ကလေးကို နေ့တိုင်းမေးရန် မေးခွန်းများ

ဂရုစိုက်တတ်တဲ့မိဘတွေတောင် တခါတလေမှာ ကိုယ့်ကလေးက sexual abuse ၊ တခြားနည်းနဲ့အနိုင်ကျင့်ခံထားရသလားဆိုတာ သတိမထားမိတာမျိုးရှိတယ်။

Sexual abuse လို့ပြောတဲ့အခါမှာ မုဒိန်းကျင့်ခံရတဲ့အဆင့်မရောက်ပဲ တခြားအဆင့်တွေလဲပါပါတယ်။ ကလေးရဲ့ private parts ကို ကိုင်တာ၊ ကလေးကိုမဖွယ်မရာနမ်းတာ၊ သူတို့အပေါ်ထိုင်ခိုင်းတာ၊ သူတို့ကိုကိုင်ခိုင်းတာ စသဖြင့်ပေါ့။
မြန်မာနိုင်ငံမှာ အများဆုံးကြားရတာက “ကျွန်မက သမီးလေးမွေးထားလို့ စိုးရိမ်မိတယ်”၊ “နင်က သမီးလေးမွေးထားတာ ဂရုစိုက်နော်။ ငါမွေးထားတာက သားမို့လို့ ပြဿနာမရှိဘူး” ဆိုတာပါ။ အင်မတန်မှားပါတယ်။ သားရော သမီးရော အတူတူပါပဲ။ဟိုနေ့ကရေးခဲ့တာက ကလေးတွေကို ကြိုပြီးသင်ထားဖို့အကြောင်း။ ဒီနေ့ရေးမှာက ကလေးတွေကို သူတို့ရဲ့တနေ့တာအကြောင်း ညင်ညင်သာသာ မေးတဲ့နည်း။ကိုယ့်အမျိုးအိမ်မှာထားခဲ့ရတာမျိုး၊ ကျောင်းကို ကျောင်းကားနဲ့လွှတ်လိုက်ရတာမျိုး၊ ကိစ္စရှိလို့ဘေးအိမ်မှာ ခဏအပ်ခဲ့ရတာမျိုး၊ သူငယ်ချင်းအိမ်မှာ sleep over (ညအိပ်ညနေပေးနေတာမျိုး) လုပ်တာမျိုးတွေပြီးတိုင်းမှာ ကလေးကို ပြန်မေးရပါမယ်။

ပုံမှန်အားဖြင့် မိဘတွေက
– ဒီနေ့ သားသား ကျောင်းမှာ လိမ္မာသလား?
– ဆရာမစကားနားထောင်လား?
– ကျောင်းကားပေါ်မှာအရမ်းဆော့သေးလား?
– အခုဒီမှာခဏထားခဲ့တဲ့အချိန်အတွင်း ဒီကလူကြီးတွေစကားနားထောင်ရဲ့လား? ဆိုတာမျိုးလောက်ပဲ ကလေးကိုမေးကြတယ်။

တကယ်တမ်း ပိုအရေးကြီးတဲ့မေးခွန်းတွေက
– ဒီနေ့အဆင်ပြေခဲ့ရဲ့လား?
– ဒီနေ့ကျောင်းမှာ/သူငယ်ချင်းအိမ်မှာ/ခဏထားခဲ့တဲ့အိမ်မှာ ဘာတွေလုပ်ခဲ့လဲ?
– ဒီနေ့အဖို့ အကြိုက်ဆုံးက ဘာလဲ?
– ဒီနေ့အဖို့ မကြိုက်ဆုံးက ဘာလဲ?
– အမေ့ကို/အဖေ့ကို ပြောပြချင်တာရှိလား?
စတဲ့မေးခွန်းတွေကို ကလေးနဲ့မိဘနဲ့ကြားပဲ မေးပါ။ သူများတွေရှေ့မှာမမေးပါနဲ့။ သူများတွေရှေ့မှာပြောရမှာအဆင်မပြေလို့ ကလေးကညာလိုက်နိုင်ပါတယ်။

ဒီမေးခွန်းလေးတွေကို အကျင့်တခုအနေနဲ့ အမြဲမေးပါ။ မေးရင်းနဲ့သူတို့ပြောပြစရာရှိရင်လဲ ဖြည့်ပြောနိုင်တယ်ဆိုတာလဲပြောပေးပါ။

မြန်မာမိဘတွေအားနည်းချက်က ကလေးတွေကို အချိန်မပေးပါဘူး။ ကလေးတွေပြောတာကို သေချာနားမထောင်ပေးပါဘူး။ ကလေးမှာပြောစရာရှိနေတာတွေကို အရေးမပါဘူးဆိုပြီး စိတ်မရှည်ပါဘူး။ လူ့လောကမှာ နှစ်အနည်းငယ်သာနေရသေးတဲ့ကလေးမှာ သူ့အသက်အရွယ်နဲ့လိုက်ဖက်တဲ့ပြောစရာပဲရှိမှာပါ။ ကိုယ်ကသိပြီးသားဖြစ်နေပေမယ့် စိတ်ဝင်တစားနားထောင်ပေးမှ ကလေးက ကိုယ့်ကိုပိုရင်းနှီးမယ်။ မိဘက သူ့ကိုတန်ဖိုးထားတာ၊ အလေးအနက်ထားတာသိမယ်။ သူဟာအရေးပါတာသိမယ်။ သူ့အခက်အခဲမှန်သမျှကို သေချာပြောပြမယ်။

အပေါ်မှာပေးခဲ့တဲ့မေးခွန်းတွေကို နေ့စဉ် ကလေးကိုမေးတဲ့အကျင့်လုပ်ပါ၊ သူပြောတာတွေသေချာနားထောင်ပေးပါ။ သံသယဖြစ်စရာတခုခု သူ့အဖြေထဲမှာပါလာရင် သေချာစေ့စေ့စပ်စပ်ထပ်မေးပါ။

Aye Aye Myo Set (Jessica Mozart)