မတူညီတဲ့ အုပ်ထိန်းမှု ပုံစံများ

မိဘတွေအနေနဲ့ ကလေးတွေကိုအုပ်ထိန်းကြတဲ့နည်းက အခြေခံအားဖြင့် လေးမျိုးရှိတယ်။

(၁) အာဏာရှင်ဆန်တဲ့အုပ်ထိန်းနည်း (Authoritarian parenting)
(၂) စည်းစနစ်ကျတဲ့အုပ်ထိန်းနည်း (Authoritative parenting)

(၃) အထိန်းအကွပ်လျော့ရဲပြီး အလိုလိုက်တဲ့နည်း (Permissive parenting)

(၄) သိပ်ဂရုစိုက်မှုမရှိတဲ့နည်း (Uninvolved parenting) ဆိုပြီးတော့ပေါ့။

နံပါတ် (၁) ဖြစ်တဲ့ အာဏာရှင်ဆန်တဲ့အုပ်ထိန်းနည်း မှာဆိုရင် ကလေးတွေဟာ မိဘတွေချထားတဲ့ အရမ်းတင်းကျပ်တဲ့စည်းကမ်းတွေကို သေချာလိုက်နာရတယ်။ မလိုက်နာခဲ့ရင် ဒဏ်ပေးခံရတယ်။ အဲဒီလိုမိဘတွေဟာ ဒီစည်းကမ်းတွေကို ဘာကြောင့်သတ်မှတ်ထားပါတယ်ဆိုတာလဲ သေချာကောင်းကောင်းမွန်မွန်ရှင်းမပြကြဘူး။ “ဘာကြောင့်လဲ” လို့ ကလေးတွေကမေးရင် “အေး .. ငါအဲဒီလိုသတ်မှတ်ထားလို့ပဲ” ဆိုပြီး ပြန်ပြောတတ်တယ်။ အဲဒီလိုမိဘတွေဟာ ကလေးတွေကို ဒါဖြစ်ရမယ်၊ ဒါလုပ်ရမယ်စသဖြင့် သူတို့လုပ်စေချင်တာ၊ ဖြစ်စေချင်တာတွေအရမ်းများပေမယ့် ကလေးတွေကိုတော့ ကောင်းကောင်းမွန်မွန် သင်ပေးတာတွေ ပြောပြတာတွေ လုပ်လေ့မရှိဘူး။

ဒီနည်းအားဖြင့် အုပ်ချုပ်ခံရတဲ့ကလေးတွေဟာ နာခံမှုနဲ့ သူလုပ်ရမယ့်အလုပ်မှာ ကျွမ်းကျင်မှုတော့ရှိပါတယ်။ ဒါပေမယ့် ဘဝမှာ သူများတွေလောက် ပျော်ပျော်ရွှင်ရွှင်မနေတတ်ဘူး။ ပေါင်းသင်းဆက်ဆံရေးအားနည်းတယ်။ မိမိကိုယ်ကိုယုံကြည်မှု၊ အထင်ကြီးမှု အားနည်းတယ်။

နံပါတ် (၂) ဖြစ်တဲ့ စည်းစနစ်ကျတဲ့အုပ်ထိန်းနည်းဟာဆိုရင် အပေါ်မှာပြောခဲ့တဲ့ အာဏာရှင်အုပ်ထိန်းသူတွေလို စည်းကမ်းတွေတော့ သတ်မှတ်တယ်။ သူတို့ကလေးတွေကိုလဲ စည်းကမ်းလိုက်နာရမယ်လို့ ပြောထားတယ်။ ဒါပေမယ့် ဒီအုပ်ထိန်းသူမျိုးနဲ့ အပေါ်မှာပြောခဲ့တဲ့ အာဏာရှင်အုပ်ထိန်းသူတွေမှာ ကွာခြားချက်အကြီးကြီးတစ်ခုက ဒီအုပ်ထိန်းသူတွေဟာ သူတို့ကလေးတွေကို ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံတယ်။ သေချာရှင်းပြတယ်။ အပြန်အလှန်လေးစားမှုရှိတယ်။ ကလေးတွေက မိဘဖြစ်စေချင်တဲ့အတိုင်းမဖြစ်ရင်လဲ အပြစ်ပေးဖို့ထက် စိတ်ရှည်ဖို့၊ ခွင့်လွတ်ဖို့ကို ရွေးချယ်တတ်တယ်။ ဒီအုပ်ထိန်းမှုပုံစံက ပိုပြီးမျှတတယ်။ ဒီမိုကရေစီဆန်တယ်။ ဒီမိုကရေစီဆန်တယ်ဆိုတဲ့နေရာမှာ ဘယ်လိုလဲဆိုတာရှင်းပြရရင် ကလေးတွေက ကိစ္စတစ်ခုအပေါ်မှာ သူတို့ဆန္ဒကဘယ်လို သူ့တို့အမြင်ကဘယ်လိုဆိုတာ ပြောပြခွင့်ရှိတယ်။ မိဘကလဲ အရေးတယူနားထောင်ပေးတယ်။ ထည့်စဉ်းစားပေးတယ်။ တကယ့်တကယ်ဆုံးဖြတ်ချက်ချပိုင်ခွင့်ကတော့ မိဘဆီမှာရှိတယ်။ မိဘတွေအနေနဲ့ ကလေးတွေက သူတို့ကို ကြောက်တာထက် ရိုသေလေးစားတာကို လိုလားတယ်။ ဒီလိုမိဘတွေဟာ ကိုယ်ထိလက်ရောက်ဆုံးမခြင်းမျိုး မလုပ်ဘူး။ ကလေးတွေကို မရိုက်ဘူး။ ကလေးက အမှားတစ်ခုခုလုပ်မိရင် သူလုပ်လိုက်တဲ့အမှားရဲ့ နောက်ဆက်တွဲအနေနဲ့ ဘယ်လို အကျိုးဆက်တွေဖြစ်တယ်ဆိုတာကို သင်ပြ ထောက်ပြပေးလေ့ရှိတယ်။

ဒီလိုအုပ်ထိန်းနည်းမျိုးနဲ့ကြီးပြင်းလာတဲ့ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ ပျော်တတ်တဲ့ သူတွေဖြစ်လာတယ်။ မိမိကိုယ်မိမိ တာဝန်ယူတတ်တယ်။ စိတ်တည်ငြိမ်တယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။

နံပါတ် (၃) အထိန်းအကွပ်လျော့ရဲပြီး အလိုလိုက်တဲ့မိဘတွေကတော့ ကလေးတွေကို ဘာစည်းကမ်းသတ်မှတ်ချက်မှ သိပ်မထားဘူး။ အဲဒီလိုမိဘတွေက ကလေးကိုဆုံးမသွန်သင်တယ်ဆိုတာလဲ နည်းတယ်။ သူတို့က ကလေးရဲ့ရင့်ကျက်မှု၊ စိတ်ထိန်းနိုင်မှု၊ တာဝန်ယူတတ်မှုစတာတွေ ကလေးမှာရှိရှိမရှိရှိ သိပ်ဂရုမစိုက်ဘူး။ ဒီလိုမိဘတွေကျတော့ ကလေးကို မိဘတွေအနေနဲ့ဖြစ်စေချင်တာ လုပ်စေချင်တာရယ်လို့ ဘာမှသိပ်မပြောပဲ ကလေးက ဘာလိုချင်လဲ ဘာဖြစ်ချင်လဲဆိုတာပဲ ထည့်စဉ်းစားနေကြတဲ့သူတွေဖြစ်တယ်။ ကလေးက သူ့အရွယ်နဲ့သူ ရင့်ကျက်ဖို့၊ သူများတွေအတွက် ထည့်စဉ်းစားပေးတတ်ဖို့တွေဘာတွေ မသင်ပေးဘူး။ ဒီလိုမိဘမျိုးဟာ အရမ်းတော့ ညင်သာပါတယ်။ သားသမီးတွေအပေါ်မှာလဲ ရင်းရင်းနှီးနှီးပြောဆိုပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့မိဘဆိုတာထက် သူငယ်ချင်းလိုပိုဖြစ်နေတတ်တယ်။

ဒီနည်းအားဖြင့် ကြီးပြင်းလာတဲ့ကလေးတွေဟာ စည်းကမ်းမရှိဘူး။ စည်းနဲ့ကမ်းနဲ့မနေတတ်ဘူး။ သူများတွေအတွက်မစဉ်းစားပေးတတ်လို့ အဆင်မပြေဘူး။ အလိုလိုက်ခံရလို့ ပျော်ကြမယ်မထင်ပါနဲ့။ ရေရှည်မှာ မပျော်တတ်ကြဘူး။ ကျောင်းမှာလဲ စည်းကမ်းမလိုက်နာတာ၊ ဆရာဆရာမကို မနာခံတာ၊ စာမလုပ်တာ စသဖြင့် ဖြစ်ကြတယ်။

နံပါတ် (၄) သိပ်ဂရုစိုက်မှုမရှိတဲ့မိဘတွေကလဲ တမျိုး။ ဒီလိုမိဘတွေက ကလေးတွေကို ဘာဖြစ်စေချင်တယ် ညာဖြစ်စေချင်တယ်ဆိုတာလဲ မရှိဘူး။ ကလေးတွေနဲ့ ရင်းရင်းနှီးနှီးစကားပြောဆိုတာလဲ အရမ်းနည်းတယ်။ သူတို့ဟာ ကလေးတွေရဲ့ စားဝတ်နေရေးအခြေခံလိုအပ်ချက်တွေကို ဖြည့်စည်းပေးပေမယ့် ကလေးတွေရဲ့ဘဝထဲမှာ ပါဝင်ပတ်သတ်တာမျိုးသိပ်မရှိပဲ ယေဘုယျအားဖြင့် ကလေးနဲ့သံယောဇဉ်သိပ်မတွယ်ကြပဲ အနေစိမ်းကြတယ်။ ဒီလိုမိဘတွေထဲက တော်တော်ဆိုးတဲ့သူတွေဆိုရင် ကလေးတွေရဲ့ စားဝတ်နေရေးကိုတောင် ဂရုမစိုက်ဘူး။ စိတ်မဝင်စားဘူး။ ပစ်ထားတဲ့သဘောပေါ့။

ဒီလိုမျိုး ကလေးတွေကို သိပ်ဂရုမစိုက်တဲ့နည်းကတော့ အဆိုးဆုံးပါ။ ဒီလိုနည်းနဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ ကိုယ့်စိတ်ကို မထိန်းနိုင်ဘူး။ ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးဘူး။ သူတို့နဲ့ရွယ်တူတွေထဲမှာ သူတို့က အမြဲသိမ်ငယ်နေတတ်တယ်။

အဆုံးသတ်အားဖြင့်ပြောရရင် ကလေးတွေဘယ်လိုကြီးပြင်းလာမလဲဆိုတာ မိဘက ဘယ်လိုအုပ်ထိန်းသလဲဆိုတဲ့အပေါ်မှာ အများဆုံးမူတည်နေပါတယ်။ အုပ်ထိန်းမှုပုံစံ နံပါတ်-၂ ကတော့ အအောင်မြင်ဆုံးနဲ့ အကောင်းဆုံး result တွေ အများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အခြားအရေးကြီးတဲ့အကြောင်းအရာများဖြစ်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ မိဘအပေါ် ကလေးရဲ့အမြင်၊ ဘေးကလွှမ်းမိုးမှုတွေကလဲ ကလေးတစ်ယောက်ရဲ့အပြုအမူတွေအပေါ် အများကြီးအရေးပါတယ်ဆိုတာ သတိပြုရပါမယ်။

Aye Aye Myo Set (Jessica Mozart)

ကိုးကား
http://psychology.about.com/
http://www.parents.com/