ဂျီကျသောင်းကျန်းခြင်း (tantrum) ကို ဘယ်လို ဖြေရှင်းမလဲ?

နည်းလမ်း(၂)

အရေးကြီးဆုံးကတော့ ကလေးကို တုံ့ပြန်တဲ့နေရာမှာ ကိုယ်ကိုယ်တိုင် အရင်ဆုံး တည်ငြိမ်နေဖို့လိုပါတယ်။ ဖြစ်နေတဲ့ အခြေအနေကို မိမိရဲ့ (ကိုယ်ပိုင်)မကျေနပ်မှု ၊ဒေါသတွေနဲ့ ရောထွေးပြီး အခြေအနေကို ပိုရှုပ်ထွေးအောင် မလုပ်မိစေဖို့လိုပါတယ်။ ဖေဖေ မေမေ တို့ရဲ့ တာဝန်က ကလေးကို သူတို့ဖြစ်ချင်တာကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ပြောတတ်စေဖို့ သင်ယူနိုင်အောင်ကူညီရမှာ ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးပါ။ ဒါကြောင့် ကိုယ်ကိုယ် တိုင်လဲ တည်ငြိမ်ဖို့လိုတာပါ။

မိဘ (ပြုစုစောင့်ရှောက်သူ) ရဲ့အပြုအမူတွေက ကလေးတွေအတွက် အတုယူစရာ ဥပမာဖြစ်ပါတယ်။ ကလေးကို ရိုက်တာ၊တင်ပါးကို ရိုက်ပြီး အပြစ်ပေးတာ တွေက ပြဿနာမဖြေရှင်းနိုင်ပါဘူး။ ဒီလိုရိုက်ပြီး ဆုံးမရင် ” အင်အားသုံးတာ၊ အပြစ်ပေးတာတွေဟာ ဘာမှ မဟုတ်ဘူး၊ အိုကေတယ်” လို့ ကလေးကို သင်ပေးတာနဲ့ တူတူပါပဲ။ ရေရှည်မှာ မကောင်းတဲ့ အမူအကျင့်များ(negative behaviours)သာ ကလေးမှာ ဖြစ်လာမှာပါ။ အမြဲရိုက်ပြီးဆုံးမ ခံရတဲ့ အတွက် သူသင်ယူလိုက်တာဟာ တစ်ခုခုဖြစ်ရင် ကောင်းမွန်တဲ့ နည်းလမ်းနဲ့ဖြေရှင်းစရာမလိုဘူး။ကြမ်းတမ်းစွာ အင်အားသုံးပြီးပဲ ဖြေရှင်းလို့ရတယ်လို့ဘဲ ဖြစ်မှာပါ။ ဒါကြောင့် မိဘရော၊ကလေးရော ကိုယ့်ကိုယ်ကို ထိမ်းချုပ်နိုင်ဖို့ သင်ယူလေ့ကျင့်သင့်ပါတယ်။

tantrum ကို ဖြေရှင်းရာမှာ ကလေး ဘာကြောင့်စိတ်မကျေနပ်သလဲပေါ်မှာ မူတည်ပြီးဖြေရှင်းသင့်ပါတယ်။ တခါတလေမှာ ကလေးကို နှိမ့်သိမ့်ပေးရတဲ့အခါလဲရှိပါတယ်။ ဝုန်းဒိုင်းကျဲ ပေါက်ကွဲမှုတွေကိုတော့ မသိသလို လျစ်လျူရှုနေလိုက်တာကတော့ အကောင်းဆုံးပါပဲ။ * ( ကျွန်မ အရင် နည်းလမ်း(၁) မှာရေးထားသလို မသိသလို နေပေမယ့် ကိုယ်နေဟန်ထားက အရေးကြီးပါတယ်ရှင်။ ပုံမှန်အတိုင်း သူလုပ်တာတွေကို တကယ်ကို မတွေ့လိုက်သလို၊နားမလည်သလိုပါ။ )

တခါတလေတော့ ကလေးကို တစ်ခြား ဟာ တစ်ခုခုပြောင်းလုပ်ပြီး အာရုံပြောင်းပေးနိုင်ပါတယ်။ ကလေးက ပင်ပန်းနေရင်၊ဗိုက်ဆာနေရင်လည်း ဂျီကျနိုင်ပါတယ်။ ဒါကြောင့် အချိန်မှန် အိပ်တာ ၊စားတာ ကလည်း ကလေးစိတ်ကို တည်ငြိမ်ပျော်ရွှင်အောင် အထောက်အပံ့ပေးပါတယ်။

တကယ်လို့ ကလေးက တစ်ခုခုကို မလိုချင်၊ မလုပ်ချင်လို့ tantrum စဖြစ်တာဆိုရင် တည်ငြိမ်စွာနဲ့ ဒေါသမဖြစ်အောင်နေပါ။ ဘာကြောင့် ကလေးဟာ သူလိုချင်တာမရသလဲ ဆိုတာကို အများကြီး ရှင်းပြမနေပါနဲ့။ သူစိတ်တိုနေတဲ့ အချိန်မို့ ရှင်းပြနေတာတွေကို လောလောဆယ် သူနားထဲဝင်ဖို့ ခက်ခဲနိုင်ပါတယ်။ သူယူလို့ ရနိုင်မယ့် ၊လုပ်လို့ရနိုင်မယ့် တစ်ခြားတစ်ခုခုပေးကြည့်ပါ။ တစ်ခြားဟာ တစ်ခုခု ပြောင်းလုပ်တာမျိုး ပြုလုပ်ပါ။

ဒေါသတကြီး ပလုံးပထွေးပြောနေတဲ့ ကလေးကို သူနဲ့ တပြေးညီ ထိုင်ချပြီး လေသံတိုးတိုးလေးလုပ်ပြီး ” သားဒေါသကြီးပြီးပြောနေတော့ မေမေ မကြားရဘူး” လို့ ပြောကြည့်ပါ။ ကလေးအများစု ဟာ အားလုံးကို သိချင်စိတ်ပြင်းပြပါတယ်။ မေမေ တို့ တိုးတိုးလေးပြောတဲ့ အတွက် သူတို့ သိပ်မကြားရပါဘူး။ ဒီတော့ သူတို့ ကြားချင်တဲ့ အတွက် အာရုံစိုက်နားထောင်ချင်လာတတ်ပါတယ်။ ဒီအချိန်မှာ မေမေ က လေသံလေးနဲ့ ” သြော်…. ဒီလိုလေးဆို ပိုကြားရတယ်ဟုတ်…လာ မေမေနား မေမေပြောပြမယ်” ဆိုပြီး အကြောင်းအရာကို ရှင်းပြနိုင်ပါတယ်။ *Remember… Quiet is more effective than violence.

Tantrum ဖြစ်နေချိန်မှာ ကိုယ့်ကိုယ်ကိုရိုက်တတ်တဲ့ ကလေး၊ သူများကို ရိုက်တတ်တဲ့ကလေး ကို အန္တရာယ်ကင်းပြီး လုံခြုံတိတ်ဆိတ်တဲ့ နေရာကို ခေါ်သွားရွှေ့သွားသင့်ပါတယ်။ သူစိတ်ပြေပြီး ငြိမ်သွားတဲ့အထိ စောင့်ကြည့်သင့်ပါတယ်။ *(ဒီနေရာမှာ ကလေးကိုယ့်ဟာကို ရိုက်တာဟာ သူရဲ့ စိတ်ခံစားချက်ကို ဘယ်လို ပြောရမလဲ မသိလို့ ကလေးဟာ ဒီလိုလုပ်တာပါ။ ဒီလိုရိုက်ရင် လူကြီးတွေကစိုးရိမ်ပြီး သူလိုချင်တာပေးလိုက်ရင် သူဒီနည်းကို အမြဲသုံးတော့မှာပါ။ ဒါကြောင့် စိတ်ကို ခိုင်ခိုင်ထားပြီး သူရိုက်နေတာကို မသိသလိုနေပါ။ သူနာသွားတယ် ဒါပေမယ့် လူကြီးက မသိသလိုပဲ နေတဲ့ အတွက် မေမေ က ငါဒီလိုလုပ်လဲ ငါ့ကိုမပေးပါလားလို့ တခါကနေ နှစ်ခါဆို သူသိသွားပါလိမ့်မယ်။ )**အန္တရာယ် ရှိတဲ့ ပစ္စည်း သူ့နားမရှိပါစေနဲ့။ အန္တရာယ်ရှိတဲ့ နေရာ မဖြစ်ပါစေနဲ့။ ဒီနည်းဟာ ဈေးထဲ၊လမ်းမှာ၊သူများအိမ်မှာ၊ ပလက်ဖောင်းမှာ စတဲ့ public places နေရာတွေမှာ လည်း ဒီအတိုင်းပါပဲရှင်။

ဥပမာ- ကလေးက လမ်းသွားနေရင်း သူသွားချင်တဲ့ ဘက်မသွားရလို့ စပြီး သောင်းကျန်းတယ်ဆိုပါတော့။ သူ့ကိုယ်သူရိုက်တယ်၊ အားမရတော့ ပလက်ဖောင်းပေါ်လှဲချတယ်။ ပလက်ဖောင်းနဲ့ ခေါင်းရိုက်မယ်။ လမ်းမဘက်ပြေးထွက်မယ်။ သေချာပါတယ် မေမေ စိတ်ပူ၊စိတ်ရှုပ် ပျာယာခတ်မှာပါ။ ဒီလို လမ်းမှာ တအားသောင်းကျန်းနေတော့ လွှတ်ထားလို့မရ အန္တရာယ် ရှိလို့ လွတ်တဲ့ လမ်းဘေးတစ်နေရာပဲဖြစ်ဖြစ် ခေါ်သွားပြီး သူ့ကို ဒီအတိုင်းခဏ စောင့်ကြည့်နေပါ။ ဒီအချိန်မှာ ကလေးအများစုက အဖက်မခံဘဲ ရုန်းကန်တတ်ကြပါတယ်။ အဖက်ခံတဲ့ ကလေးဆိုရင် ဖက်ထားပေးပါ။* ဘာမှမပြောပဲ နွေးနွေးထွေးထွေး ဖက်ထားပေးပါ* ။ သူငြိမ်ကျသွားမှ ဘာလို့သွားလို့မရတဲ့ အကြောင်း အေးအေးဆေးဆေးရှင်းပြပေးနိုင်ပါတယ်။ ကလေးဟာ အခြေအနေတစ်ခုခု ( special condition) တစ်ခုခုကြောင့် မဟုတ်ပဲ ပုံမှန် tantrum ဖြစ်တာဆိုရင် ဒီလိုနည်း နှစ်ခါ၊သုံးခါ သုံးရုံနဲ့ နောက်မလုပ်တော့ပါဘူး။ သူမသွားချင်ဘူးဆိုတာ ကို ကောင်းကောင်းမွန်မွန် ပြောပြတတ်လာမှာပါ။

နည်းနည်းပိုကြီးတဲ့ ၅- နှစ် အထက် ကလေးတွေကတော့ ဒီလို ဂျီကျ၊ ထုရိုက်၊အာခေါင်ခြစ်ငိုတာတွေကို သူတို့လိုချင်တာရဖို့ အတွက် သုံးတတ်ကျပါတယ်။ သူတို့ ဒီလိုလုပ်လို့ လူကြီးတွေက လိုက်လျောထားခဲ့မိရင် ပိုဆိုးပါတယ်။ အမြဲတမ်း ဒီနည်းနဲ့ သူတို့လိုချင်တဲ့ အရာကို တောင်းတော့မှာပါ။ ဒါကလဲ သူတို့ အပြစ်မဟုတ်ပဲ ကလေးကို စနစ်တကျ လေ့ကျင့်ထားပေးတာမဟုတ်လို့ သူတို့ကို ဆက်ဆံတဲ့ လူကြီးနဲ့ လိုက်လျောညီထွေ ကလေးက သင်ယူထားတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်နေလို့ပါပဲ။
ကျောင်းတက်တဲ့ အရွယ် ကလေးဆိုရင်တော့ အခန်းတစ်ခုထဲ ၊ဒါမှမဟုတ် နေရာ လွတ်တစ်ခုမှာ သူစိတ်အေးအောင် အချိန်ပေးပြီး နေစေသင့်ပါတယ်။ ကလေးဟာ သူရဲ့စိတ်ကို ထိမ်းချုပ်နိုင်တဲ့အထိ အဲဒီမှာနေဖို့ပြောပါ။ ဒီလို နေခိုင်းတာဟာ ကလေးကို သူရဲ့ ဒေါသကြောင့်ဖြစ်လာတဲ့ အခြေအနေရလဒ်ကို သူကိုယ်တိုင် ထိရောက်စွာခံစားသိနိုင်ဖို့ အခွင့်အရေးပေးလိုက်တာပါပဲ။ ဒါကြောင့် ကလေးဟာ စိတ်တို သောင်းကျန်းနေစဉ် ပျောက်သွားတဲ့ သူရဲ့ ထိန်းချုပ်နိုင်မှုကို သူပြန်လည် ရရှိနိုင်ပါလိမ့်မယ်။ *ဒါပေမယ့် ဆိုးဝါးတဲ့အမူအကျင့် ( ရိုက်ခြင်း၊ ထုခြင်း) တို့ကိုတော့ စိတ်အေးအောင် တစ်နေရာမှာ နေစေတာကို အချိန်သတ်မှတ်ဖို့လိုပါတယ်။* ၁၀- မိနစ်တန်သည်ပေါ့ရှင်။

အခြေအနေအေးသွားပြီး စိတ်အေးသွားချိန်( After tantrum)

စိတ်အေးသွားတဲ့အထိစောင့်နေပေမယ့် မေမေက သူအငိုတိတ်သွားတဲ့အချိန်မှာ လိုချင်တာကိုပေးလိုက်ရင်တော့ ကလေးရဲ့ tantrum ကို ဆုချလိုက်တာနဲ့အတူတူပါပဲ။ ဒါဟာ ကလေးကို tantrum ပြုလုပ်လို့ရနိုင်တဲ့ အကျိုးလိုသာ သက်သေပြလိုက်တာနဲ့တူတူပါပဲ။ အငိုတိတ်သွားလဲ သူ့ကို ချီပိုးဖက်ထားပြီး သူလုပ်လို့မရ၊စားလို့မရတာကိုတော့ ခုနက မပေးဘူးပြောထားသလို မပေးဘဲသာနေသင့်ပါတယ်။ သူရဲ့ စိတ်ကို ထိန်းချုပ်နိုင်လိုက်တာကို ပါးစပ်က ထုတ်ဖော်ချီးကျူးပေးပါ။” သားလေး က စိတ်ဆိုးပေမယ့် ထိန်းနိုင်တယ်နော်။ တော်တယ်။ မျက်နှာကိုလဲ မရိုက်တော့ဘူး။ ရိုက်ရင် သားသားနာမှာပေါ့” စသဖြင့် ဒီအချိန်မှာ ပြောပေးသင့်ပါတယ်။

ကလေးတွေဟာ ဂျီကျပြီးရင် စိတ်တွေပျော့ပြီး အချော့ခံချင်တတ်ကြပါတယ်။ သူတို့သောင်းကျန်းတာဟာ သိပ်ပြီး ချစ်စရာကောင်းတဲ့ အမူအရာ မဟုတ်ဘူးဆိုတာလဲ သူတို့သိပါတယ်။ ဒါကြောင့် ခုလို ကလေး တည်ငြိမ်သွားတဲ့အချိန်မှာတော့ ကလေးကို ဖက်ထားပြီး ကလေးဟာ ဘယ်လိုဖြစ်ဖြစ် ချစ်ခံရပါတယ်ဆိုတာ သေချာအောင် ပြသဖို့အချိန်ပါပဲနော်။ ” မေမေ က သားလေး / သမီးလေး ကို ချစ်တယ်နော်” လို့ တိုးတိုးလေး တဖွဖွပြောပေးပါ။

**အထက်ပါနည်းလမ်းတွေကို သုံးသော်လည်း သက်သာအဆင်ပြေမလာဘဲ အောက်မှာရေးထားတဲ့အချိန်တွေမှာ ဆရာဝန်/နားလည်သူ နှင့်တိုင်ပင်သင့်ပါတယ်။

– မိမိဟာ ကလေးရဲ့ ဂျီကျ၊သောင်းကျန်း တာကို တုံ့ပြန်တဲ့ အခါမှာ မကြာခဏ ဒေါသထွက်မယ်၊ ထိန်းချုပ်နိုင်မှုတွေ မရှိဖြစ်မယ်ဆိုရင် ဆရာဝန်/ နားလည်သူ နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
– Tantrum ကြောင့် ကလေးနဲ့မိမိကြားမှာ မကောင်းတဲ့ စိတ်ခံစားချက်တွေ အများအပြား ဖြစ်လာနေတယ်။
– မိမိရဲ့ အပြုအမူအပေါ် (သို့) ကလေးရဲ့ အပြုအမူအပေါ်ထူးခြားနေတယ်လို့ သိချင်သော မေးခွန်းများရှိလာရင်။
– Tantrum ဖြစ်တဲ့ အကြိမ်ရေပိုများလာရင်၊အချိန် မူလကထက် ပိုကြာလာရင်။
– ကလေးဟာ မကြာခဏ သူ့ကိုယ်သူနဲ့ တခြားသူတွေကို အနာတရဖြစ်စေရင်။
– ကလေးဟာ အလွန်မှ ဆန့်ကျင်ဘက်သဘောတွေဖြစ်ရင်၊ငြင်းခုံမှုတွေ အရမ်းလုပ်ရင်၊ အမြဲတမ်းလိုလို ပူးပေါင်းဆောင်ရွက်တာမျိုး ပြုလုပ်ရန်ခက်ခဲရင်၊နားလည်အောင်ရှင်းပြသော်လဲ နားလည်နိုင်စွမ်းမရှိရင်။
ဆရာဝန်မှ ကျန်းမာရေးစမ်းသပ်မှုများပြုလုပ်ပြီး ပုံမှန် ကလေးတိုင်းဖြစ်နေကျ tantrum ထက်ပိုနေတဲ့ အကြောင်းအရင်းကိုရှာနိုင်ပါတယ်။ *ဒါဟာလဲ ဖြစ်တောင့်ဖြစ်ခဲသာဖြစ်ပါတယ်။ တခါတရံ အကြားအာရုံ ၊ အမြင် အာရုံ အားနည်းနေရင်၊ ရောဂါအခြေအနေ တစ်ခုခုရှိရင်၊ စကားပြောနောက်ကျရင်၊( learning disabilities) သင်ယူနိုင်မှု စွမ်းရည် မရှိရင်လဲ tantrum ကို ပုံမှန်ထက် ပိုဖြစ်စေတတ်ပါတယ်ရှင်။

ကလေးတွေဟာ ကြီးလာတာနဲ့အမျှ သူတို့ကိုယ်သူတို့ထိမ်းချုပ်နိုင်အောင် သင်ယူလာကြပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ ၊ ဆက်ဆံပြောဆိုဖို့၊ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ သင်ယူလာကြပါတယ်။ ဒီလိုဆိုရင် tantrum ဟာလဲ ရပ်သွားပြီး သေချာပြောပြ ဆက်ဆံလို့ ရလာကြမှာပါ။ စိတ်မကျေနပ်မှုတွေ နည်းလာပြီး ထိန်းချုပ်နိုင်မှုတွေ များလာရင် ဂျီကျတာတွေလဲ နည်းလာမှာပါ။
ဖေဖေ မေမေတို့ ပျော်ရွှင်တဲ့ မိသားစု ဘဝ များ ပိုင်ဆိုင်နိုင်ကြပါစေရှင်။

မေတ္တာဖြင့်
ယုငယ်( နီတိုးလေးမေမေ)

နည်းလမ်း(၁)

https://web.facebook.com/permalink.php?story_fbid=1693299120905737&id=1683750805193902&substory_index=0

#နီတိုးလေးမေမေ #ယုငယ် #မိခင်ဘဝ

Ref; kidshealth.org
Photo; Internet.