ထိတွေ့ခံစားမှု အာရုံကြော အားနည်းတဲ့ ရောဂါ (Sensory processing Disorder)

ကျမတို့ဆီမှာ အသိနည်း အကြားနည်းနေသေးတဲ့ ပြဿနာတစ်ခုပါ။ ကျမစာစရေးတဲ့ လွန်ခဲ့တဲ့ ၂နှစ်ကထက်စာရင် မိဘတွေကြားမှာ sex education, autism စတာတွေ သိလာကြပြီဆိုတော့ ဒီတစ်ခါ ဒီခေါင်းစဉ်လေးကို Awareness ရအောင် ရည်ရွယ်ပြီး ရေးပါတယ်။

Sensory Processing Disorder (SPD) ဆိုတာ ဘာလဲ။

ကလေးတွေရဲ့ ဦးနှောက်ကလေးတွေက သူတို့ သိမြင်ထိတွေ့ရတဲ့ အာရုံတွေကို ကောင်းကောင်းလက်မခံနိုင် အလုပ်မလုပ်နိုင်ဖြစ်နေတာလို့ အလွယ်ဆုံးပြောလို့ရပါတယ်။ တနည်းအားဖြင့် အာရုံတွေကို ပိုသိပြီး မခံနိုင်ဖြစ်နေတာ (သို့မဟုတ်) အာရုံတွေကို သိပ်မသိဘဲ ထုံနေတာဖြစ်လေ့ရှိတယ်။ ရှိသမျှအာရုံတွေ (အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့) မှာ ဖြစ်တာမဟုတ်ဘဲ တစ်မျိုးတည်းကိုပဲ ထိခိုက်နေတာမျိုးလည်း ဖြစ်ပါတယ်။ ရောဂါဖြစ်နေတဲ့ ကလေးတွေဟာ ငယ်တုန်းမှာ ဂျီကျတဲ့ ကလေးမျိုးဖြစ်တတ်ပြီး အသက်နည်းနည်းကြီးလာတဲ့အခါ စိတ်လှုပ်ရှားစိတ်ဂဏာမငြိမ်တဲ့ ကလေးမျိုးဖြစ်လာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြားနေမြင်နေရတဲ့ အရာတွေက သူတို့ကို စိတ်အနှောက်အယှက်ပေးနေလို့ပေါ့။

ကလေးတိုင်းဟာ သူတို့ဘဝတလျှောက်မှာ တချိန်မဟုတ်တချိန် ဒီလက္ခဏာလေးတွေ ပြတတ်ပါတယ်။ ဒါပေမယ့် Autism/ADHD တို့လိုပဲ SPD ဖြစ်နေပြီလို့ ကောက်ချက်ချဖို့က တတ်ကျွမ်းနားလည်တဲ့သူနဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးမှ ရောဂါအမည်တပ်ရပါမယ်။ သူတို့လေးတွေရဲ့ လက္ခဏာတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝရှင်သန်ရေးအတွက်တောင် ထိခိုက်လာပြီ ခက်ခဲလာပြီဆိုရင် SPD ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။ ပြောင်းလဲမှု သေးသေးလေးတွေကိုတောင် လက်မခံနိုင်ဘဲ ခဏခဏငိုမယ်၊ tantrum လို့ခေါ်တဲ့ ဂျီကျသောင်းကျန်းခြင်းအားဖြင့် တုန့်ပြန်မယ်ဆို သတိထားစောင့်ကြည့်သင့်ပါတယ်

ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အထိအတွေ့အာရုံ ထိခိုက်ခြင်း
🔴 အာရုံကို ပိုသိနေခြင်း
(၁) ညစ်ညစ်ပတ်ပတ် ပေပွတဲ့ ကစားနည်းတွေကို မကစားချင်ဘူး။
(၂) ပွေ့ဖက်တာတွေ နမ်းတာတွေကို မကြိုက်ဘူး။ အနမ်းခံရတဲ့ နေရာကို ပွတ်သုတ်ပစ်တာမျိုးလုပ်မယ်။
(၃) အဝတ်အစားအသားကြမ်းတာ၊ ချုပ်ရိုးလေးတွေမာနေတာမျိုး မဝတ်ချင်ဘူး။
(၄) ရေမချိုးချင်၊ ခေါင်းမလျော်ချင်ဘူး။ ပင်လယ်ကမ်းခြေလိုနေရာမျိုးဆိုရင် မသွားချင်ဘူး။ ခေါင်းဖြီးတာ ဆံပင်ညှပ်တာ လုံးဝမကြိုက်ဘူး။
(၅) တစ်နှစ်အောက်ကလေးဘဝမှာ ချီရင် ငိုမယ်၊ ကော့ချမယ်။

🔵 အာရုံခံစားမှု အားနည်းနေခြင်း
(၁) ကိုယ့်ကိုယ်ကိုယ် ညစ်ပတ်ပေပွနေတာကို မသိဘူး။
(၂) ညစ်ပတ်တဲ့နေရာတွေကို တချိန်လုံး ထိကိုင်နေမယ်။
(၃) အခြားကလေးတွေနဲ့ ကစားတဲ့အခါ အရမ်းကြမ်းတမ်းမယ်။
(၄) ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်နာကျင်အောင် လုပ်မယ်။
(၅) သူ့ကို နာအောင်လုပ်လည်း ဂရုမစိုက်ဘူး။ ပစ္စည်းတွေကို တချိန်လုံး ဝင်တိုက်မိနေမယ်။

အကြားအာရုံ/ဟန်ချက်ထိန်းအာရုံ ထိခိုက်ခြင်း
🔴 အာရုံကို ပိုသိနေခြင်း
(၁) ပတ်ဝန်းကျင်မှာ နည်းနည်းကျယ်တဲ့အသံမျိုးလောက်ကို မခံနိုင်အောင်ဖြစ်မယ်။ ဥပမာ – ကားဟွန်းတီးသံ၊ ဆံပင်ခြောက်စက်မှုတ်သံ၊ အိမ်သာရေဆွဲချသံလောက်ကိုကြားရင် နားပိတ်ထားမယ်။ ဆူလွန်းတယ်လို့ စောဒကတက်မယ်။ သိပ်ဆိုးတဲ့အခါ အန်ချတာမျိုး၊ တနေရာရာမှာ သွားပုန်းနေတာမျိုးတွေအထိ ဖြစ်မယ်။
(၂) ကစားကွင်းတွေမှာ မဆော့ချင်ဘူး။ ဆူလွန်းတယ်လို့ ခံစားရလို့။
(၃) ပြုတ်ကျမှာ သိပ်ကြောက်တတ်တယ်။ လမ်းမညီရင်တောင် မလျှောက်ရဲဘူး။ (နားထဲက balance ထိန်းပေးတဲ့ နေရာလေး ပုံမှန်မဟုတ်လို့)
(၄) ရုတ်တရက် ကိုယ်နေဟန်ချက်မြန်မြန်ပြောင်းလိုက်ရတာ၊ လှည့်လိုက်ရတာမျိုး မလုပ်နိုင်ဘူး။
(၅) သိပ်ငယ်လွန်းတဲ့ကလေးတွေမှာ လန့်လွယ်တာမျိုး ဖြစ်မယ်။

🔵 အာရုံခံစားမှု အားနည်းနေခြင်း
(၁) ရုတ်တရက်လှည့်လိုက်ရတာ မြန်မြန်ဆန်ဆန်ပြေးပြေးလွှားလွှားလုပ်ရတာ အရမ်းကြိုက်မယ်။
(၂) ငြိမ်ငြိမ်ကလေးထိုင်မနေနိုင်ဘူး။ ထိုင်နေရရင်တောင် ကိုယ်အစိတ်အပိုင်းတစ်ခုခုကို အမြဲလှုပ်နေမယ်။
(၃) လေပေါ်ကိုမြှောက်ကစားတာ အရမ်းကြိုက်မယ်။
(၄) သူ့ကို စကားပြောရင် ချက်ချင်းမသိဘူး။ ခဏခဏ “ဘာပြောလိုက်တာလဲ”လို့ ပြန်မေးမယ်။

အရသာအာရုံ ထိခိုက်ခြင်း
🔴 အာရုံကို ပိုသိနေခြင်း
(၁) အစားချေးများမယ်။ အစာတစ်ခုခုအသစ်စားကြည့်ခိုင်းရင် အော့မယ်။ အန်ချမယ်။
(၂) သွားဆရာဝန်ဆီသွားဖို့ အရမ်းကိုကြောက်မယ်။
(၃) သွားတိုက်ရတာ လုံးဝမကြိုက်ဘူး။ သွားတိုက်ဆေးအရသာဆို မကြိုက်ဘူး။

🔵 အာရုံခံစားမှု အားနည်းနေခြင်း
(၁) မစားရတဲ့ ပစ္စည်းတွေကို စားမယ်။ လျှာနဲ့လျှောက်လျှက်မယ်။
(၂) အရသာပြင်းတဲ့ အစာတွေကို ကြိုက်မယ်။
(၃) သွားရည်အရမ်းကျမယ်။ အကျီင်္၊ ခဲတံ စတဲ့ပစ္စည်းတွေကို တချိန်လုံး ဝါးနေမယ်။

အနံ့အာရုံထိခိုက်ခြင်း
🔴 အာရုံကို ပိုသိနေခြင်း
(၁) ထမင်းဟင်းချက်တဲ့အနံ့ကို မခံနိုင်ဘူး။ ရေမွှေးနံ့မခံနိုင်ဘူး။
(၂) သူများမရတဲ့ အနံ့တွေကို ရနေပြီး နံတယ်လို့ စောဒကတက်မယ်။
(၃) အစားစားမယ်ဆို အရင်နမ်းကြည့်ပြီးမှ အနံ့ပေါ်မူတည်ပြီး စားမစားဆုံးဖြတ်မယ်။

🔵 အာရုံခံစားမှု အားနည်းနေခြင်း
(၁) နံ့တဲ့အနံ့တွေကို သတိမထားမိဘူး။
(၂) အနံ့တွေကို ခွဲခြားမသိဘူး။

အမြင်အာရုံထိခိုက်ခြင်း
🔴 အာရုံကို ပိုသိနေခြင်း
(၁) စူးတဲ့အလင်းရောင် နေရောင်ကို မခံနိုင်ဘူး။
(၂) မျက်လုံးချင်းဆုံဖို့ ရှောင်တတ်တယ်။
(၃) အရောင်တောက်တောက်တွေကို မကြိုက်ဘူး။ အရောင်တောက်တောက်သုတ်ထားတဲ့ အခန်းထဲရောက်ရင် အငြိမ်မနေနိုင်ဖြစ်မယ်။

🔵 အာရုံခံစားမှု အားနည်းနေခြင်း
(၁) ရွေ့လျားနေတဲ့ ပစ္စည်းလေးတွေကို လိုက်မကြည့်တတ်ဘူး။
(၂) ပုံစံတူ စာလုံးတွေကို မခွဲတတ်ဘူး။
(၃) စာဖတ်စာရေးတဲ့အခါ ကိုယ်ဘယ်စာကြောင်း ရောက်နေပြီလဲ မသိတော့ဘဲ ခဏခဏလွဲမှားတာတွေ ဖြစ်မယ်။

ကျမပြောသလိုပဲ ဒီရောဂါမျိုးတွေဟာ (Autism/ADHD တို့လိုပဲ) လက္ခဏာ တစ်ခုနှစ်ခုလောက်တွေ့ရရုံနဲ့ ရောဂါဖြစ်နေပြီလို့ ပြောလို့မရတဲ့ ရောဂါတွေပါ။ လေထဲကို မြှောက်ကစားတာသိပ်ကြိုက်တဲ့ ကလေးတွေ အများကြီးရှိသလို ဆံပင်ညှပ်တာမကြိုက်တဲ့၊ သွားဆရာဝန်ကို ကြောက်တဲ့ ကလေးတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် အပေါ်ကအချက်တွေ ပျောက်သင့်တဲ့ အချိန်မှာ မပျောက်ဘူး။ အချက်အတော်များများ ကလေးဆီမှာ ရှိနေမယ်။ သူ့ရဲ့ နေ့စဉ်ဘဝ ရှင်သန်ဖို့ကိုတောင် ခက်ခဲရလောက်အောင် အနှောက်အယှက်ပေးနေမယ်ဆိုရင် သတိထားစောင့်ကြည့်ပြီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကုသမှုကလည်း သိမ်မွေ့နူးညံ့ပါတယ်။ ဒါမျိုးဟာ ဆေးသောက်ဆေးထိုးလုပ်လို့ရတဲ့ ရောဂါမျိုးမဟုတ်ပါဘူး။ Occupational therapy/physical therapy စတဲ့ ကုထုံးတွေနဲ့ စိတ်ရှည်ရှည်ကုရတဲ့ ရောဂါတွေပါ။ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကုထုံးလည်း မတူနိုင်ပါဘူး။ သူ့လိုအပ်ချက်ပေါ်မူတည်ပြီး လိုတိုးပိုလျော့ ကုသရမယ့် ပြဿနာတွေဖြစ်ပါတယ်။ Therapist တွေနဲ့ ကုသလို မိဘတွေကလည်း အိမ်မှာ ကလေးရဲ့လိုအပ်ချက်ကို ကြည့်ပြီး အချိန်နဲ့အမျှ ကူညီကုသပေးမှ အောင်မြင်ပါလိမ့်မယ်နော်။