ကြာဆံဟင်းခါး (1 year+)

အခုတစ်လော မနက်ခင်းတိုင်း မိုးအေးနေလို့ ကြာဆံဟင်းခါး ချက်ဖြစ်တယ်။
မနက်စာပဲဖြစ်ဖြစ် အခြားအချိန်ပဲဖြစ်ဖြစ် အဆင်ပြေသလိုချက်ပါတယ်။ မနက်စာကို ပေါင်မုန့်နဲ့oat တွေပဲ ကျွေးနေတာ မဟုတ်ပါဘူး။
တစ်နှစ်ပြည့်ရင် အိမ်ချက် ကြာဆံဟင်းခါး ၊ မုန့်ဟင်းခါး ၊ ကော်ရည်ခေါက်ဆွဲတွေ ကျွေးပါတယ်။ တစ်နှစ်ခွဲတော့ မန်ကျည်းနှစ်နဲ့သုပ်တဲ့ ခေါက်ဆွဲသုပ် ၊ အစုံသုပ်နှင့် နန်းကြီးသုပ် အစရှိသဖြင့် ကျွေးပါတယ်။ ၂နှစ်မပြည့်ခင် ငရုတ်သီးကို ပါရုံလေးပဲထည့်တယ်။ ၂နှစ်ကျော်တော့ နည်းနည်းတိုးထည့်ပါတယ်။ အိမ်မှာချက်တာပဲ ကျွေးပါတယ်။ ကြာဆံဟင်းခါးက လူတိုင်းချက်တတ်ပါတယ်။ မီးဖိုထဲဝင်ကာစ မေမေများအတွက် နည်းလေးရေးပေးပါတယ်။*ကြာဆံဟင်းခါး*
ပါဝင်သောအမယ်များ
မြန်မာကြက်သား – တစ်ခြမ်း
ပဲကြာဆံ – တစ်ထုတ်၏တစ်ဝက်
မှိုခြောက် (black fungus mushroom) – အနည်းငယ်
ပန်းခြောက် (dried lily flower) – အနည်းငယ်
ပဲလိပ် (bean stick) – အနည်းငယ်
ငါးဖယ်ကြော် – အနည်းငယ်
ငရုတ်ကောင်း အဖြူစေ့ – လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ကရဝေးရွက် – ၂ရွက်
ငုံးဥ – ၆လုံးကြက်သွန်နီ – အလုံးကြီးတစ်လုံး
ကြက်သွန်ဖြူ – ၆မြွာ
ချင်း – လက်တစ်ဆစ်ခန့်
နနွင်းမှုန့် – အနည်းငယ်
ငရုတ်သီးမှုန့် – အနည်းငယ် (အချိုချက်လျင် မထည့်ပါနှင့်)
သံလွင်ဆီ – သင့်ရုံ
ဆား – အနည်းငယ်

ပြင်ဆင်ပုံ
-> ကြက်သားအား ဆေးကြောသန့်စင်ပြီး အနေတော်များတုံးပါ။
-> ကြာဆံ ၊ မှိုခြောက် ၊ ပန်းခြောက် ၊ ပဲလိပ်များ ရေစိမ်ပါ။ ပွလာလျင် အားလုံးကိုဖြတ်ထားပါ။
-> ကြက်သွန်နီတစ်လုံး ၊ ကြက်သွန်ဖြူ၎မြွှာနှင့် ချင်းများအား ထောင်းပါ။ (ကြက်သားဆီသတ်ကာနီးမှ လုပ်ပါ)။ ကြက်သွန်ဖြူ၂မြွှာအား ဓားပြားရိုက်ပါ။
-> ငါးဖယ်ကို အလုပ်မရှုပ်စေရန် တစ်ညကြိုတင်ကြော်ထားသလို အချိုမှုန့်မပါ ၊ တာရှည်ခံဆေးများ မပါ ၊ ဆားပေါ့ပေါ့ဖြင့် ကြော်ထားသော အသင့်စားတံဆိပ်လည်း သုံးပါတယ်။
-> ငုံးဥများ ပြုတ်၍ အခွံနွှာပါ။

*ချက်ပြုတ်ပုံ*
ကြက်သားတုံးတွေကို အိုးတစ်လုံးထဲ ရေမြုပ်အောင်ထည့်ပြီး ဆူပွက်လာအောင် တည်ပါ။ ဆူပွက်ပြီး ၃မိနစ်ခန့်အကြာ ရေတွေသွန်လိုက်ပါတယ်။ ထုံးစံအတိုင်း သွေးနှင့်အညစ်အကြေးများ သန့်စင်တာပါ။ အိုးသန့်သန့်တစ်လုံးထဲ ကြက်သားတုံးတွေထည့် ၊ ကရဝေးရွက်နှစ်ရွက် ၊ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူ၂မြွာ ၊ ငရုတ်ကောင်းစေ့များနှင့် ရေတစ်လီတာခန့်ထည့်ပြီး မီးအသင့်အတင့်ဖြင့် ၂နာရီခန့်ပြုတ်ပါ။ ရေလိုအပ်လျင် ပွက်ပွက်ဆူသော ရေကိုသာ ထည့်ပါ။

ကြက်ပြုတ်ရည်ရလျင် ကြက်သားတုံးများဆယ်ပြီး အအေးခံပါ။ ကရဝေးရွက်များ ဖယ်လိုက်ပါ။
အသားများနွှင်ပါ။ ထောင်းထားသော ကြက်သွန်နှင့် ချင်းများအား နနွင်းမှုန့် နည်းနည်းထည့်၍ ဆီသတ်ပါ။ အချိုချက်လျင် ငရုတ်သီးမထည့်ပါနှင့်။ ကြက်သားဖတ်များ ထည့်ပါ။ ခဏကြာ မွှေးလာလျင် မီးပိတ်ပါ။

ကြက်ပြုတ်ရည်အိုးကို ဆူအောင်တည်ပါ။
ရေစိမ်ထားသော ကြာဆံ ၊ မှိုခြောက် ၊ ပန်းခြောက် ၊ ပဲလိပ်နှင့် ငါးဖယ်များအား ကြက်သားနှင့်အတူ ကြက်ပြုတ်အိုးထဲ ထည့်ချက်ပါ။
ခဏကြာ မိမိလိုသလောက် ရေအနေအထားကြည့်ပြီး မီးဖိုပေါ်မှ ချနိုင်ပါပြီ။

သုံးဆောင်တော့မည်ဆိုလျင် ပန်းကန်လုံးထဲ ကြာဆံဟင်းခါးထည့်။ ငုံးဥ ၊ ငရုတ်ကောင်းမှုန့် နည်းနည်း ၊ သံပုရာသီးအရည်ညှစ်ထည့် ၊ ကြက်သွန်မြိတ်များ ထည့်ပြီး ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။ ကလေးအတွက် ဆားလေးခပ်ပြီး လူကြီးအတွက် ငံပြာရည် ၊ ငရုတ်သီးများ ထည့်စားကြပါတယ်။

သားသား မီးမီးတို့ စားမြိန်ပြီး ကျန်းမာဖွံ့ဖြိုး ဥာဏ်ရည်တိုးကြပါစေ။

မေတ္တာဖြင့်
လင်းလက်ကြယ်စင် (ဆုလေးမေမေ)

— with Lin Let Kyal Sin.