ငါးသံပုရာပေါင်း (Steamed Threadfin Fish Fillet with Onion, Garlic, Ginger, Lime, and Thai Coriander) <7months-1year+>

သမီးလေးကို အပြောင်းအလဲအနေနဲ့ တစ်နှစ်ကျော်တုန်းက ကျွေးခဲ့သလိုမျိုး ငါးသံပုရာပေါင်းလေး ပြန်လုပ်ကျွေးကြည့်တာ ထမင်းစားအတော်မြိန်ပါတယ်။ သံပုရာသီးမကျွေးချင်ရင် ခရမ်းချဉ်သီးနဲ့ပေါင်းပါ။ ကျွန်မရဲ့သမီးလေးက သံပုရာသီးနဲ့ ပိုစားမြိန်တယ်။

**တစ်နှစ်အောက်ကလေးများ သံပုရာသီးမထည့်ဘဲ ပေါင်းကျွေးလို့ရပါတယ်။ ဂျင်းကိုလျှော့ထည့်ပါ။ ကလေး၁၀လအထက်ဆိုရင် နံနံပင်ဖတ်လေးတွေ ပါးပါးညှပ်ထည့်လို့ရပါပြီ။**
ငါးကို ဒီမှာကလေးတွေစားတဲ့ threadfin fish သုံးထားပါတယ်။ အရမ်းချိုပြီး အာဟာရပြည့်တဲ့ငါးပါ။ ကတ်ကတစ်ငါးနဲ့ ငါးကြင်းလည်း သုံးပါတယ်။ အရိုးနည်းအောင် အသားလွှာထားတာ ဝယ်လိုက်ရင် မေမေအလုပ်သက်သာပါတယ်။
ငါးသံပုရာပေါင်းအတွက်
ငါးကြင်း / ကတ်ကတစ်ငါး / threadfin fish / cod fish – စားနိုင်သလောက် တစ်တုံး (၇လ)
ကြက်သွန်နီ – အနေတော်တစ်လုံး၏တစ်ဝက် (၇လ)
ကြက်သွန်ဖြူ – တစ်မြွှာ (၇လ)
ဂျင်း – ပါးပါး၃ကွင်း (၈လ)
မြန်မာ/ထိုင်းနံနံပင် – တစ်ပင် (၁၀လ)
သံပုရာသီး – တစ်ခါညှစ်စာ သေးသေးတစ်စိတ် (1year+)
လိုအပ်ပါတယ်။

ပြုလုပ်ပုံ
ကြက်သွန်နီနဲ့ကြက်သွန်ဖြူကို အခွံနွှာ ရေဆေးသန့်စင်ပြီး နုပ်နုပ်စင်းပါ။ ဂျင်း၃ကွင်းစာလောက်ကို လှီးပြီး အခွံနွှာ ရေဆေးသန့်စင်ပြီး ပါးပါးလှီးထားပါ။

အဖုံးပါတဲ့ကြွေပန်းကန်လုံးထဲ ငါးတုံးထည့် ၊ ကြက်သွန်တွေနှံ့အောင်ထည့် ၊ ဂျင်းဖတ်လေးတွေအုပ် ၊
သံပုရာသီးညှစ်ထည့်ပါ။ အိုးတစ်လုံးထဲ ကြွေပန်းကန်လုံးတစ်ဝက်လောက် ရေထည့်။ ငါးထည့်ထားတဲ့ ကြွေပန်းကန်လုံးကို အဖုံးအုပ်ပြီးထည့်။ အိုးကိုအဖုံးအုပ်ပြီး မီးဖိုပေါ်မှာ ၁၅မိနစ်ခန့်ပေါင်းပါ။ ရေမဆူခင် မီးမြှင့်ထားပြီး ရေပွက်ပွက်ဆူလာရင် မီးအနေတော်နဲ့ပေါင်းပါတယ်။ ငါးကျက်ရင် နံနံပင်လေးအုပ်လိုက်ပါတယ်။ ငါးပေါင်းရည်လေးက ချဉ်ချဉ်လေး ၊ ငါးအသားကချိုချိုလေးနဲ့
စားမြိန်ပါတယ်။

ကလေးတို့ စားမြိန်ပြီး ကျန်းမာဖွံ့ဖြိုး ဥာဏ်ရည်တိုးကြပါစေ။

မေတ္တာဖြင့်
လင်းလက်ကြယ်စင်