မောင်နှမအချင်းချင်း အနိုင်ကျင့်ခြင်း

မနေ့က သမီးလေးကိုကစားကွင်းပို့တော့ ၅ နှစ် ၆ နှစ်အရွယ်ကောင်လေးက သူ့အစ်မ ၇ နှစ် ၈ နှစ်အရွယ်လေးကို အရမ်းအနိုင်ကျင့်တာတွေ့တယ်။ ခုန်ချတာကအစ သူ့အစ်မပေါ်ခုန်ချတယ်။ ဘေးကကိုယ်ကမနေနိုင်လို့ “မမကိုမချစ်ဘူးလား၊ မလုပ်ရဘူးလေ” လို့ပြောတော့ ထောင့်နားမှာကွယ်ပြီး လက်သီးနဲ့ထိုးတယ်။

ဒီနေရာမှာပြောစရာရှိတာက မိဘတွေက အငယ်ကောင်ကို “အငယ်ဆုံးလေး၊ သားလေးလိုချင်တာကြာပြီ” ဘာညာစသဖြင့် အကြောင်းပြချက်တွေနဲ့ပိုအလိုလိုက်မိသလားဆိုတာရယ်၊ “သမီးက အကြီးပဲ မောင်လေးကိုသည်းခံလိုက်နော်” ဆိုတဲ့မမျှတတဲ့ဆုံးမနည်းမျိုးနဲ့ အကြီးမလေးအပေါ်မှာ မတရားပြုမူမိသလားဆိုတာစဉ်းစားစရာပဲ။ ကလေးဟာကလေးပါပဲ။ နှစ်ယောက်လုံးက ကလေးမို့လို့ တူညီတဲ့အခွင့်အရေး၊ တူညီတဲ့ကာကွယ်မှုမျိုးရသင့်ပါတယ်။ ကလေးလေးတစ်ယောက်ကိုပဲ သည်းခံခိုင်းတာမျိုးက လုံးဝမမျှတပါဘူး။
“ကလေးတွေရန်ဖြစ်တယ်ဆိုတာ သာမာန်ကိစ္စပါပဲ။ ငါတို့လဲငယ်ငယ်ကဖြစ်တာပဲ။ ကြီးတော့လဲ အဆင်ပြေတာပဲ။” ဆိုပြီး ပေါ့ပေါ့တွေးလို့လုံးဝမရဘူးနော်။သာမာန်ရန်ဖြစ်ငြင်းခုံတာနဲ့၊ တစ်ယောက်ယောက်ကအနိုင်ကျင့်နေတာနဲ့မတူဘူး။ တစ်ယောက်ယောက်ကမတရားသဖြင့် “နှုတ်အားဖြင့်သော်လည်းကောင်း” “ကိုယ်အားဖြင့်သော်လည်းကောင်း” ကြမ်းကြမ်းတမ်းတမ်းပြောနေပြီ လုပ်နေပြီဆိုရင် မိဘကဝင်ပါရတော့မယ်။ မောင်နှမချင်းချင်းရှင်းကြပါစေလို့လွှတ်ထားလို့မရဘူး။စိတ်ပညာအရဆိုရင် ဒီလိုမောင်နှမအချင်းချင်းအနိုင်ကျင့်ကြတဲ့အခါ ပြုလုပ်သူရော၊ ခံရသူမှာပါ မကောင်းတဲ့ effect တွေရှိတယ်။ အနိုင်ကျင့်နေတဲ့ကလေးက “ငါလိုချင်တာရှိရင် ငါ့မိသားစုပဲဖြစ်ဖြစ် ငါ့ကိုချစ်တဲ့သူပဲဖြစ်ဖြစ် ဘယ်သူ့ဆီကမဆို အကြမ်းနည်းနဲ့ရအောင်ယူမယ်” လို့ စိတ်ကစွဲသွားတတ်သတဲ့နော်။

နောက်တခါ ခံရတဲ့ကလေးအနေနဲ့လဲ ကိုယ့်အိမ်မှာတောင် ကိုယ်အကာအကွယ်မဲ့နေတာ၊ ကိုယ့်ကိုတန်ဖိုးထားတဲ့သူမရှိတာ၊ ကိုယ့်မိဘကိုယ်တိုင်ကမကာကွယ်ပေးတာ .. အပြင်လောကမှာပိုပြီးမလုံမခြုံခံစားရမယ်။ ယုံကြည်မှုလျော့မယ်။ သူများတွေကိုလဲ မယုံကြည်ရဲတော့ဘူး။ အိမ်ထောင်ရေးမှာ အချစ်ရေးမှာလဲ ထိခိုက်မယ်။

အဲဒီတော့မိဘတွေအနေနဲ့ဘယ်လိုကာကွယ်ရမလဲ?
************************************

၁ – ကိုယ်ကစပြီး ရိုက်တာနှက်တာတွေမလုပ်ပါနဲ့။ ကိုယ်လုပ်သမျှကို ကလေးတွေကကြည့်နေတာမို့ အတတ်နိုင်ဆုံး သူတို့ကိုမရိုက်ပါနဲ့။ ကိုယ်က ကလေးကိုရိုက်လိုက်တဲ့အခါ ကလေးကသူတို့မကျေနပ်ချက်တွေကို သူတို့နိုင်တဲ့သူဆီကိုပုံချတတ်တာမို့ သတိထားပါ။

လိုအပ်လို့ အပြစ်ပေးရင်တောင်မှ အပြစ်လုပ်တဲ့သူကိုပဲ ဒဏ်ပေးပါ။ ဘာကြောင့်ဒဏ်ပေးရတယ်ဆိုတာသေချာပြောပြပါ။

အကြီးဖြစ်ပြီးသည်းမခံဘူးဆိုတဲ့အမှုမျိုးနဲ့ ကိုယ်မလုပ်တဲ့အပြစ်အတွက် ကလေးအကြီးကမခံရပါစေနဲ့။ အကြီးက အငယ်ကိုလုပ်ရင်လဲ သူလုပ်တဲ့အပြစ်ကိုပြောပြီး ဒဏ်ပေးပါ။

အိမ်ဆိုတာပျော်ပျော်ရွှင်ရွှင်နေရမယ့်နေရာမို့ ရိုက်နှက် အနိုင်ကျင့်နေတာမျိုးတွေမရှိဖို့ကြိုးစားရပါမယ်။

၂ – အနိုင်ကျင့်ဖို့ ရန်ဖြစ်ဖို့ အစပျိုးနေပြီဆိုတာနဲ့ ဝင်ဆုံးမပါ။
သူပြောနေ၊ လုပ်နေတာတွေက တဖက်သားကို နာကျင်ထိခိုက်စေတယ်ဆိုတာသိစေပါ။ အဲဒါကမကောင်းဘူးဆိုတာသိစေပါ။ အဖေအမေက လုံးဝမကြိုက်ဘူးဆိုတာသိစေပါ။ ပြောတဲ့နေရာမှာ ကိုယ်ကအော်ဟစ်ပြောတာမျိုးမလုပ်ပါနဲ့။ တည်တည်ငြိမ်ငြိမ်နဲ့ လေးလေးနက်နက်ပြောပါ။ မျက်နှာချင်းဆိုင်ပြောပါ။

ကလေးအချင်းချင်းပြိုင်တာ၊ ငြင်းတာလောက်ကတော့ သာမာန်ပါပဲ။ တစ်ယောက်ကိုတစ်ယောက်က အရမ်းနာကျင်စေ၊ စိတ်ထိခိုက်စေတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ မိဘတွေအနေနဲ့ သားသမီးအားလုံးက

ကိုယ့်ကိုမှီခိုအားကိုးနေရတယ်ဆိုတာသတိရပါ။

Jessica Mozart (A Cool Mom)

Ref: psychologytoday.com