၊ ကြားဖူးနားဝ ရှိသော်လည်း ဒီရောဂါဆိုးရဲ့ အဖျက်စွမ်းအားကို သေသေချာချာ နားလည်သူ ရှားပါးနေသေး၍ ဒီ post ကို ရေးဖြစ်ပါတယ်။ စာဖတ်သူ ဖခင်များအတွက် အဓိကထား ရေးသားခြင်း ဖြစ်ပါတယ်။
Postnatal depression ဟာအံ့သြစရာ ကောင်းလောက်အောင် အဖြစ်များပါတယ်။ မိခင် ဆယ်ယောက်မှာ တစ်ယောက် ဖြစ်ပါတယ်။ ကြီးငယ်မရွေး ဆင်းရဲ ချမ်းသာ အလွှာစုံမှာ ဖြစ်ပါတယ်။ သားဦးမှာ အဖြစ်များပြီး ယခင်က ဖြစ်ဖူးရင် နောက်ထပ် ပိုဖြစ်နိုင်ပါတယ်။
မီးဖွားပြီးတစ်လအတွင်း စတင်ဖြစ်ပြီး လပေါင်းများစွာ (သို့) နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် စတင်ဖြစ်လာနိုင်သလို မွေးဖွားပြီး လပေါင်းများစွာကြာမှ စတာလည်းဖြစ်နိုင်ပါတယ်။
မွေးဖွားပြီး အများဆုံး ၁၀ ရက်ကြာအထိ ဖြစ်တတ်တဲ့ မျက်ရည်လွယ်ခြင်း၊ စိတ်ပူတတ်ခြင်း၊ စိတ်အတက်အကျ နဲ့ စိတ်ဆတ်မှု တွေကို baby blues လို့ခေါ်ပြီး သူကတော့ postnatal depression လောက်မဆိုးပါဘူး။ မိခင်တိုင်းလိုလိုမှာ ဖြစ်ပါတယ်၊ မစိုးရိမ်ရပါဘူး။တစ်လထက်ပို
အဓိက တရားခံကတော့ ကိုယ်ဝန်ဆောင်ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ Postnatal depression ကရောဂါတစ်ခုပါ။ သူ့ကို ရောဂါတစ်ခုလို့ မြင်ကြဖို့ အထူးပင် အရေးကြီးလှပါတယ်။ Korea ကားထဲက သွေးကင်ဆာရောဂါသည် မင်းသမီးကိုတော့ ချစ်ခင်သနားပြီး၊ postnatal depression ရနေတဲ့ တကယ့်မိခင်တစ်ဦးကို စုန်းကဝေလို မြင်နေရင်တော့ မဟုတ်သေးဘူး။ အဲဒါကြောင့် ဒီ post ရဲ့ ခေါင်းစဉ်ကို ‘အမေဆိုးမဟုတ်ပါ၊ ရောဂါဆိုးကြီးသာ’ လို့ ပေးထားတာပါ။ ထပ်ပြောပါ့မယ်။ အမေဆိုးမဟုတ်ပါ ရောဂါဆိုးကြီးသာ ဖြစ်ပါတယ်။ ခွဲခြား သိမြင်နိုင်စွမ်းရှိဖို့ အလွန် အရေးကြီးပါတယ်။
အဓိက တရားခံ ဟော်မုန်းအပြင် အခြား အားပေးအားမြှောက် ကြံရာပါတွေကတော့ အအိပ်ပျက် အစားပျက်ခြင်း၊ ခက်ခက်ခဲခဲ မွေးဖွားရခြင်း၊ ကလေးပြုစုရ ခက်ခြင်း၊ စိတ်ပူတတ်သည့် အခံရှိခြင်း၊ မျော်လင့်ချက် ကြီးခြင်း၊ အမျိုးထဲတွင် ဖြစ်ဖူးခြင်း၊ မိသားစုဝင်များက အရာရာ စင်းလုံးချောဖြစ်ရမည်ဟု တွန်းအားပေးခြင်း၊ အိမ်ထောင်ရေး အဆင်မပြေမှု၊ အထီးကျန်ဆန်မှု၊ ငွေရေးကြေးရေး ပညာရေး အလုပ်အကိုင် အဆင်မပြေမှု နှင့် ဖေးမကူညီသူ ရှားပါးခြင်း စတာတွေ ဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေကတော့ မိခင်အတွက် ပုံမှန်မဟုတ်တဲ့
– အမြဲတစေ ဝမ်းနည်းကြေကွဲနေပြီး၊ လုံလောက်တဲ့ အကြောင်းရင်း မရှိဘဲ ငိုကြွေးနေခြင်း
– ကလေးကို ပြုစုရတဲ့အတွက်ကြောင့်မဟုတ်
– နေ့စဉ် ပုံမှန် အလုပ်တွေကို မလုပ်နိုင်တော့ခြင်း
– ဒေါသထွက် အလွန်လွယ်ခြင်း၊ အလိုမကျခြင်း
– သိသိသာသာ စိတ်ပိုပူတတ်နေခြင်း
– အရာရာကို မကောင်းမြင်ခြင်း
– တစ်ဦးတည်း နေရမည်ကို ချောက်ချားခြင်း
– မှတ်ဉာဏ် နှင့် အာရုံစူးစိုက်မှု ကျဆင်းခြင်း
– ကိုယ့်ကိုယ်ကို ပျော့ညံ့သူ၊ ကိုယ့်လုပ်ရပ်ကို ညံ့ဖျင်းသည်ဟု အပြစ်တင်ခြင်း၊ လိပ်ပြာမသန့်ခြင်း
– မိမိကိုယ်ကို ယုံကြည်မှု နည်းပါးခြင်း
– မိမိကိုယ်ကို အဆုံးစီရင်ဖို့ စိတ်ကူးခြင်း၊ ပြင်ဆင်ခြင်း၊ ကြိုးစားခြင်း
စတာတွေဖြစ်ပါတယ်။
Postnatal depression ဖြစ်နေကြောင်း မိသားစုဝင်တွေက ရိပ်မိဖို့ သိပ်တော့မလွယ်ပါဘူး။ မိခင်တွေမှာ ဒီရောဂါလက္ခဏာတွေ ရှိနေရင်တောင် လူမသိအောင် ဖုံးကွယ်ထားတတ်ကြလို့ပါ။ လူသိသွားရင် ကိုယ့်ကို အသုံးမကျတဲ့အမေလို့ အမြင်ခံရမလား၊ ပျော့ညံ့လွန်းတယ်လို့ပဲ ဝေဖန်မလား၊ ပဲများတယ် ပုံကြီးချဲ့တယ်ပဲ အပြောခံရမလား၊ ငပျင်းမလို့ပဲ အပြစ်တင်ခံရမလား၊ ယောက်ျားက စိတ်ကုန်သွားပြီး နောက်မိန်းမပဲ ယူသွားမလား စသည်ဖြင့် စိုးရိမ်စိတ်များ ပြည့်နှက်နေမှာ အမှန်ဖြစ်လို့ ဖုံးကွယ်ထားတတ်ကြတာ မထူးဆန်းပါ။
Facebook တို့လို social media တွေမှာ သူငယ်ချင်းတွေ၊ celebrity မင်းသမီးတွေက ကလေးရတာ ဘယ်လိုပျော်စရာကောင်းတာ၊ အစစ အရာရာ ဘယ်လောက်အဆင်ပြေတာ စသည်ဖြင့် (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ) ကြွားဝါပြောဆိုကြတာတွေချည်း
ဒီတော့ ကလေးရဲ့ အဖေက စောစောစီးစီး ရိပ်မိဖို့နဲ့ ဒီရောဂါကို ဘယ်လို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာ ပိုင်ပိုင်နိုင်နိုင် သဘောပေါက်နားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။ ထိထိရောက်ရောက် ကုသမှု ကိုင်တွယ်ဖြေရှင်းမှုတွေ မလုပ်နိုင်ရင်တော့ ပေးဆပ်လိုက်ရမယ့် တန်ဖိုးကတော့ အင်မတန် ကြီးပါတယ်။ မိခင်၊ ကလေး၊ နောက်ဆုံး ဖခင် အားလုံးရဲ့ ကိုယ်စိတ် ကျန်းမာရေးတွေ ပွန်းပဲ့ ထိရှ ယိုယွင်းလာပြီး အိမ်ထောင်ပြိုကွဲရတဲ့အထိ အဖြစ်ဆိုးတွေနဲ့ ကြုံရနိင်ပါတယ်။
ဖခင်တွေ သတိမူရမှာက postnatal depression ရနေတဲ့ ကိုယ်ချစ်တဲ့ ကိုယ့်မိန်းမ ကိုယ့်ရင်သွေးလေးရဲ့ မွေးမိခင်နဲ့အတူ ဒီအမှောင်လမ်းကြီးမှာ ခေတ္တခဏ လျှောက်လှမ်းရတာ ကိုယ့်အတွက်လည်း မလွယ်ကူဘူးဆိုတာပါပဲ။ ဒီတော့ ကိုယ်ကလည်း သူများအကူအညီတွေ ယူရပါမယ်။ ကိုယ်ပါ လဲသွားရင် ကိုယ့်မိန်းမ ကိုယ့်ကလေးတွေကို ဘယ်သူက ထူမှာလဲ။
အနာသိရင် ဆေးရှိပါတယ်။
ကိုယ့် အမျိုးသမီးကို စိတ်ဓာတ် ခွန်အားတွေ ပြန်လည် ပြည့်ဝလာအောင် ကူညီရပါမယ်။ စိတ်ပညာမှ မသင်ထားတာလို့ အပြောမစောပါနဲ့။ အခုပဲ သင်ပေးပါ့မယ်။
– ဘယ်လိုမြင် ဘယ်လိုတွေးလို့ သွားပြောမယ့်အစား သူပြောတာကိုပဲ အာရုံစိုက် နားထောင်ပေးပါ။
– သူ့ရဲ့ ခံစားချက်တွေကို နားလည်ကြောင်း ပြပါ၊ ပြောပါ။ နားလည်ရခက်ရင်တောင် ကြိုးစားပေးလိုက်ပါ။
– သူ ပွင့်ပွင့် လင်းလင်း ပြောနိုင်အောင် ကူညီပါ၊ အားပေးပါ။
– သူက ဘာမှမပြောရင် အချိန်ပေး စောင့်ပါ။ စကားနည်းတာ depression ရဲ့ တစ်စိတ်တစ်ဒေသပါ။
– သူလုပ်နိုင်လိုက်တဲ့ အောင်မြင်မှုတွေကို (ဘယ်လောက်ပင် သေးမွှားပါစေ) ချီးကျူးပါ။
– အိမ်အလုပ်တွေ ကိုယ်ကလုပ်ပေးဖို့ ပြင်ဆင်ထားလိုက်ပါတော့။ အိမ်အလုပ် မလုပ်နိုင်တော့တာ depression ရဲ့ တစ်စိတ်တစ်ဒေသပါ။
– ကလေးနဲ့ သူ သံယောဇဉ် တွယ်နိုင်အောင် ကူညီပါ။ သူ ကလေးကို ပြုစုစောင့်ရှောက်နိုင်အောင
– အပြင်မှာ အပျော်မရှာနေကြောင်း သူမြင်သာပါစေ။ တစ်ခဏတာ အပျော်အတွက် တစ်သက်စာ မိသားစုဘဝ အပျော်ကို စတေးလိုက်ရမယ်ဆိုရင် မတန်ပါဘူးလို့ ခံယူထားကြောင်း မြင်သာပါစေ။
– သူ့ရဲ့ နားခါးတဲ့စကားတွေကို ကြံ့ကြံ့ခံ၊ စိတ်ထဲမှာလည်း ဒီ post ရဲ့ ခေါင်းစဉ်ကို တစ်နေ့ အကြိမ်တစ်ရာ ရွတ်။
– အမှောင်လမ်းဆုံးရင် အလင်းတန်းတွေ့ရမယ်လို့ ကိုယ်က ယုံကြည်ပေးသလို ဒါကို သူသိအောင်လည်း ပြောပြပါ။
– အားလုံး အောင်မြင်စွာ ကျော်ဖြတ်နိုင်လို့ သူနေပြန်ကောင်းသွားရင် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ စာရေးသူနှင့်တကွ အားလုံးလည်း ချီးကျူးကြမှာပါ။
အခြားလုပ်ရမှာတွေ ရှိပါသေးတယ်။
– ဆရာဝန်ဆီ ခေါ်သွားပေးပါ။ ရောဂါ diagnosis သေသေချာချာဂဂနန ရအောင်ပါ။ Antidepressant ဆေး သုံးလို့ရပါတယ်။ စတိုက်ပြီး ၆ ပတ်လောက်ကြာမှ ဆေးအာနိသင် အပြည့်အဝ ရတာမို့ ဒီကြားထဲ ဆရာဝန်ဆီ မကြာခဏ သွားပါ။
– စိတ်ပညာရှင်တွေ (psychologists) ရှိရင်တော့ သိပ်ကောင်းပါတယ်။ သွားပြပါ၊ စကားသွားပြောကြည့်ပါ။ မြန်မာပြည်မှာ ဒီလို professional တွေနည်းပါးသေးတော့ ရှာတွေ့ဖို့ခက်နိုင်ပါတယ်။ စိတ်ရောဂါ အထူးကုတွေ (psychiatrists) ကို လက်လှမ်းမှီတယ် လိုအပ်တယ်ဆိုလည်း သွားပြပေးပါ။
– Postnatal depression မှ ပြန်ကောင်းလာတဲ့ အခြားမိခင် မိတ်ဆွေ သူငယ်ချင်းတွေဆီမှ အတွေ့အကြုံ အကြံဉာဏ်ကောင်းတွေ ယူပါ။
– ရနိုင်သမျှ အကူအညီတွေယူပါ။ လိုပါတယ်။ တောင်းဖို့ ဝန်မလေးပါနဲ့။
အချုပ်ကို ခေါင်းစဉ်လေးနဲ့ပဲ ပြန်ချုပ်ချင်ပါတယ်။
‘အမေဆိုးမဟုတ်ပါ၊ ရောဂါဆိုးကြီးသာ’
ရွေးပါ။ ဒီ ရောဂါဆိုးကြီးကို အနိုင်ယူမလား၊ အနိုင်ပေးလိုက်မလား။
~~~~~~~~~~~~**~~~~~~~~~~~~
စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ ကျန်းမာသန်စွမ်းသော သားသားမီးမီးလေးများကို မိစုံဖစုံ အတူတကွ ပျော်ပျော်ရွှင်ရွှင် ပြုစုပျိုးထောင်နိုင်ကြပါစေ
photo credit to google image
reference to raisingchildren.net.au
ကျော်စန်းလွင်(Child Health Myanmar)