ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရလေ့ရှိသည့် ကျန်းမာရေး ပြဿနာများ (၁)

ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ကျန်းမာရေး ပြဿနာ အတော်များများ ကြုံတွေ့ရနိုင်ပါတယ်။ တော်တော်များများက မပြင်းထန် အန္တရာယ်မကြီးသော်လည်း အချို့ကတော့ တော်တော်လေးကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေကို ဘယ်လိုကူညီ ကုသနိုင်သလဲကို ပြောပြပါ့မယ်။

အအိပ်ပျက်ခြင်း
🔺🔺🔺🔺🔺
🔹အကြောင်းရင်း
စိုးရိမ်လွန်ခြင်း (anxiety)၊ ညဘက် ဆီးသွားများခြင်း၊ ကလေးလှုပ်ခြင်း၊ ကြွက်တက်ခြင်း၊ ခါးနာခြင်း၊ အချဉ် လေ ဆန်ခြင်း များကြောင့် ဖြစ်နိုင်ပါတယ်။🔹ကူညီ ကုသခြင်း
☑️အချိန်မှန် အိပ်ရာဝင်ပါ။
✖️အိပ်ရာဝင်ခါနီး အစာစားခြင်း၊ ရေများများသောက်ခြင်း၊ အားကစားလုပ်ခြင်းများ ရှောင်ပါ။
☑️တရားထိုင်ခြင်း၊ အနိပ်ခံခြင်း၊ ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ မွေ့ရာခပ်မာမာဖြင့် အိပ်ခြင်းတို့ကို လုပ်နိုင်ပါတယ်။
✖️အလင်းရောင်၊ ဆူညံသံ နည်းနိုင်သမျှ နည်းပါစေ။
☑️ဒီ post ထဲရေးထားတဲ့ အခြား ပြဿနာတွေကိုလည်း ဖြေရှင်းပါ။စိုးရိမ်လွန်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်ကျခြင်း
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

🔹အကြောင်းရင်း
ဟော်မုန်း အပြောင်းအလဲကြောင့်ပါပဲ။ ကလေးပြုစုရေးတာဝန်ကို မလုပ်နိုင်မှာ စိုးရိမ်တာ၊ ကလေးမွေးရမှာ တွေးပူတာတွေ ဖြစ်တတ်ပါတယ်။

🔹ကူညီ ကုသခြင်း
ကျွန်တော်ရေးထားတဲ့ post တစ်ခုမှာ ဖတ်ရှုနိုင်ပါတယ်။
https://web.facebook.com/childhealthmyanmar/posts/1341795169212247:0?ref=page_internal

ခေါင်းကိုက်ခြင်း
🔺🔺🔺🔺🔺

🔹အဖြစ်များပါတယ်။ Paracetamol သောက်လို့ရပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေ (NSAIDs) မသောက်ရပါ။ ရေဓာတ် ခန်းခြောက်မှု မရှိပါစေနဲ့။
🔹သိပ်ဆိုးပြီး၊ အလွန်အမင်း မြန်မြန်ဆန်ဆန် ဖောရောင်လာရင် ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်လို့ OG နဲ့တိုင်ပင်ပါ။

အသေးစိတ်ကို ဒီ post မှာ ဖတ်ပါ။
https://web.facebook.com/childhealthmyanmar/posts/1424017224323374:0?ref=page_internal

အစာမကြေ အချဉ် လေ ဆန်ခြင်း
🔺🔺🔺🔺🔺🔺🔺🔺🔺🔺

🔹အကြောင်းရင်း
Progesterone ဟော်မုန်းက အစာမျိုပြွန် အဆို့ ကြွက်သားကို ပျော့ပျောင်းစေလို့ အစာအိမ်ထဲမှ အက်စစ်ဓာတ်က အစာမျိုပြွန်ထဲ ဆန်တက်လာပြီး နံရံများကို လောင်စေလို့ ရင်ညွန့်မှာ နာကျင်ပူလောင်မှုမျိုး ခံစားရစေပါတယ်။ Heartburn (သို့) gastro-oesophageal reflux လို့ခေါ်ပါတယ်။

🔹ကူညီ ကုသခြင်း
☑️တစ်ခါစားနည်းနည်း အကြိမ်ရေပို စားပါ။
✖️အိပ်ရာဝင်ခါနီး အစာ မစားပါနဲ့။
☑️ခေါင်းအုံးမြင့်မြင့် (သို့) နှစ်လုံးထား အုံးပါ။
✖️မစားသင့်တဲ့ အစာများ – အဆီအအိမ့်၊ အကြော်အလှော်၊ အပူအစပ်၊ လက်ဖက်ရည် ကော်ဖီ၊ ချောကလက် ကိုကာကိုလာ
☑️သိပ်ဆိုးရင် Ranitidine 150mg တစ်နေ့နှစ်ကြိမ် သောက်နိုင်ပါတယ်။ Omeprazole လိုဆေးမျိုးကို ဆရာဝန်ကပေးမှ သောက်ပါ။
✖️အစာအိမ် လေဆေးများ (antacid) အလွန်အကျွံ မသောက်ရပါ။ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ ဝမ်းချုပ်ခြင်း၊ ကျောက်ကပ်ကို ထိခိုက်ခြင်း၊ သံဓာတ်စုပ်ယူအားကျခြင်း

ပျို့အန်ခြင်း
🔺🔺🔺🔺

🔹အကြောင်းရင်း
Beta HCG ဟော်မုန်းကြောင့် ကိုယ်ဝန် ၁၂ ပတ် လောက်အထိ ဖြစ်တတ်ပါတယ်။

🔹ကူညီ ကုသခြင်း
Dr. နေနေမိုးဆွေ ရေးသားထားတဲ့ post မှာ လေ့လာနိုင်ပါတယ်။
https://web.facebook.com/childhealthmyanmar/posts/1486897778035318?ref=page_internal

အသက်ရှူ ကျပ်ခြင်း၊ မောခြင်း
🔺🔺🔺🔺🔺🔺🔺🔺🔺

🔹အကြောင်းရင်း
နှစ်ယောက်စာကို ရှူပေးနေရတော့ ပိုအားစိုက်ရလို့ပါ။ ကိုယ်ဝန်ရင့်လာတဲ့အခါ သားအိမ်က အဆုတ်ပေါ်တွန်းဖိလို့ အသက်ရှူကျပ်ပါတယ်။ ပထမ ကိုယ်ဝန်ရဲ့ ၃၆ ပတ် ရောက်ရင်တော့ ကလေး ခေါင်း စစိုက်ဆင်းတဲ့အခါ အသက်ရှူပြန်ချောင်ပါတယ်။

🔹သတိပြု ရမည့်သူများ
– နှလုံးရောဂါ အခံရှိသူ
– ကျောက်ကပ်ရောဂါ ရှိသူ
– သွေးခဲလွယ် ရောဂါရှိသူ
– သံဓာတ်ချို့တဲ့သူ
– ပန်းနာရင်ကျပ်ရှိသူ
– ဆေးလိပ်သောက်သူ
– အဖျားရှိရင်
– ရင်ဘတ်အောင့်ရင်
ထိုသူများ ရုတ်တရက် မောရင် ကျပ်ရင် ဆရာဝန် အမြန်ပြပါ။

ရင်သားတင်းခြင်း၊ နာခြင်း
🔺🔺🔺🔺🔺🔺🔺🔺

🔹အကြောင်းရင်း
နို့တိုက်ရန် သဘာဝမှ ပြင်ဆင်ပေးတဲ့အခါ ရင်သားတင်းတာ၊ နာတာ ဖြစ်ပါတယ်။ နို့သီးခေါင်း အရောင် ရင့်လာတာ၊ ရင်သားပေါ် သွေးကြောတွေ အထင်းသားမြင်ရတာတွေလည်း ပုံမှန်ပါပဲ။

🔹ကူညီ ကုသခြင်း
အရည်သွေးကောင်း၊ size မှန် ဘော်လီ (ဥပမာ အားကစား sports bra) ဝတ်ရင် ရင်သား လှုပ်ရှားမှု နည်းလို့ အနာ သက်သာပါတယ်။ ပိတ်သားကြမ်းရင် ရေမြှုပ်ပြားခံပါ။ ညအိပ်တဲ့အခါပါ ဝတ်ထားပါ။

ယားယံခြင်း နှင့် အရေပြား ပြဿနာ
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

🔹သိပ်တော့ အဖြစ်မများပါ။ အကြောင်းအမျိုးမျိုး ရှိပါတယ်။
– အသားခြောက်ရင် အသားလှဆီ (moisturiser) သုံးပါ။
– Antihistamine တစ်မျိုးမျိုး သောက်ကြည့်နိုင်ပါတယ်။
– သိုင်းရွိုက် ဟော်မုန်း သွေးစစ်ကြည့်လို့ နည်းရင် Thyroxine ဆေး သောက်ရပါမယ်။
– အင်ပျဉ်တွေထွက်ရင် ဆရာဝန်ပြပါ။ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။
– ပင့်ကူအိမ်ပုံစံ လက်မဝက်ခန့် သွေးကြောမျှင်စုတွေ (spider nevi) ကို လက်၊ ပုခုံး၊ ရင်ဘတ် အပေါ်ပိုင်းမှာ တွေ့ရတာ ပုံမှန်ပါ။ Oestrogen ဟော်မုန်းကြောင့်ပါ။ ယားယံမှု မဖြစ်စေပါ။
– တင်းတိပ်တွေ မျက်စိတဝိုက် နှင့် ကိုယ်ပေါ် ထွက်တာ၊ ချက်အောက် အညိုလိုင်းပေါ်တာ ပုံမှန်ပါ။

🔹သတိထားရန်
ခြေဖဝါး လက်ဖဝါး ယားရင် ငွေဝင်ချင်နေတာ မဟုတ်ပါ။ Cholestasis လို့ခေါ်တဲ့ အသည်းရောဂါ တစ်မျိုး ဖြစ်နိုင်လို့ OG နဲ့ပြပါ။ LFT, fasting bile acid သွေးစစ်ကြည့်ဖို့လိုပါတယ်။ ဗိုက်ထဲက ကလေးကိုလည်း ထိခိုက်နိုင်လို့ စောင့်ကြည့်တာ၊ ရက်မစေ့ခင် (၃၈ ပတ်မှာ) ဆေးသွင်း မွေးပေးရတာတွေ လုပ်ပေးရပါတယ်။

လက်ချောင်းများ ထုံ ကျဉ်ခြင်း
🔺🔺🔺🔺🔺🔺🔺🔺🔺🔺

🔹အကြောင်းရင်း
တစ်ရှူးတွေ ဖောရောင်လို့ လက်ကောက်ဝတ်နားက အာရုံကြော (median nerve) ကို ဖိမိနေလို့ ဖြစ်ပါတယ်။ လက်သန်းကလွဲလို့ ကျန်လက်ချောင်းတွေမှာ ထုံကျဉ်ပါတယ်။ ညဘက် အိပ်စဉ် ပိုဆိုးပါတယ်။ Carpal tunnel syndrome လို့ခေါ်ပါတယ်။

🔹ကူညီ ကုသခြင်း
✖️လက်ကောက်ဝတ်ကို ရှေ့ (သို့) နောက်ကို များများကြာကြာ ကွေးထားခြင်း ရှောင်ပါ။
☑️ညအိပ်စဉ် လက်ကောက်ဝတ် ဖြောင့်နေအောင် ပေတံလေးနဲ့ ပတ်တီး စည်းပေးထားပါ။
✖️တုန်ခါစက်တွေ ကိုင်တွယ်သုံးစွဲခြင်း မလုပ်ရပါ။
☑️သိပ်ဆိုးရင်၊ paracetamol သောက်ဆေးနဲ့မလုံလောက်ရင် လက်ကောက်ဝတ်မှာ စတီးရွိုက် ထိုးပေးလို့ ရပါတယ်။

ခန္ဓာကိုယ် အပေါ်ပိုင်းနဲ့သက်ဆိုင်တဲ့ ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့နိုင်တဲ့ ကျန်းမားရေး ပြဿနာများကတော့ ဒီလောက်ပါပဲ။ နောက် post မှာ နောက် တစ်ဝက်နဲ့ ဆိုင်တဲ့ အကြောင်းတွေရေးပါ့မယ်။ စောင့်မျှော် ဖတ်ရှုပေးကြပါ။

~~~~~~~~~~~~**~~~~~~~~~~~~**~~~~~~~~~~~~

စာဖတ်သူ မိခင်လောင်းများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ကိုယ်ဝန်ဆောင်နိုင်ကြပါစေ။

Photo credit to google image
Reference to guidelines from King Edwards Memorial Hospital, Western Australia.

ကျော်စန်းလွင်(Child Health Myanmar)