နှမ်းဆီမွှေး ငါးပေါင်း
|ဥာဏ်ကြီးရှင်မဂ္ဂဇင်း Sep 2017 လထုတ်မှာ ဖော်ပြခဲ့ဖူးသော ဟင်းအတွဲထဲမှ တစ်မျိုးလေး တင်ပေးပါမယ်။ စာမူကြီးက ရှည်လို့ တစ်မျိုးချင်းစီ ခွဲပြီးတင်ပေးပါမယ်။ ၁နှစ်အထက် မတ်တပ်ပြေးကဏ္ဍအတွက် ရေးပေးခဲ့တာပါ။ တစ်နှစ်အောက် ကလေးများ ၈လမှ၁၀လဝန်းကျင်လေးများအတွက
*နှမ်းဆီမွှေး ငါးပေါင်း*
ပါဝင်သောပစ္စည်းများ
– ငါးကြင်း (သို့) ကက်ကတစ် အလယ်သား အတုံးကြီးတစ်တုံး
– ကြက်သွန်ဖြူ ၃မြွှာ
– ဂျင်း ပါးပါး ၄ကွင်း
– စပါးလင် တစ်ချောင်း
– နှမ်းဆီ စားပွဲဇွန်းတစ်ဇွန်း
– သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း
– ကြက်သွန်မြိတ် အနည်းငယ်
– ဆား အနည်းငယ် (1year+)
– နနွင်း (1year) အနည်းငယ်လိုအပ်ပါတယ်။
ပြင်ဆင်ပုံ
ငါးကို ကြေးခွံနှင့် အညစ်အကြေးများ ပြောင်အောင် ဆေးကြောသန့်စင်ပါ။ ဆားနှင့် နနွင်း အနည်းငယ်နယ်၍ နာရီဝက်ခန့် နှပ်ထားပါ။ နနွင်းကို ပါတယ်ဆိုရုံလေးပဲ ထည့်ပါ။
ဂျင်းနှင့် ကြက်သွန်ဖြူများ ရေဆေးသန့်စင် အခွံနွှာပါ။ ကြက်သွန်ဖြူ၂မြွာအား ဓားပြားရိုက်ပြီး ကျန်သည့်တစ်မြွှာအား နုပ်နုပ်စင်းထားပါ။
စပါးလင်အချောင်းအား ရေဆေး အပိုင်းရှည်များဖြတ်ပြီး ထုထားပါ။
ချက်ပြုတ်ပုံ
ဇောက်နက်သော အိုးတစ်လုံးထဲ ပေါင်းသောဆန်ကာ (steaming basket) အောက်ခြေ မထိအောင် ရေထည့်ပါ။ ဆန်ကာပေါ်မှာ စပါးလင် တစ်ဝက်ခန့် ၊ ဂျင်းပြား၂ကွင်းနှင့် ဓားပြားရိုက်ထားသော ကြက်သွန်ဖြူ၁မြွှာအား တစ်စုတစ်စည်းတည်း တင်ထားပါ။ ငါးတုံးကို ထိုအမွှေးအကြိုင်များပေါ် တင်ပါ။ ကျန်ရှိသော စပါးလင်များ ၊ ဂျင်း၂ကွင်းနှင့် ဓားပြားရိုက်ထားသော ကြက်သွန်ဖြူအား ငါးတုံးပေါ် ထပ်တင်ပါ။ ငါးတုံးအောက်ခြေမှာ အမွှေးအကြိုင်များ ထည့်ပြီး ပေါင်းလျင် ငါးညှီနံ့များပျောက်ပြီး ဂျင်း စပါးလင်နံ့များ သင်းပါတယ်။
အိုးကို အဖုံးအုပ်၍ မီးအနည်းငယ် ပြင်းပြင်းဖြင့် ရေဆူအောင်တည်ပါ။ ရေဆူလာပြီး အငွေ့များထွက်လာလျင် မီးလျှော့ချပြီး မီးအသင့်အတင့်ဖြင့် ၁၀မိနစ်ခန့် ပေါင်းပေးပါ။
ငါးပေါင်းနေစဉ်တွင် ကျန်သော ကြက်သွန်ဖြူတစ်မြွှာ နုပ်နုပ်စင်းလေးကို နှမ်းဆီမွှေးလေးနှင့် ဆီချက်ချက်ပါမယ်။ ကြက်ဥတစ်လုံးစာကြော်သော ဒယ်အိုးသေးသေးလေးကို မီးဖိုပေါ်တင်ပြီး နှမ်းဆီ စားပွဲဇွန်းတစ်ဇွန်းနှင့် သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပါ။ ဆီပူလာလျင် နုပ်နုပ်စင်းထားသော ကြက်သွန်ဖြူများ ထည့်ကြော်ပါ။ ကြက်သွန်များ မတူးသွားစေရန် မီးနည်းနည်းဖြင့် ကြော်ပေးပါ၊ ကြက်သွန်လေးများ စတင်နွမ်းလာလျင် မီးပိတ်ပြီး မီးဖိုပေါ်မှ ချထားပေးပါ။
ပေါင်းထားသော ငါးကျက်လျင် ငါးတုံးမှ ဂျင်း ၊ ကြက်သွန်ဖြူနှင့် စပါးလင်ချောင်းများ ဖယ်ပြီး သုံးဆောင်မည့် ပန်းကန်ပြားထဲ ငါးတုံးအား ထည့်ပါ။ ကြက်သွန်ဖြူ ထည့်ကြော်ထားသည့် နှမ်းဆီမွှေးကို ငါးတုံးပေါ်မှ လောင်းချပေးပါ။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်လေးများ ဖြူးပေးပါ။
နှမ်းဆီမွှေး ငါးပေါင်းဟင်းကို ထမင်းပျော့ပျော့ ပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။
မတ်တပ်ပြေးအရွယ် ကလေးနှင့် တစ်နှစ်အောက် ဖြည့်စွက်စာကျွေးနေသည့် ဘေဘီအရွယ်အတွက် ဒီဟင်းလေးတွေကို အတူတူချက်ကျွေးနိုင်ပါတယ်။ ဘေဘီများအတွက် နနွင်း ၊ ဆားနှင့် ငရုတ်ကောင်းများ ထည့်ရန် မလိုပါ။
သားသား မီးမီးတို့ စားမြိန်ပြီး ကျန်းမာဖွံ့ဖြိုး ဥာဏ်ရည်တိုးကြပါစေ။
မေတ္တာဖြင့်
လင်းလက်ကြယ်စင် (ဆုလေးမေမေ)
—
ကျွန်မရေးထားတဲ့ စာများထဲမှ စာတစ်ကြောင်း ၊ တစ်ပိုဒ် ၊ တစ်ခုလုံးဖြစ်ဖြစ် ဘာမဆိုကူးယူလျင်
page link ကို credit ပေးပါ။ Thanks.
— with Lin Let Kyal Sin.