အချိန်တန် အရွယ်ရောက်အိမ်ထောင်ကျပြီး သားသမီး ယူကြမယ့် ကျွန်မတို့ဟာ ကိုယ့်သားသမီး ဝမ်းဗိုက်ထဲမှာ သန္ဓေစတည်တဲ့ အချိန်ကစလို့ စိတ်လှုပ်ရှား ပျော်ရွှင်ကြပါတယ်။ မျှော်လင့်ချက်တွေ၊ ရည်ရွယ်ချက်တွေ မမြင်ရသေးတဲ့ ကိုယ့်ရင်သွေးလေးပေါ်မှာ ထားကြတယ်။ ကိုယ့်ရင်သွေးလေးကို အကောင်းဆုံးတွေချည်း ဖြစ်စေချင်တယ်။ လုပ်ပေးချင်ကြတယ်။ အလွန်ချစ်စရာကောင်းတဲ့ သဘာဝတရားပေါ့။
ကိုယ်ဝန်နဲ့ကတည်းက လိုက်နာရမှာတွေ လိုက်နာတယ်။ ဗဟုသုတတွေ ရှာဖွေဖတ်တယ်။ ကလေးလေးကို ကျန်းမာစေချင်လွန်းလို့ အာဟာရပြည့်တာတွေစားတယ်။ အတော်ဆုံး အကောင်းဆုံး ဆရာဝန်မှာအပ်တယ်။ အားဆေးတွေစားတယ်။ အရမ်းကြိုက်ပေမယ့် ကိုယ်ဝန်နဲ့ဆိုတော့ မသင့်တော်တာတွေဆို ရှောင်တယ်။ ကော်ဖီလေးတောင် မတည့်လို့ ရှောင်ရတယ်။ တချို့မေမေတွေဆို alcohol၊ဆေးလိပ် နည်းနည်းပါးပါးသောက်တတ်ခဲ့ရင်တောင် ကိုယ့်ရင်သွေး ထိခိုက်မှာ စိုးရိမ်လို့ ဖြတ်ကြတယ်။ ဖေဖေတွေဆိုရင်လည်း ကိုယ်ဝန်ဆောင်မိန်းမနားမှာ ဆေးသိပ်သောက်တာတွေ ရှောင်ကြတယ်။ အကောင်းဆုံးဆေးရုံမှာ မွေးကြတယ်။ရင်သွေးလေးကို မမြင်ရခင်ကတည်းက တုန်နေအောင် ချစ်ကြတယ်။ ရင်သွေးလေး ကျန်းမာဖို့၊ ထက်မြက်ဖို့၊ လိမ္မာဖို့ ကို ကိုယ်ဝန်ဆောင်ကတည်းက ရှောင်သင့်တာတွေရှောင်ပြီး လုပ်သင့်တာတွေ အားလုံးလုပ်ကြတယ်။ ကိုယ့်မှာရှိတဲ့ အကျင့်ဆိုး၊အကြိုက်ဆိုးတွေဆိုရင်လည်း ကြိုးစားပြီးပြုပြင်ကြတယ်။
မမွေးသေးတဲ့ ကလေးလေး ဉာဏ်ကောင်းအောင် ဖြည့်စွက်အားဆေးတွေစားကြတယ်။ကိရိယာတွေ ဝယ်သုံးတယ်။ classical music တွေ ကလေးကို ပေးနားထောင်တယ်။ စာဖတ်ပြတယ်။ ဉာဏ်ရည်တိုးမယ့် အစားအသောက်တွေ ရွေးချယ်စားကြတယ်။ ကျန်းမာတဲ့ ကလေးတွေ ဖြစ်အောင် မိခင်လောင်းတွေဟာ လေ့ကျင့်ခန်းတွေလုပ်ကြတယ်။ လိမ္မာတဲ့ကလေးလေးတွေ ဖြစ်အောင် မိခင်လောင်းတွေဟာ ရုပ်ရှင်ကြည့်ရင်တောင် ရန်ဖြစ်ခန်းမကြည့်ဘူး။ကလေးလေး နူးညံ့တတ်အောင် အေးအေးဆေးဆေး စိတ်ချမ်းသာစွာနေထိုင်တယ်။ meditate လုပ်တယ်။
ကလေးလေးကို သူလေးရဲ့ ဘဝတစ်လျောက်ကောင်းမွန် အောင်နေ့ကောင်းနေ့မြတ်မှာ မွေးစေချင်တယ်။ ဒါကြောင့် ဗေဒင်တွက်ပြီး နေ့နံ အတိအကျနဲ့ ကောင်းတဲ့ရက်မှာ ခွဲပြီးမွေးကြပါတယ်။ မိခင်လောင်း၊ ဖခင်လောင်းတွေက အရင်ကထက်ပိုပြီး ဘာသာတရားကိုင်းရှိုင်းလာကြတယ်။ သားကောင်းသမီးလိမ္မာလေးတွေ ရရှိနိုင်ဖို့ မိမိတို့ ကိုးကွယ်ရာ ဘာသာရေးလေးတွေ အရင်ကထက် ပိုလုပ်လာတတ်ကြတယ်။ သားကောင်းရတနာ ဂါထာရွတ်တာတွေ၊မေတ္တာပို့တာတွေ ၊ ဘုရားရှိခိုး၊ အလှုအတန်းလုပ်တာတွေ၊ဘုရားကျောင်းသွားတာတွေ ပိုလုပ်လာတယ်။ ကိုယ့်သွေးသားလေးတွေကို လိမ္မာစေချင်၊ကောင်းစေချင်တဲ့ မိဘတွေရဲ့ ဆန္ဒအတ္တလေးတွေပါ။ အစားအသောက်ကောင်း၊နေရာထိုင်ခင်းကောင်း၊ ဆေးဝါးကောင်း၊စိတ်ထားကောင်း ၊ နေ့ကောင်းနေ့မြတ်တွေမှာ ကြိုတင် စီစဉ်ပြီး မွေးဖွားလာမယ့် ကလေးလေးတွေက အကောင်းချည်းစုနေတော့တာပေါ့။
ဒါပေမယ့်….
မွေးဖွားပြီးတဲ့အခါ ကလေးကို ပြုစုစောင့်ရှောက်မှု၊ သင်ကြားပေးမှုတွေကလည်း အရေးကြီးလှပါတယ်။ အတတ်ပညာ တစ်ခုဟာ ဆုတောင်းပြီး စေတနာ အပြည့်ထားရုံနဲ့ တတ်မလာနိုင်ပါဘူး။ ကျန်းမာအောင်လည်း ဆုတောင်းပေးရုံနဲ့ ၁၀၀% မကျန်းမာနိုင်ပါဘူး။ လိမ္မာအောင်လည်း မျှော်လင့်နေရုံနဲ့ ကလေးက မလိမ္မာလာပါဘူး။ဉာဏ်ကောင်းအောင် အားဆေးတိုက်ပေမယ့် ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ ကစားနည်းတွေ၊အတွေ့အကြုံတွေ၊ လှုပ်ရှားမှုတွေ လုပ်ခွင့်မရဘူးဆိုရင် ဆေးတစ်ခုတည်းက ကလေးကို ဉာဏ်ကောင်းအောင် လုပ်မပေးနိုင်ပြန်ပါဘူး။
ဥပမာ- ကျောင်းကြီးတက်မယ့် သား/သမီး ကျောင်းမှာ အဆင်ပြေအောင် နေ့တိုင်းဆုတောင်းပေးရုံနဲ့ ကလေးဟာ အလိုလို အဆင်မပြေပါဘူး။ ကျောင်းမတက်ခင် ကျောင်းကြီးရဲ့ သဘောသဘာဝကို ကြိုပြောပြထားမယ်။ ကျောင်းမှာ တွေ့ရနိုင်မယ့် အခြေအနေတွေကို ကြိုတင်ပြီး ပြောပြ သင်ပြထားပေးမယ်။ ဆောင်ရန် ရှောင်ရန် စည်းကမ်းလေးတွေ ကြိုပြီး ပြောပြထားပေးမယ်ဆိုရင် ကလေးဟာ သူကျောင်းကြီးမှာ ကြုံတွေ့ရမယ့် အခြေအနေတွေအတွက် အရမ်းကြီး ခံစားချက်နဲ့အတွေ့အကြုံ အသစ်မဖြစ်ပဲ ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်မှာပါ။ ပတ်ဝန်းကျင် အပြောင်းအလဲကာလလေးကို ကလေး ချောမွေ့စွာ ဖြတ်သန်းနိုင်ဖို့ လုပ်ပေးသင့်တာကို လုပ်ပေးထားရမှာပါ။
ကလေးကို အရွယ်အလိုက် ပံ့ပိုးသင်ကြားမှုတွေ လုံလောက်စွာ မပေးဘူး၊ ဖွံ့ဖြိုးမှု မှတ်တိုင် တိုင်းကို ရောက်အောင် လေ့ကျင့်သင်ကြားပေးမှု ၊ ကစားပေးမှု အားနည်းမယ်၊ ကလေးကို ( quality time spent ) အချိန်သိပ်မပေးဘူး။ နွေးထွေးစွာ ချစ်ခင်မှု အားနည်းမယ်။ ကလေးမေးသမျှ မေးခွန်းကို စိတ်ရှည်စွာ မဖြေပေးဘူး။ အရမ်းဆော့တဲ့ အရွယ်ရောက်လာရင် စည်းကမ်းလုပ်တဲ့ အချိန်မှာလည်း positive discipline မရှိဘူး။ အမြဲ ဆူပူ ရိုက်နှက်နေမယ်။ အားပေးမယ့်အစား ဝေဖန်မယ်။ တိုက်တွန်းမယ့်အစား အမိန့်ပေးမယ်။ကလေးနဲ့ အချိန်ပေးပြီး ကလေးရဲ့ ခံစားချက်တွေကို နားလည်အောင် မလုပ်နိုင်ဘူး ။ အဖေနဲ့ အမေက နေ့တိုင်း ကလေးရှေ့မှာ ရန်ဖြစ်နေမယ်။ ကလေးကို ကိုယ့်ရဲ့ ဘဝအမောတွေကြောင့် အချိန်မပေး၊ ဆူပူနေမယ်။ နင့်အဖေက ဘယ်လိုမကောင်းတာ၊ နင့်အမေက ဘယ်လို ညံ့တာ စသဖြင့် ကလေးရဲ့စိတ်ဓါတ်ရေးရာထိခိုက်နိုင်တာတွေနေ့တိုင်းနီးပါး ပြောဆိုနေမယ် ၊ သူများနဲ့ နှိုင်းယှဉ် ဆုံးမမယ်ဆိုရင် ဒီကလေးက ကံကောင်းတဲ့ ကလေးလို့ပြောဖို့ရာ ခက်သွားပါပြီ။Bad Parenting ပါ။ ဘယ်နေ့ရက်မှာပဲမွေးမွေး ကိုယ့်ဘဝရဲ့ နေ့စဉ်နေ့တိုင်း ကံကောင်းနေအောင် ကိုယ်ကိုယ်တိုင် ဖန်တီးယူရတာပါ။နေ့ကောင်းသတ်မှတ်ပြီးမွေးထားတဲ့ ကိုယ့်ရင်သွေးရဲ့ ကံဇာတာနဲ့ ဘဝ ကောင်းမွန်နေနိုင်အောင် မိဘဖြစ်သူတွေကလည်း တစ်ဖက်တစ်လမ်းက ကိုယ့်ရဲ့ မိသားစုဘဝ သာယာစွာနေထိုင်ခြင်းဖြင့် ဖန်တီးပေးမှရမှာပါ။
နေ့ဖွား သိပ်မကောင်းတဲ့ သမီးလေးဖြစ်ပေမယ့် သူမရဲ့ မိဘတွေက သမီးလေးကို ဘာဖြစ်ဖြစ်ဘယ်လိုအခြေအနေဖြစ်ဖြစ် unconditionally ချစ်ပြီး နွေးနွေးထွေးထွေး ဆက်ဆံမယ်၊ ဘဝမှာ အကောင်းမြင်တတ်ဖို့ ကြိုးစားတတ်ဖို့ သင်ပေးမယ်၊ positive parenting နဲ့ ထိန်းကျောင်းမယ်၊ သူများနဲ့နှိုင်းယှဉ်ပြီးမပြောဘူး၊ ချစ်ခင်ထွေးပွေ့ ယုယမှုပေးမယ်ဆိုရင် ကလေးဟာ မေတ္တာတရားကြီးတဲ့ ကြင်နာတတ်တဲ့ ချစ်တတ်တဲ့ ကလေးဖြစ်လာနိုင်ပါတယ်။ကလေးဆိုတာ သနားကြင်နာမေတ္တာထားမှုတွေကို သူဆက်ဆံခံရတဲ့ အပြုအမူကနေ သင်ယူလို့ပါ။ ဒီသမီးလေးဟာ သူမဘဝမှာ သူမ နေတတ်မှာပါ၊ အောင်မြင်မှာပါ၊အကောင်းမြင်တတ်မှာပါ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မှာပါ။ကလေးနဲ့ အပြန်အလှန် လေးစားရင်းနှီးမှုရှိတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံလို့ ယုံကြည်မှုရှိတဲ့ ကလေး ဖြစ်လာနိုင်ပါတယ်။ သူမရဲ့ မိဘတွေက happy wise parent တွေဖြစ်နေလို့ ဒီမိဘတွေနဲ့ နေခွင့်ရတဲ့ ဒီသမီးလေးဟာ ကံကောင်းတာပါ။
***အထက်ကပြောတဲ့ ကြိုတင်ပြင်ဆင်မှုတွေ ၊ နေ့ကောင်းနေ့မြတ်ရွေးမှုတွေ၊ မေတ္တာပို့ကောင်းမှုလုပ်မှုတွေဟာ မိဘတွေရဲ့ စိတ်ခွန်အား(will power) ကိုဖြစ်စေပြီး ဖြူစင်ကြည်လင်နေတဲ့ စိတ်နဲ့ ကလေးကို မွေးဖွားပြုစုဖို့ရာ အားပေးအထောက်အကူပြုပါတယ်။စိတ်ထားကောင်းနဲ့ လုပ်တဲ့ အလုပ်တွေမှန်သမျှကောင်းဖို့ရာချည်းပါပဲရှင်။ ပြုလုပ်ရမှာပါ။ ***
ဒါပေမယ့် မိခင်ဖခင်တို့ဟာ ကလေးတို့ကို unconditionally ချစ်ဖို့၊ကလေးတို့ရဲ့ စိတ်လိုအပ်ချက်လေးတွေကိုလည်း လေ့လာပြီး ကလေးတို့ကို နားလည်ပေးဖို့၊ positive discipline ဖြစ်ဖို့၊ လက်တွေ့ကျတဲ့ parenting လေးတွေကိုလည်း ကျင့်သုံးဖို့၊ လိုအပ်တဲ့ စူးစမ်းလေ့လာ သင်ကြားခွင့်တွေ ပေးနိုင်သမျှပေးဖို့လည်း အရမ်းကို လိုအပ်ပါတယ်။ ကလေးတွေဟာ ဖယောင်းလေးတွေလိုပဲ သူတို့ ဆက်ဆံခံရတဲ့ ပုံစံ၊ သင်ကြားခံရတဲ့ ပုံစံအတိုင်း ဖြစ်လာကြတာပါ။
သားလေး လိမ္မာတာ ၊ သမီးလေးလိမ္မာတာ တကယ်တော့ အဲဒီ သားလေးသမီးလေးတွေရဲ့ ဖေဖေ မေမေတွေ ထိန်းကျောင်းပုံ တော်လို့၊ ကိုယ်တိုင် လိမ္မာကြလို့ပါ။ ဖေဖေ မေမေတို့ ကိုယ်တိုင်က သားလိမ္မာ၊ သမီးလိမ္မာလေးတွေကို ဖန်တီးယူလို့ ရနေပါတယ်။ သူတို့လေးတွေကိုလည်း ကိုယ်ဘဝ ကိုယ်ဘာသာ တည်ဆောက်နိုင်မယ့် စိတ်ဓါတ်ခွန်အားကို ဖေဖေ မေမေတို့ ကိုယ်တိုင် သူတို့ ရင်ထဲကို ထည့်ပေးလို့ရတဲ့ အနေအထားမှာ ရှိနေတာပါရှင်။
အားလုံးပဲ ပျော်ရွှင်တဲ့ မိသားစုဘဝများ ဖန်တီးနိုင်ကြပါစေ။
မေတ္တာဖြင့်
နီတိုးလေးမေမေ( မိခင်ဘဝ)
( အတွေးအပိုင်းအစများ)
#နီတိုးလေးမေမေ #မိခင်ဘဝ
Photo; Internet