ဂျီကျသောင်းကျန်းခြင်း ( Tantrums) ဘယ်လို ဖြေရှင်းမလဲ?။

နည်းလမ်း(၁)

ဖေဖေ မေမေတို့ရဲ့ ကလေးတွေ သူတို့ရဲ့ သဘောအတိုင်းမရတဲ့အခါ၊ တခါတလေ ဘာအကြောင်းမှ မရှိဘဲ အာခေါင်ခြစ်အော်တာ၊ရိုက်တာ၊ ဆွဲဆိတ်တာ၊ ပစ္စည်းတွေ ပစ်ပေါက်တာတွေ လုပ်ပါသလား။
ဘယ်လိုလုပ်ရမလဲ ဆိုတာ အကြံပေးထားတာတွေ လေ့လာကြည့်ရအောင်နော်။

ပထမအဆင့်။ ဂျီတိုက်သောင်းကျန်းခြင်းကို နားမလည်သလိုပြုလုပ်ခြင်း။

၁) ကိုယ်နေဟန်ထားက ပထမ အရေးကြီးပါတယ်။ ( Attitude First)

ဒီကိစ္စကို လုပ်တော့မယ်ဆိုရင် ဖေဖေ မေမေတို့( ကလေးနဲ့အနီးကပ်နေသူ)ဟာ တည်တည်ငြိမ်ငြိမ်ရှိဖို့၊ စိတ်အေးလက်အေးရှိဖို့၊ သက်တောင့်သက်သာရှိဖို့ အလွန် ( အလွန်) အရေးကြီးလှပါတယ်။ တည်ငြိမ်တယ် ဆိုရမှာ တည်ငြိမ်ဟန်ဆောင်တာကိုပြောတာ မဟုတ်ပါဘူး။ တကယ်ကို စိတ်အေးလက်အေးတည်တည်ငြိမ်ငြိမ် ဖြစ်နေဖို့ပါ။ ဂျီကျသောင်းကျန်းတာကို အပြီးတိုင် စနစ်မှန်နဲ့ ( ဆူပူခြောက်လှန့်တာမဟုတ်ပဲ) ပျောက်အောင်လုပ်မှာမို့ ကိုယ်ကိုယ်တိုင် စိတ်ပင်ပန်းနေတာတွေ တနည်းနည်းနဲ့ ဖြေဖျောက်ထားပြီး စိတ်အေးသက်သာစွာ နဲ့ ကိုင်တွယ်ပါ။ ကလေးက အာခေါင်ခြစ်ငိုနေပြီဆိုပါတော့။ ဒီအချိန်မှာ သူရဲ့ အာခေါင်ခြစ်အော်သံကြောင့် မေမေ စိတ်ညစ်ပုံ၊ စိတ်တိုပုံ ၊ဒေါသထွက်ပုံ လုံးဝမပြပဲ ဘာမှမဖြစ်သလိုနေပါ။ ပစ္စည်းပစ်ပေါက်ရင်လဲ ဒီအတိုင်းပါပဲ။ သူလုပ်တဲ့ အမူအယာ ကြောင့် စိတ်မလှုပ်ရှားဘူးဆိုတာပြသရပါမယ်။

၂)မသိသလို ပြုလုပ်ပြပါ။

ဝေခွဲမရတဲ့ ပုံစံ ( လုပ်ဖို့ခက်ပေမယ့်လဲ 🙂 ) မသိလိုက်တဲ့ မျက်နှာပေးနဲ့ နေပြီး ” သားဘာလိုချင်တာလဲဆိုတာကို မေမေ မသိဘူး။ သားက အဲလို အော်တော့ မေမေနားမလည်ဘူး” ။” သားဘာဖြစ်ချင်တာလဲ? အဲလို ဘာလို့ပစ်ပါက်လိုက်တာလဲ? ဖေဖေ မသိဘူး” ။လို့ ပြောပြီး တကယ်ကို မသိတဲ့ မျက်နှာဘေးနဲ့ မေးပါ။

၃)ဖြေးညင်း တိတ်ဆိတ် ညင်သာစွာပြုလုပ်ပါ။

ကလေးက ဘာကိုလိုချင်သလဲ ဆိုတာကို စမ်းတဝါးဝါးဖြစ်တဲ့ပုံစံ၊မသိတဲ့ပုံစံ မျက်နှာပေးမျိုး မိနစ်အနည်းငယ် ပြုလုပ်ပြပါ။ ဒါကို လုပ်တဲ့အချိန်မှာ တကယ်ကို ဖြေးဖြေးညင်ညင်သာသာလုပ်ရပါမယ်။ အကြာကြီးနဲ့ အမြဲတမ်းလုပ်ရမှာတော့ မဟုတ်ပါဘူး။ တကယ်လို့ ကလေးက ဆက်ပြီး အော်နေမယ်၊ ပစ်ပေါက်နေမယ်ဆိုရင်တော့ ခပ်လှမ်းလှမ်းကို ခဏ ထွက်သွားလိုက်ပါ။

၎)ကလေးဒီလို လုပ်တာတွေကို စိတ်ဆိုးပြီး သူ့ကို ဆိုးတဲ့ကလေး၊ရိုင်းတဲ့ ကလေးလို့ မစွဲမှတ်လိုက်ပါနဲ့။
ကိုယ်နေဟန်ထားက အဓိကကျပါတယ်ဆိုတာမမေ့ပါနဲ့နော်။ အခုက ကလေးကို ကြမ်းပေါ်လှိမ့် စိတ်တိုအော်ဟစ်သူ၊ပစ်ပေါက်တတ်သူအဖြစ် သတ်မှတ်ဖို့ မဟုတ်ပါ။ ဒါကို စည်းကမ်း နဲ့ တင်းတင်းကြပ်ကြပ် လုပ်ဖို့မဟုတ်ပါ။ ဒီအဆင့်မှာ က ကလေးရဲ့ အော်ငိုတာ၊ ရိုက်တာ၊ ပစ်ပေါက်တာတွေကို ဘာလို့ လုပ်တယ်ဆိုတာ နားမလည်တဲ့ အကြောင်း ကလေးကို သိစေတာပါ။ သူဒီနည်းသုံးပြီး လိုချင်တာ တောင်းလို့မရဘူးဆိုတာသိစေတာပါ။

ပထမအဆင့်မှာ ကလေး Tantrum ဖြစ်တာကို ဒီလို ပုံစံနဲ့ လိုချင်တာကိုပြောမှန်း နားမလည်းကြောင်း ကလေးကို ပြထားပြီးရင် ဒုတိယအဆင့်ကို လုပ်ပါမယ်။

ဒုတိယအဆင့်။ ဘာသာစကားနဲ့ ညင်သာမှုကိုတော့ နားလည်ကြောင်းပြခြင်း။

၁)ညင်ညင်သာသာ ဆက်ဆံတတ်အောင် သင်ပေးခြင်း။

တစ်နေ့တာပတ်လုံးမှာ ကလေးက ဖေဖေ၊မေမေကို ညီ၊ညီမ၊မောင်နှမတွေကို ၊အိမ်သားတစ်ယောက်ယောက်ကို ညင်ညင်သာသာကောင်းကောင်းမွန်မွန်ဆက်ဆံရင် ( သေးသေးလေးပေမယ့်) ချီးကျူးပေးပါ။ လက်ခုပ်တီးပြီး အားပေးပါ။ ခုန်ပေါက်ပျော်ရွှင်ပြပါ။ နည်းနည်းထူးဆန်းသလို ဖြစ်နေပေမယ့်အခု tantrum ဖြစ်နေတဲ့ ကလေးတွေ ဟာ ၁-၃နှစ်ဆိုတာ သတိရပါရှင်။ သူတို့ကို အဲလို မြူးမြူးကြွကြွ ခုန်ပေါက်ပြီး အားပေးပျော်ရွှင်ပြရင် စိတ်ဝင်စားပါတယ်။ပျော်ပါတယ်။ ပိုပြီးနားလည်ပါတယ်နော်။
ဥပမာ- ကလေးက ညီမလေးကိုအရုပ်လေးလှမ်းပေးတာမျိုး၊ (ရိုက်တတ်တဲ့ကလေးဆိုရင်) မေမေ ကို လာဖက်၊လက်လာကိုင်၊အာဘွာပေးတာမျိုးကို ထုတ်ဖော်ပြီး ဝမ်းသာပြပါ။
“သားလေး မေမေကို အဲလိုလေး ကိုင်တာ/ အာဘွားပေးတာ/ဖက်တာ မေမေ သိပ်ကြိုက်တာပဲ။ ပျော်လဲပျော်တယ်။ ချစ်တယ်နော်”
” သမီးလေးက ညီမလေးကို ရုပ်ရုပ် ယူပေး/ ကမ်းပေး လိုက်တာလား။ လိမ္မာလိုက်တာ” စသဖြင့် ပြောပေးပါ။ လက်ခုပ်လက်ဝါးတီးပြီး ပျော်ရွှင်ပြပါ၊ အခြေအနေက ပိုကြီးရင် ခုန်ပေါက်မြူးထူးနိုင်ပါသေးတယ်နော်။ဒီလို ပြောပြ၊ ဝမ်းသာပြပြီး ကလေးတွေကို ညင်သာမှုဟာ ပိုကောင်းတယ်ဆိုတာ သင်ပေးနေတာပါ။

၂)သူတို့ တစ်ခုခုပြောလာရင် သေသေချာချာ၊လှိုက်လှိုက်လှဲုလှဲု တုံ့ပြန်ပေးပါ။

ကလေးက ငိုပြီး၊ဂျီကျပြီး မဟုတ်ပဲ တစ်ခုခုပြောလာရင်၊ စကားလုံးရဲ့ အပိုင်းအစ၊မပီကလာပင်ဖြစ်ပါစေ ပြောလာရင် ” အင်း…..?” ” ပြီးတော့…” စသဖြင့် သူပြောချင်လာအောင် စိတ်ဝင်တစား စက္ကန့် အနည်းငယ်ကြာအောင် စောင့်နားထောင်ပေးပါ။ ပြီးရင် သူပြောနေတဲ့ အပိုင်းအစ လေးကို ပြည့်စုံအောင်ထောက်ပြပေးလိုက်ပါ။ ကလေးက စကားလုံးလေးတွေကြိုးစားထွက်လာရင် ( မှားနေ လွဲနေသော်လည်း) လက်ခုပ်တီးပျော်ရွှင်ပြပါ။ ခုန်ပေါက်မြူးထူးပြပါ။ ( ကျွန်မဆိုရင်တော့ တပတ်လည်ခုန်ပေါက်မြူးထူးပြပြီး သား စကားလုံး အသစ်ပြောတိုင်း အောင်ပွဲခံခဲ့ပါတယ် 😃) ဒါမှ စကားသိပ်မပြောတတ်သေးတဲ့ ကလေးက သူတစ်လုံးလောက် ကြိုးစားပြောတာဟာ ဘယ်လောက် သက်ရောက်မှုရှိလဲဆိုတာ သိသာစေပါတယ်။
တကယ်လို့ ကလေးတောင်းဆိုတာဟာ ဖေဖေ မေမေတို့ ပေးလို့မရတဲ့ အရာ ဖြစ်နေတယ်ဆိုရင် သူတောင်းဆိုတာကို အသိအမှတ်ပြု သေချာနားထောင်ပေးပါ။ ပြီးတော့ အစားထိုး တစ်ခုခု ကို ပေးပါ။
( ဒီနေရာမှာ ယူလို့မရဘူး။အဲဒါမရဘူး ။ မလုပ်နဲ့ စတာတွေ မပြောပဲ ကလေးက လိုချင်တာကိုပြောတတ်လာပြီဆိုတဲ့ အပိုင်းကိုပဲ အသိအမှတ်ပြု နားထောင်ပေးတာပါ။ ဒီပစ္စည်းက သူကိုင်လို့ရတယ် မရဘူးဆိုတာ ဒီအရွယ်ကလေး သေချာသိစရာမလိုပါဘူး။ တကယ်လို့ ငြင်းဆန်ပြီး” လုပ်လို့ မရဘူးလေ၊ ယူလို့မရဘူးလေ” အော်ငေါက်လိုက်ရင်တော့ စကားပြောဖို့ ကြိုးစားနေစ၊ခံစားချက်ကိုပြောဖို့ကြိုးစားနေစ ကလေးဟာ တုံ့ဆိုင်း ပြီး နောက်ပြောချင်စိတ် ပျောက်သွားပြီး သောင်းကျန်းမြဲ သောင်းကျန်းမှာပါ။ သူတို့နားလည်တာက လူကြီးတွေရဲ့ သူတို့ကို ဆက်ဆံပုံကိုသာ ဖြစ်ပါတယ်။ သူလိုချင်တာ ဘာလို့ သူကိုင်လို့ မရလဲဆိုတာလောက်ထိ ကလေးနားမလည်သေးပါဘူး။ဒါကြောင့် ပေးလို့ရတဲ့ တခြားတစ်ခုကို အစားထိုးပေးပြီး အာရုံပြောင်းတာပါ)

၃)တသတ်မတ်တည်းရှိပါစေ။

ဖေဖေ မေမေ တို့ဟာ လိုချင်တာကို စကားလုံးနဲ့ပြောတာနဲ့ ညင်သာမှု ကိုပဲ နားလည်တယ်။ ဖေဖေ မေမေတို့ ငိုပြီးတောင်းတာ၊ အာခေါင်ခြစ်အော်တာ၊ပစ်ပေါက်တာ၊ ရိုက်တာတွေကို နားမလည်ဘူး။ အဲလိုလုပ်လို့ စိတ်မလှုပ်ရှား ဘူးဆိုတာ ကလေးတွေ သိအောင်လုပ်တာပါ။ ဘယ်နေရာ၊ဘယ်အချိန် မဆို ဒီလိုပဲ တစ်သတ်မှတ်တည်းဖြစ်ရပါမယ်။
ဖေဖေက ဒီလိုလုပ်နေပြီး မေမေက ပြေးချော့တာမျိုး၊ ဆူငေါက်ရိုက်လိုက်တာမျိုး မဖြစ်သင့်ပါဘူး။ မေမေ က ဒီနည်းသုံးနေပေမယ့် ဘွားဘွားက သူအာခေါင်ခြစ်ငိုတာ မခံစားနိုင် သနားလို့ လုပ်ပေးလိုက်ရင်လည်း အကျိုးမထူးပါဘူး။ အလိုလိုက်တတ်တဲ့ အိမ်မှာဆို ကလေးက ဒီနည်းတွေသုံးပြီး ဆိုးတော့မှာပါ။ စကားနဲ့ ကောင်းကောင်းပြောဖို့ သူသင်ယူတော့မှာ မဟုတ်ပါဘူး။ ရိုက်ပြီး အပြစ်ပေးတတ်တဲ့ အိမ်က ကလေးဆိုရင်လဲ သူစိတ်ကျေနပ်မှု ရအောင် ဘယ်လို လုပ်ရမယ် ဆိုတာ မသိပဲ ပိုလို့ မကျေနပ် ရန်လိုလာတတ်ပါတယ်။ ဒါမှမဟုတ် ကိုယ်ဖြစ်ချင်တာကို ဘယ်လို ပြောရမှန်းမသိတဲ့ သိမ်ငယ်တဲ့ ကလေးဖြစ်လာနိုင်ပါတယ်။
Tantrum တအားဖြစ်နေချိန်မှာ မဆူရဘူး၊မတားရဘူး၊ချော့ပြီးအားလုံးလိုက်လျောတာလဲ မဖြစ်ရဘူး၊ နားမလည်သလို မသိချင်ယောင်ဆောင်နေရမယ် ဆိုပေမယ့် ကလေးက အရမ်းဆိုးပြီး ထုရိုက်တာတွေ မရပ်ရင်တော့ ခပ်လှမ်းလှမ်းသို့ ဖယ်နေရပါမယ်။ ထုရိုက်တာကို နားမလည် သလို ပြုလုပ်တာဟာ ဖေဖေ မေမေ တို့ အတင်း ဝင်ချော့ပြီး သူရိုက်သမျှခံဖို့ မဟုတ်ပါဘူးနော်။ အဲဒီလို သူစိတ်အေးတဲ့ အထိ ဖယ်နေတဲ့ နေရာမှာလဲ တည်တည်ငြိမ်ငြိမ် သက်တောင့်သက်သာရှိဖို့ အရေးကြီးလှပါတယ်။
” ဒီလောက်တောင်ပြောမရတာ နေဟယ်” ဆိုတဲ့ ဆောင့်ကြီးအောင့်ကြီးတော့ မဖြစ်သင့်ပါဘူး။ ကိုယ်နေဟန်ထား အဓိကပါ။
သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ဆံတဲ့ အတွက် ကလေးက စိတ်ပြေသွားရင် သူဒီလိုနည်းသုံးတာ မအောင်မြင်ဘူး။ ဒါပေမယ့် လူကြီးတွေက ငါ့ကို ဆူလဲ မဆူဘူး၊လိုချင်တာလဲ မရဘူး ၊ဒါပေမယ့် ဖေဖေ မေမေ ပုံစံက ငါ့ကို ဂရုစိုက်တဲ့ ပုံစံရှိနေသေးတယ်။ စသဖြင့် နားလည်လာပြီး ဖေဖေ မေမေ တို့နဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး လိမ္မာလာကြမှာပါ။ ကလေးလိမ္မာပြီး tantrum ပျောက်သွားတော့ အပျော်ဆုံးဟာလည်း ဖေဖေ မေမေ တို့ ပဲ ဖြစ်ကြမှာပါ။

ဒီနည်းလမ်းက စိတ်ရှည်ပြီး မိသားစုချင်းတိုင်ပင်ပြီး သေချာ လုပ်သင့်ပါတယ်။ မြန်ရင် သုံးရက် လောက်နဲ့ ကြာရင်တော့ တစ်ပတ်၊ဆယ်ရက် ဖြစ်နိုင်ပါတယ်။ ကလေးက ကိုယ်ပေးတဲ့ ဒီလို သောင်းကျန်းတာတွေ လုပ်ရင် လိုချင်တာမရဘူး။ စကားလုံးနဲ့ ပြောမှ ရမယ်ဆိုတဲ့ message ကို ရတဲ့ အထိ လုပ်ရမှာပါ။ စိတ်ရှည်ရပေမယ့် အကျိုးကတော့ ထူးလှပါတယ်။ အပြင် ဈေးဝယ်သွားတဲ့ အခါ၊ သူများအိမ် သွားလည်တဲ့အခါ၊ ခရီးသွားတဲ့အခါတွေမှာ အရမ်းကို လွယ်ကူပြီး စိတ်ချမ်းသာစရာကောင်းလာမှာပါ။
နားမလည်မလို မသိဟန်ဆောင်ပြရတာ * အော်တာ၊ရိုက်တာ၊ဆိတ်တာ၊ပစ်ပေါက်တာတွေ အတွက်သာ* သုံးရမှာပါ။ ကလေးအနာတရဖြစ်လို့၊ စိတ်ထိခိုက်ဝမ်းနည်းလို့ ငိုတာမျိုးဆိုရင်တော့ definitely သေချာပေါက် ချီပိုးချော့ရမှာပါရှင်။

ဖေဖေ မေမေ တို့ လိမ္မာတဲ့ သားသမီးလေးတွေနဲ့ စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေနော်။

မေတ္တာဖြင့်
ယုငယ်(နီတိုးလေးမေမေ)

#နီတိုးလေးမေမေ #ယုငယ် #မိခင်ဘဝ

Ref; Raun K.kman.
Photo; Internet.