Jessica Mozart (A Cool Mom)

ကျွန်မတို့ကလေးတွေ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာပဲမဆို သူတို့ဘဝမှာဘယ်သူ့ကိုမှမမှီခိုတဲ့ကလေးများ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ကလေးများဖြစ်ဖို့ သင်ကြားပေးရမှာ လူကြီးမိဘတွေရဲ့တာဝန်ပါ။ တခြားလူအတွက်တာဝန်မယူတတ်ရင်တောင် ကိုယ့်ဘဝ၊ ကိုယ့်စားဝတ်နေရေး၊ ကိုယ့်ရှင်သန်ရပ်တည်ရေး၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာဝန်ယူနိုင်ဖို့အတွက် ကလေးတွေကိုသူတို့အသက်အရွယ်အလိုက်သင်သွားရပါမယ်။

အသက် ၂ နှစ် – ၃ နှစ်ပြည့်ပြီးတဲ့ကလေးများ
*********************************
ဒီအရွယ်ကလေးတွေကို အခြေခံလေးတွေစပြီးသင်လို့ရနေပါပြီ။ အသက် ၃ နှစ်လောက်ကစပြီး
– သူ့အရုပ်လေးတွေသူ သိမ်းတတ်ဖို့သင်ထားလို့ရပါပြီ။
– မိဘအကူအညီနည်းနည်းနဲ့သူ့အဝတ်အစားကို သူကိုယ်တိုင်ဝတ်တတ်ဖို့သင်ထားလို့ရပါပြီ။
– ဝတ်ပြီးတဲ့အဝတ်အစားအဟောင်းတွေကို လျှော်မယ့်ခြင်းထဲကိုထည့်တတ်ဖို့သင်ထားလို့ရပါပြီ။
– ထမင်းစားပွဲပြင်တဲ့အခါ နည်းနည်းကူခိုင်းလို့ရပါပြီ
– သွားတိုက် မျက်နှာသစ်တာကို ဘေးကနည်းနည်းကူပေးပြီး သူကိုယ်တိုင်လုပ်ခိုင်းဖို့သင်ထားလို့ရပါပြီ။

အသက် ၄ နှစ် – ၅ နှစ်ပြည့်ပြီးတဲ့ကလေးများ
**************************************
ဒီအရွယ်ကလေးတွေကိုတော့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကင်းအောင်နေတတ်ဖို့ သင်လို့ရပါပြီ။
– သူ့နာမည်အပြည့်အစုံ၊ အိမ်လိပ်စာအပြည့်အစုံ၊ အိမ်ကဖုန်းနံပါတ်ကိုသိဖို့ သင်ထားသင့်ပါပြီ။
– အရေးပေါ်ဆိုရင် ဘယ်ဖုန်းကို ဘယ်လိုခေါ်ရမလဲသင်ထားပါ။
– သူလက်လှမ်းမှီတဲ့နေရာလေးတွေကို ဖုန်သုတ်၊ သန့်ရှင်းရေးလုပ်တတ်ဖို့သင်ထားလို့ရပါပြီ။
– ထမင်းစားပြီးတဲ့အခါ စားပွဲကူသိမ်းခိုင်းဖို့သင်ပေးလို့ရပါပြီ။
– အိမ်မှာခွေး၊ ကြောင်စသဖြင့်တိရိစ္ဆာန်လေးတွေမွေးထားရင် အစာကျွေးတတ်ဖို့ သင်ထားလို့ရပါပြီ။
– လူကြီးမိဘအကူအညီမပါပဲ သွားတိုက်၊ ခေါင်းဖြီး၊ မျက်နှာသစ်တတ်ဖို့ သင်ထားလို့ရပါပြီ။
– အဝတ်လျှော်ခြင်းထဲ အဝတ်ပေတွေထည့်ဖို့၊ အဝတ်လျှော်စက်ဆီကို အဝတ်ပေတွေယူလာပေးဖို့ စသဖြင့်ကူခိုင်းလို့ရပါပြီ။
– သူဝတ်မယ့်အဝတ်ကို သူ့ဘာသူရွေးချယ်ဝတ်ဆင်တတ်ဖို့ သင်ထားလို့ရပါပြီ။

အသက် ၆ နှစ် – ၇ နှစ်ပြည့်ပြီးတဲ့ကလေးများ
**************************************
ဒီအရွယ်ကလေးတွေကိုတော့ ထမင်းဟင်းချက်တာကူတဲ့နေရာမှာ နည်းနည်းသင်ပေးလို့ရပါပြီ။
– ရောတာ၊ မွှေတာ၊ ဓါးခပ်တုံးတုံးနဲ့လှီးချွတ်တာလေးတွေသင်ပေးလို့ရပါပြီ။
– အသားညှပ်ပေါင်မုန့်လိုမျိုး အလွယ်စားလို့ရတဲ့မုန့်လေးတွေလုပ်တတ်ဖို့ သင်လို့ရပါပြီ။
– အမေဈေးကဝယ်လာတဲ့ပစ္စည်းတွေကို နေရာအလိုက်ထားတတ်ဖို့သင်ပေးလို့ရပါပြီ။
– ပန်းကန်ဆေးကူခိုင်းလို့ရပါပြီ။
– ကိုယ့်အိပ်ယာကိုယ်သိမ်းတတ်ဖို့သင်ထားသင့်ပါပြီ။
– လူကြီးမိဘအကူအညီမပါပဲနဲ့ ရေချိုးတတ်သင့်ပါပြီ။

အသက် ၈ နှစ် – ၉ နှစ်ပြည့်ပြီးတဲ့ကလေးများ
**************************************
ဒီအရွယ်ကလေးတွေက ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းလေးတွေကို ကောင်းကောင်းထိန်းသိမ်းတတ်ဖို့သင်ထားသင့်ပါပြီ။
– သူ့အင်္ကျီကိုသူခေါက်သိမ်းတတ်ဖို့
– လွယ်လွယ်ကူကူ လက်နဲ့ချုပ်ဖို့လိုတဲ့ဟာမျိုးလုပ်တတ်ဖို့ (ကျွန်မတို့တုန်းက ကျောင်းကဆရာမကသင်ပေးလိုက်လို့ တတ်ပါတယ်)
– သူအပြင်မှာစီးတဲ့စက်ဘီးလို၊ စကိတ်လိုပစ္စည်းတွေကို သိမ်းတတ်ဖို့သင်ထားသင့်ပါပြီ။
– တကိုယ်ရည်သန့်ရှင်းရေးကိုမိဘကသတိမပေးရပဲ ပုံမှန်လုပ်တတ်နေသင့်ပါပြီ။
– တံမျက်စည်းနဲ့ဂေါ်ပြားကိုသေချာသုံးတတ်သင့်ပါပြီ။
– ပိုက်ဆံတွေရေတွက်တတ်ပြီး ဘယ်လောက်ပြန်အမ်းရမယ်ဆိုတာသိသင့်ပါပြီ။
– တစ်ယောက်ယောက်ကအိမ်ကိုဖုန်းဆက်ပြီး တခုခုပြောခဲ့ရင် မှတ်ထားပြီးလူကြီးမိဘကိုပြန်ပြောဖို့ သင်ထားသင့်ပါပြီ။
– ပန်းပင်ရေလောင်းတာတွေ၊ အမှိုက်ကူပစ်ပေးတာတွေလုပ်ဖို့ သင်ပေးထားသင့်ပါပြီ။

အသက် ၁၀ နှစ် မှ ၁၃ နှစ်ကလေးများ
********************************
ဒီအရွယ်ကလေးတွေက ကိုယ့်အားကိုယ်ကိုးတတ်တဲ့နေရာတော်တော်များများရှိသင့်ပါပြီ။ သူ့အရွယ်အလိုက် သင်ထားရမယ့်အရာတွေကတော့ …
– အိမ်မှာတစ်ယောက်ထဲနေခဲ့ရမယ့်အချိန်ရှိရင် အန္တရာယ်ကင်းကင်းနဲ့နေတတ်သင့်ပါပြီ။
– ကိုယ့်အိပ်ယာခင်းကိုကိုယ့်ဘာသာကိုယ်လဲတတ်ဖို့သင်ထားသင့်ပါပြီ။
– အဝတ်လျှော်စက်နဲ့ dryer သုံးတတ်ဖို့သင်ထားသင့်ပါပြီ
– ထမင်းဟင်းနည်းနည်းပါးပါးပြင်ဆင်ချက်ပြုတ်တတ်ဖို့သင်ထားမယ်ဆို သင်ထားလို့ရပါပြီ။
– Oven လေးသုံးပြီး ဟင်းနွှေးတတ်ဖို့သင်ထားလို့ရပါပြီ။
– သူ့အဝတ်ကိုသူ မီးပူတိုက်တတ်ဖို့ သင်ထားလို့ရပါပြီ။
– တူတွေ သံတွေ ဝက်အူလှည့်တွေကို အခြေခံလောက်သုံးတတ်အောင်သင်ထားသင့်ပါပြီ။
– ကိုယ့်ညီ/ညီမလေးတွေကို ဂရုစိုက်စောင့်ရှောက်တတ်သင့်ပါပြီ။

အသက် ၁၄ နှစ် မှ ၁၈ နှစ်ကလေးများ
*****************************
ဒီအရွယ်ကလေးတွေကတော့ အပေါ်မှာပြောခဲ့တာတွေအကုန်လုံးကိုသေချာတတ်နေသင့်ပါပြီ။ အဲဒီအရာတွေအပြင် …
– ပိုခက်တဲ့အိမ်အလုပ်တွေလဲလုပ်တတ်သင့်ပါပြီ။
– ဆေးဘူးတွေအပေါ်ကအညွှန်းတွေကိုဖတ်ပြီး သင့်တော်သလောက် သုံးတတ်သင့်ပါပြီ။
– အင်တာဗျူးဘယ်လိုသွားရမလဲဆိုတာလေ့လာပြီး အလုပ်တစ်ခုခုစလုပ်သင့်ပါပြီ
– လိုအပ်ရင် မိသားစုအတွက်ထမင်းဟင်းချက်ပေးတတ်သင့်ပါပြီ။

၁၈ နှစ်အထက်လူငယ်များ
*******************
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေထိုင်နိုင်သင့်ပါပြီ။ ကျွန်မအသက် ၁၇ နှစ်ကတည်းက ရုံးစာရေးအလုပ်စလုပ်ခဲ့ပြီး လစဉ်ရတဲ့လစာကို အမေ့ကိုထောက်ပံ့နိုင်ပါသေးတယ်။
– ၁၈ နှစ်အထက်ကလေးများအနေနဲ့လဲ သူတို့သာအဝေးမှာတက္ကသိုလ်တက်၊ သင်တန်းတက်ရမယ်ဆိုရင် ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်အောင်
– လိုအပ်ရင်ကိုယ့်ငွေကြေးလိုအပ်ချက်ကိုပါ ကိုယ်ဖြည့်ဆည်းတတ်အောင် လုပ်ကိုင်နိုင်စွမ်းတွေရှိသင့်ပါပြီ။
– ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်တတ်ပြီး လိုအပ်သလိုဆေးခန်းသွားတာမျိုး၊ သွားဆေးခန်းသွားတာမျိုး၊ ဆေးခန်းတုံကင် (doctor’s appointment) ယူတာမျိုးစသဖြင့်လုပ်တတ်သင့်ပါတယ်။
– ကိုယ့်ငွေကြေးကို ကိုယ်စီမံခန့်ခွဲတတ်သင့်ပါတယ်။ လိုအပ်တဲ့မီတာခ၊ ဖုန်းဘေလ်၊ အင်တာနက်ဘေလ်စသဖြင့် bill တွေကိုလဲ စီမံခန့်ခွဲပြီး အချိန်မှီပေးတတ်သင့်ပါပြီ။
– အခြေခံအားဖြင့်အိမ်ငှားစာချုပ်လို အရောင်းအဝယ်/အငှားစာချုပ်တွေရဲ့သဘောကိုသိထား နားလည်ထားသင့်ပါတယ်။
– ကား/ဆိုင်ကယ်ရေဆေးဆီထိုးတွေ ပြင်တာတွေဘယ်မှာလုပ်ရမလဲဆိုတာသိထားပြီး လိုအပ်ရင်သွားလုပ်တတ်သင့်ပါတယ်။
– အခြေခံကား/ဆိုင်ကယ်ပြင်တာလေးတွေသိထားသင့်ပါတယ်။

Ref : https://www.familyeducation.com/
Photo : google