ကွန်ဆန့် ဆိုတာ ဘာလဲ။
|ခွဲစိတ်ကုသမှု တစ်ခုခု မခံယူခင် ခွဲစိတ်ခြင်းရဲ့ အန္တရာယ်တွေ နောက်ဆက်တွဲဆိုးကျိုးတွေကို
ဒီလို လက်မှတ် ထိုးခိုင်းရတဲ့ ရည်ရွယ်ချက်နဲ့ အနှစ်သာရက ဘာလဲ၊ မထိုးခင် ကိုယ့်ဘက်က ဘာတွေ သေချာဖို့လိုလဲ နားလည်ဖို့လိုလဲ သိထားသင့်ပါတယ်။
Consent ဆိုတာ စမ်းသပ်စစ်ဆေးမှု၊ ကုသမှု တစ်ခုခုကို လက်ခံကြောင်း လူနာဘက်က သဘောတူခြင်း ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ လိုက်နာရမယ့် ethic ဆိုတဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ အဲဒီထဲက တစ်ခုက Autonomy လို့ ခေါ်တဲ့ လူနာရဲ့ အခွင့်အရေးပါ။ အဓိပ္ပာယ်ကတော့ လူနာက သဘောမတူဘဲ ဆရာဝန်က ဘာ စမ်းသပ်စစ်ဆေးမှု ကုသမှု တစ်ခုမှ လုပ်ခွင့် မရှိပါ။
Medical profession ကို noble profession (မြင့်မြတ်သော အသက်မွေးဝမ်းကျောင်း) လို့တောင် မှတ်ချက်ပြုကြပါတယ်။ ဒီလို အသိအမှတ်ပြု ခံထိုက်အောင် ကျင့်ဝတ်တွေကို အမြဲတစေ စောင့်ထိန်းကြရပါတယ်။
Consent ရဲ့ အနှစ်သာရက ပြဿနာဖြစ်လာရင် ဆရာဝန်ဘက်က ခေါင်းရှောင်လို့ ရဖို့အတွက် မဟုတ်ပါ။ ဆေးပညာရဲ့ မွန်မြတ်တဲ့ ကျင့်ဝတ်တစ်ခုကို ကျင့်သုံးခြင်းသာ ဖြစ်ပါတယ်။ လက်မှတ်ထိုးရတာ consent ရဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုပါ။ လိုအပ်ရင် သက်သေအနေနဲ့ တရားရုံးက သုံးဖို့အတွက်သာ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အန္တရာယ်တွေကလည်း သိသင့်တာတွေရဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုပါပဲ။ အခြား သိသင့်တာတွေ အများကြီး ရှိပါသေးတယ်။
Consent နဲ့ ပတ်သက်ပြီး ဆရာဝန်တွေဘက်က စေတနာမှန်ဖို့နဲ့ လူနာတွေဘက်က အမြင်ကြည်လင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှ ယုံကြည်မှုတွေ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ပါမယ်။ ရလဒ်ကတော့ လူနာတွေက ဆရာဝန်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုခံယူပြီး နိုင်ငံ့ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာပါမယ်။
Consent များ
✍🏼️
✍🏼️
✍🏼️
✍🏼️
1. Implied (ဆရာဝန်က ယူဆ)
2. Explicit (လူနာက ဖော်ပြ)
2.1. Verbal (စကားနဲ့)
2.2. Written (စာရွက်ပေါ်ရေးပြ၊ လက်မှတ်ထိုးရ)
အန္တရာယ်နည်း စမ်းသပ်မှု (သို့) ကုသမှုတွေအတွက် လူနာက consent ပေးတယ်လို့ ဆရာဝန်က ယူဆနိုင်တဲ့ အခြေအနေတွေရှိပါတယ်။ ဥပမာ ကုတင်ပေါ်လှဲနေတဲ့ လူနာက ဗိုက်ပေါ်က အင်္ကျီကို လှန်ပေးရင် ဆရာဝန်ကို ဗိုက်စမ်းသပ်ခွင့် ပေးတယ်လို့ ဆရာဝန်က ယူဆနိုင်ပါတယ်။ မသေချာရင်တော့ လူနာကို မေးရပါမယ်။
စကားနဲ့ပဲ “နားလည်ပါတယ်၊ ခွင့်ပြုပါတယ်” ပြောရုံနဲ့လည်း consent ယူခြင်း ပြီးမြောက်နိုင်ပါတယ်။ အန္တရာယ်များ ကုသမှု ဥပမာ ခွဲစိတ်ကုသမှုတွေအတွက်တော့ စာရွက်ပေါ် ရေးချ၊ လူနာက နားလည်ကြောင်း၊ ခွင့်ပြုကြောင်း လက်မှတ်ထိုးရပါတယ်။
—————
Consent ၏ အစိတ်အပိုင်းများ
✍🏼️
✍🏼️
✍🏼️
✍🏼️
✍🏼️
✍🏼️
✍🏼️
✍🏼️
✍🏼️
1. သင့်တော်တဲ့ ကျန်းမာရေး ဝန်ထမ်းက လူနာဆီမှ consent တောင်းယူရပါမယ်။ ဗိုက်ခွဲဖို့ consent ကို ဆေးရုံစောင့်က ယူလို့မရပါ။ ခွဲစိတ်ဆရာဝန်ကြီး မဟုတ်ရင်တောင် ဆရာဝန် အငယ်က ယူပေးတာ ဖြစ်သင့်ပါတယ်။
2. လူနာက consent ပေးနိုင်စွမ်း ရှိကြောင်း သေချာရပါမယ်။ ကလေး၊ စိတ်မနှံ့သူ၊ သတိကောင်းကောင်းမရသူ (အရက် အလွန်အကျွံ သောက်ထားသူအပါအဝင်) တွေ consent မပေးနိုင်ပါ။ မသေချာရင် တရားရုံးက လူနာရဲ့ consent ပေးနိုင်စွမ်းကို သတ်မှတ်နိုင်ပါတယ်။
3. သိသင့်တဲ့ အချက်တွေ လူနာကို ရှင်းပြရပါမယ်။
3.1. ဘာ စမ်းသပ်မှု ကုသမှု လုပ်မှာလဲ
3.2. ဘယ်လို လုပ်မှာလဲ
3.3. ဘာကြောင့် လိုတာလဲ
3.4. မလုပ်ရင် ဘာဖြစ်မှာလဲ
3.5. အခြား ရွေးချယ်စရာတွေ ဘာရှိလဲ
3.6. ရွေးချယ်စရာ တစ်ခုချင်းစီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေက ဘာတွေလဲ
3.7. နောက်ဆက်တွဲ ကုသမှုတွေ လိုလား
စတာတွေ ရှင်းပြရပါတယ်။
4. ရှင်းပြတာတွေ လူနာက နားလည်လား သေချာအောင် ပြန်မေးရပါတယ်။
5. လူနာက ဘာရွေးချယ်လဲ ဘာကိုသဘောတူလဲ မေးရပါတယ်။
6. သဘောတူရင် လက်မှတ်ထိုးခိုင်းတတ်ပါတယ်။
————–
ပေးပြီးသား consent ကို စမ်းသပ်မှု (သို့) ကုသမှု မစခင် အချိန်မရွေး ပြန်လည်ရုတ်သိမ်းခွင့် လူနာ့မှာ ရှိပါတယ်။
Consent ကို စမ်းသပ်မှု (သို့) ကုသမှု မစခင်မှာ ယူရပါတယ်။ လုပ်ပြီးမှ လုပ်ခွင့်တောင်းလို့ မရပါ။
ချွင်းချက်တွေ ရှိပါတယ်။ Consent ယူဖို့ အချိန်မရရင် (သို့) မဖြစ်နိုင်ရင် ဆရာဝန်က လူနာ့ အသက်ကယ်ဖို့ consent မရသေးဘဲ အချိန်မီ လုပ်သင့်တာ ဆက်လုပ်နိုင်ပါတယ်။
အငြင်းပွားဖွယ်တွေရှိရင် ကလေးရဲ့ အသက်အန္တရာယ်လည်းရှိရင် တရားရုံးက ဆုံးဖြတ်ပါတယ်။ ဥပမာ ကလေးရဲ့ ခြေထောက်ပုပ်နေပြီး ခြေဖြတ်လိုက်မှ အသက်ရှင်မယ့် အခြေအနေမှာ မိဘက ကလေးခြေဖြတ်ဖို့ သဘောမတူရင် (သို့) အဖေက သဘောတူပြီး အမေက သဘောမတူရင် (အိမ်ထောင်ကွဲ) အချိန်ရှိသေးက တရားရုံးရဲ့ ခွင့်ပြုချက်ယူပြီး ကလေးရဲ့ အသက်ကယ်ဖို့ ခြေဖြတ်နိုင်ပါတယ်။
လူနာက စိတ်ရောဂါမရှိတဲ့ လူကြီးဆိုရင် သူ့သဘော အတိုင်းပါပဲ။ ယောက်ျားက သူ့ခြေ အဖြတ်မခံဘဲ အသေပဲခံမယ်ဆိုရင် မိန်းမက ဖြတ်ခွင့် ပေးလို့မရပါ။ ဆရာဝန်က ဖြတ်ခွင့် မရှိပါ။ သူ သတိလစ် မေ့မြောသွားရင်တော့ မိန်းမက သူ့ခြေဖြတ်ဖို့ consent ပေးနိုင်ပါတယ်။
ယောက်ျားက သူသတိလစ်သွားတဲ့ အချိန်တောင် သူဖြစ်ချင်တဲ့ အတိုင်းပဲ လုပ်စေချင်ရင် Advanced Health Directive ဆိုတဲ့ ညွှန်ကြားစာကို ရှေ့နေနဲ့ ရေးထားခဲ့နိုင်ပါတယ်။ သတိလစ်သွားတဲ့အခါ ရေးထားတဲ့အတိုင်း ဆရာဝန်က လုပ်ပေးရပါတယ်။ မြန်မာပြည်မှာ ဒါမျိုး လုပ်လေ့ မရှိသေးပါ။
နားလည်တဲ့ အချို့ကလေးက အချို့ consent တွေပေးလို့ ရပါတယ်။ ဥပမာ ၁၅ နှစ် သမီးက သန္ဓေတားဆေးတောင်းရင် မိဘ သဘောမပါလည်း ဆရာဝန်က ပေးနိုင်ပါတယ်။ ကာလသားရောဂါ စစ်ချင်ရင် စစ်ခွင့်ရှိပါတယ်။ ဒီလို ကလေးတွေကို mature minor လို့ခေါ်ပါတယ်။
ဒီလောက်ဆို consent အကြောင်း နားလည်ပြီလို့ ထင်ပါတယ်။
~~~~~~~~~~**~~~~~~~~~~**~~
စာဖတ်သူမိဘပြည်သူများနှင့် ဆရာဝန်များကြား ယုံကြည်မှု၊ နားလည်မှု၊ အပြန်အလှန် လေးစားမှုများ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ကြပါစေ။
နှစ်သစ်မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ မင်္ဂလာအပေါင်း ခညောင်းကြပါစေ။
Photo credit to google image
Reference to WA Health consent to treatment policy 2016
ကျော်စန်းလွင် (Child Health Myanmar)