ဖြည့်စွက်စာမဟုတ်ဘဲ ရေးခဲ့သမျှ ကလေးအကြောင်းလေးတွေ မျှဝေချင်ပါတယ်။

”ရှက်တတ်တဲ့ကလေး”

ဘေဘီလေးတွေ အရွယ်မှာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး ပြုံးချိုရီမောနေတဲ့ ကလေးများဟာ တောက်တောက်ပြေးနိုင်တဲ့ မတ်တပ်ပြေးအရွယ် ရောက်လာချိန်မှာ မိသားစုနဲ့ သူစိမ်းတွေကို သေချာခွဲခြားတတ်လာပါပြီ။ ဘေဘီအရွယ်မှစ နေ့ကလေးထိန်းကျောင်း child care မတက်ဘဲ မိခင် သို့မဟုတ် စောင့်ရှောက်သူ တစ်ယောက်ယောက်နဲ့ အိမ်မှာနေပြီး အပြင်လောကနဲ့ ထိတွေ့မှု နည်းပါးတဲ့ကလေးဟာ ပိုပြီးရှက်တတ်သလို ခွဲခွာရမှာကိုလည်း ပိုပြီးကြောက်တတ်ကြပါတယ်။ ကျွန်မရဲ့သမီးလေးကို ဘေဘီအနှီးထုတ်တည်းက အိမ်နားဝန်းကျင် playgroundကို ပေးဆင်းပါတယ်။ တွေ့တဲ့သူတိုင်းနဲ့ ဝူးဝူးဝါးဝါးစကားပြော အမြဲ သူလုပ်နိုင်သလောက် ဆော့ချင်နေတော့ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုရှိနေတယ် ၊ အိမ်မှာအမြဲနေတာ မဟုတ်ဘူးဆိုပြီး လွယ်လွယ်တွေးခဲ့မိတယ်။ ငယ်ငယ်တုန်းက အားလုံးအဆင်ပြေနေတော့ သိပ်သတိမထားခဲ့မိဘူး။ ဒီလိုနဲ့ပဲ နေလာခဲ့ပြီး ပြေးလွှားနိုင်ချိန်
ွရောက်တဲ့အခါမှာ မိခင်နဲ့ ခွဲမရတဲ့စိတ်လေး ကလေးမှာရှိနေသလို ငယ်ငယ်ကလို လူတိုင်းနဲ့စကားမပြောချင်တော့တာ သတိထားမိလာတယ်။

ဒါဟာ မိခင်နဲ့ နေ့တိုင်း နှစ်ယောက်တည်းနေတဲ့ ကလေးများမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ မိခင်ပဲ အိမ်မှာ စောင့်ရှောက် ၊ မိခင်နို့လည်း တိုက်တယ်ဆိုရင် ကလေးရဲ့စိတ်မှာ အရာရာဟာ မိခင်ပဲ လုပ်ကိုင်ပေးနေတော့ ခွဲခွာဖို့ ပိုခက်ခဲပါတယ်။ အားနည်းချက် မဟုတ်သလို ဥာဏ်ရည်ဖွံ့ဖြိုးမှု လိုအပ်တာ မဟုတ်ပါဘူး။ ကလေးဟာ သူနဲ့ရင်းနှီးသူတွေကို မှတ်မိပြီး သူစိမ်းကို ခွဲခြားသိမြင်လာလို့ပါ။

ကလေးရဲ့ ရှက်စိတ် ၊ ခွဲခွာရမှာကို ကြောက်တဲ့ စိတ်လေး လျော့နည်းသွားအောင် ဒီအချက်လေးတွေနဲ့ ကြိုးစားကြည့်ပါ။ ကျွန်မကိုယ်တိုင် အချိန်ယူ ကြိုးစားလုပ်ဆောင်ခဲ့သော အချက်များ ဖြစ်တာကြောင့် အကျိုးထူးပါတယ်။

၁) ကလေးအား ကြိုတင်အသိပေးပါ။

အိမ်ကို ဧည့်သည်လာတာ ၊ ကလေးနဲ့အတူ အပြင်ကိုသွားတာ ၊ ဧည့်ခံပွဲ မွေးနေ့ မင်္ဂလာဆောင် အစရှိသဖြင့် အခမ်းအနားများ အတူတက်တာ အားလုံးအား ကလေးနားလည်နိုင်သော ရိုးရိုးရှင်းရှင်း စကားလုံးများဖြင့် ကြိုတင်အသိပေး ပြောဆိုပါ။ ကြိုတင်အသိပေးထားခြင်းဖြင့် ရုတ်တရက် သူစိမ်းများနဲ့ တွေ့ဆုံရတာမျိုး မဟုတ်တော့ဘဲ သိပ်မစိုးရိမ်တော့ပါဘူး။ ပြောသောအခါ အပြုသဘောဆောင်သော စကားလုံးများရွေးချယ်ပါ။ မိမိကလေး၏ အခြေအနေအားလည်း ဧည့်သည်ကို ကြိုတင်အသိပေးထားပါ။

”မေမေတို့အိမ်ကို ဒီနေ့ညနေ ဦးဦးနဲ့တီတီတွေ အလည်လာမယ်။ ဦးဦးနဲ့တီတီကို သမီး/သားရဲ့အရုပ်လေးတွေ ကားလေးတွေ ပြလို့ရတယ်။ ဦးဦးနဲ့တီတီကို သီချင်းဆိုပြလို့ရတယ်။ မေမေနဲ့ ဖေဖေလည်း သမီး/သားရဲ့အနားမှာ တူတူရှိနေမယ်။ မေမေတို့အတူ ဆော့ကြမယ်”အစရှိသဖြင့် မိမိကလေးပေါ်မူတည်ပြီး စိတ်ဝင်စားနိုင်သော အကြောင်းအရာများဖြင့် အသိပေးပြောဆိုပါ။ ဧည့်သည်မှာ ကလေးပါလာလျင်လည်း အတူဆော့လို့ရကြောင်း ကြိုတင်ပြောထားပေးပါ။

၂) ကလေးအား ဖိအားမပေးပါနှင့်။

ကြိုတင်အသိပေးထားပေမယ့် ဧည့်သည်များနှင့် တွေ့ချိန်မှာ ကလေးက အဆင်သင့်မဖြစ်သေးလျင် ကလေးအား အတင်းအကျပ် ဖိအားမပေးပါနှင့်။ ”ရှက်တတ်တယ်။ လူကြောက်တတ်တယ်။ လူတောမတိုးဘူး” အစရှိသော အသုံးအနှုန်းများဖြင့် ကလေးအား အပြစ်မတင်ပါနှင့်။ အခြားကလေးများနှင့်လည်း နှိုင်းယှဉ်မှုမပြုပါနှင့်။
သူ့အချိန်နဲ့သူ တဖြေးဖြေး ပွင့်လင်းသွက်လက်လာမှာပါ။

**********************
ရေးသားသူ – #လင်းလက်ကြယ်စင် #ဆုလေးမေမေ
www.facebook.com/linletkyalsin
***********************

၃) Playschool ပို့ပါ။ Playdate များ လုပ်ပေးပါ။

မြို့မှာနေသော ကလေးများအတွက် ယနေ့ခေတ်မူကြိုကျောင်းတွေမှာ playgroup ဟု ခေါ်သော အုပ်စုဖွဲ့ကစားသည့် အတန်းများ ဖွင့်လှစ်လာကြပါတယ်။ သတ်မှတ်ထားသော အသက်အရွယ်ရောက်လျင် (၁၈လဝန်းကျင်)မှာ playgroup class များ မိဘနှင့်အတူ တက်ရောက်ပါ။ playgroup class ထဲမှာမှ မိမိနှင့် ဆက်ဆံရအဆင်ပြေဆုံးသူများကို ရွေးချယ်ပြီး ကျောင်းမရှိသည့် ရက်တွေမှာ အပြင်မှာချိန်းပြီး အတူဆော့ကစားပေးပါ။

Playgroup class များ မရှိသည့် နယ်မှာနေသော သူများအတွက်လည်း လုပ်ပေးနိုင်တာတွေ ရှိပါတယ်။ မိမိပတ်ဝန်းကျင်မှာ ရှိသော ရွယ်တူကလေးများအား မိမိအဆင်ပြေသလို စုစည်းပြီး ပုံမှန်လေး playdate လုပ် တွေ့ဆုံကစားပေးနိုင်ပါတယ်။

ကလေးများ အတူတွေ့ဆုံပေးကြတဲ့အခါ သူတို့လေးတွေ နှစ်သက်ကြတဲ့ ဆပ်ပြာပူဖောင်းလေးတွေ မှုတ်ပေးလိုက်ရင် ကလေးတွေ လိုက်ဖမ်းကြရင်း ပထမဆုံးခြေလှမ်းကို စတင်နိုင်ပါတယ်။ အတူတကွ ဆော့လို့ရတဲ့ tea set လေးတွေ အလယ်မှာချပြီး တစ်ယောက်တစ်ခွက်စီ ရေငှဲ့ကြတာ ၊ stacking ring လေးတွေ အတူထပ်ကြတာ ၊ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေကစားတာ ၊ ဘောလုံးသေးလေးတွေ တစ်ယောက်တစ်လှည့်စီ ပစ်ပေးတာ ၊ လိုက်တမ်းပြေးတမ်း ကစားတာ ၊ လူကြီးတွေနဲ့ကလေးတွေ အေးအေးဆေးဆေး အတူလမ်းလျှောက်ရင်း ရင်းနှီးမှုရယူတာ အစရှိသဖြင့် စဉ်းစားမိသလို ဆော့လို့ရပါတယ်။

၎) ဆွေမျိုးများ၏ ကလေးများနှင့် တွေ့ဆုံပေးပါ။ ကစားကွင်းများအား သွားပေးပါ။

Playdate မလုပ်ဖြစ် ၊ playschool မပို့ဖြစ်သော အခြေအနေဖြစ်နေလျင်လည်း ဆွေမျိုးများ ဝမ်းကွဲများနှင့် တွေ့ဆုံပေးပါ။ ဆွေမျိုးထဲမှာ ရှိသော ကလေးများနှင့် အတူဆော့ခြင်းဖြင့် တိုးတက်မှုရပါတယ်။ ကစားကွင်းများ သွားရောက်ပေးပြီး ရွယ်တူကလေးများ အရွယ်သိပ်မကွာသော ကိုကို မမများနှင့် မိမိဖက်မှ စတင်မိတ်ဆက်ပြီး ပေးဆော့ပါ။ ကလေးအချင်းချင်း တွေ့လျငိ လက်ဝါးချင်း ဖြေးဖြေးရိုက် နှုတ်ဆက်တာ ၊ လက်ဆွဲနှုတ်ဆက်ပေးတာများဖြင့် စတင်မိတ်ဆက်ပေးပါ။ ကလေးများ မနှုတ်ဆက်ချင်လျင် လူကြီးအချင်းချင်း နမူနာပြကာ မိတ်ဆက်ပါ။
ရိုးရှင်းသော နှုတ်ဆက်မှုလေးဟာ အကျိုးရှိသော ပထမခြေလှမ်းလေးပါ။

……………………....
ရေးသားသူ – #လင်းလက်ကြယ်စင် #ဆုလေးမေမေ
www.facebook.com/linletkyalsin
……………………..……………………..……

၅) Attention ရယူတာလား တကယ်ရှက်တာလား လေ့လာပါ

တစ်ခါတစ်လေ ကလေးများဟာ ရှက်လို့ မဟုတ်ဘဲ မိဘရဲ့အာရုံကို အပြည့်အဝလိုချင်လို့ အော်ငိုတာ မိဘနားမှာ ကပ်နေတာလည်း ဖြစ်တတ်ပါတယ်။ အဲဒီအခါ ”မေမေက ဘယ်မှမသွားဘူး။ သမီး-သားနားမှာ ရှိတယ်နော်”ဟု နှစ်သိမ့်ပေးပြီး ကလေးအား မကြာခဏ စကားလှမ်းပြောခြင်း ၊ လုပ်စရာရှိတာ လုပ်နေရင်း ကလေးနှင့်အတူ ဝင်ဝင်ဆော့ပေးခြင်းများ ပြုလုပ်ပေးပါ။ attention လိုချင်နေသော ကလေးအား မိမိမှ လျစ်လျူရှုထားခြင်းမရှိကြောင်း ပြသပေးပါ။ လက်ကိုင်ဖုန်းသုံးရင်း ကလေးထိန်းခြင်းအား ရှောင်ကြဉ်ပေးပါ။

၆) အချိန်ယူပေးပါ။
နောက်ဆုံးအချက်က ကလေးများအတွက် မဟုတ်ဘဲ မိဘများအတွက်ပါ။ မိဘများကိုယိတိုင် ကလေးရှေ့မှာ အခြားသူစိမ်းများဖြင့် ပြုံးပြုံးချိုချို စကားပြောပြပါ။
ကလေး မြန်မြန် မတိုးတက်လျင် စိုးရိမ်စိတ်ဖြင့် မလောပါနှင့်။ ရှက်တတ်တဲ့ကလေး ပွင့်လင်းမှု အပြည့်အဝရှိဖို့အတွက် အချိန်နှင့် ကြိုးစားပြင်ဆင်ပေးမှုတွေ လိုအပ်ပါတယ်။ မိမိနှင့် အဆင်ပြေဆုံး နည်းလမ်းများကို ကြိုးစားလုပ်ဆောင်ပြီး အချိန်ယူ စိတ်ရှည်ပေးပါ။

အဆင်ပြေကြပါစေ။

မေတ္တာဖြင့်
#လင်းလက်ကြယ်စင်
#ဆုလေးမေမေ
21 June 2017, 2:30am
www.facebook.com/linletkyalsin

Young Parents magazine (Singapore) တွင် ဖော်ပြထားသော ”Can we go home now” ဆောင်းပါးအား ကိုးကားပြီး ကျွန်မ၏ အတွေ့အကြုံများ အတွေးများ
ပေါင်းစပ်ကာ ရေးသားထားပါသည်။ မည်သူမဆို share နိုင်ပါသည်။ စာသားများအား copy ကူးယူခွင့်မပြုပါ။ အချိန်ပေးရေးထားသော စာများဖြစ်သည့်အတွက် စာရေးသူအမည်အား မဖြုတ်ဘဲ share ပါနော်။

Photo credit – www.whattoexpect.com

— with Lin Let Kyal Sin.