ကလေးများနှင့် အပူဒဏ်

နွေရာသီ ဝင်ခါနီးလို့ ကလေးတွေကို အပူဒဏ်က ဘယ်လိုကာကွယ်မလဲဆိုတာ ရေးပေးလိုက်ပါတယ်။

ပူပြင်းတဲ့ရာသီမှာ ကလေးတွေအတွက် အရေးကြီးဆုံး အချက်ကတော့ ရေဓာတ်မဆုံးရှုံးဖို့ပါပဲ။ ကလေးတွေဟာအချိန်တိုအတွင်းရေဓာတ်လျင်မြန်စွာဆုံးရှုံးနိုင်ပါတယ်။ အဲဒီတော့ အရင်ဦးဆုံး ကလေးတွေ ရေဓာတ်လျော့ပါးပြီဆိုရင်တွေ့နိုင်တဲ့ လက်ခဏာတွေကို အရင်သိစေချင်ပါတယ် —
၁ ကလေးဟာ ပင်ပန်းနူံးနေခြင်း
၂ မျက်ကွင်းတွေ ချိုင့်နေခြင်း
၃ ပုံမှန်ထက်ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးအရောင်ရင့်နေခြင်း
၎ ကိုယ်ကပူပြီးခြောက်သွေ့နေခြင်း
၅ လျှာတွေ နှုတ်ခမ်းတွေခြောက်နေခြင်း
၆ ကိုယ်ပူချိန်တက်ခြင်း
၇ အစားကောင်းကောင်းမဝင်တော့ဘဲတချိန်လုံးပျော့ခွေအိပ်နေခြင်း
၈ အသက်ရှုမြန်နေခြင်း

စသဖြင့် အခြေအနေတွေရှိရင် ဆေးရုံဆေးခန်းပြသင့်ပါတယ်။
ဆေးခန်းမရောက်ခင်စပ်ကြား လုပ်ပေးနိုင်တာတွေကတော့—
၁ အေးတဲ့နေရာကိုရွှေ့ပြီးကိုယ်ပေါ်ကအပိုအဝတ်အစားအားလုံးကိုဖယ်ပါ
၂ သတိရှိတယ်၊သောက်နိုင်တယ်ဆို အရွယ်ပေါ် မူတည်ပြီး မိခင်နို့၊ နို့ဘူး၊ ရေ ချက်ချင်းတိုက်ပါ
၃ ရေထိုင်းထိုင်းနဲ့ ရေပတ်တိုက်ပေး၊ ကပ်ပေးပါ

#ရေဓာတ်မခန်းခြောက်အောင်ဘယ်လိုကာကွယ်မလဲ?

၁ နို့တိုက်ကလေးဆို တတ်နိုင်သမျှ စို့နိုင်သမျှ ခဏခဏတိုက်ပေးပါ၊ မိခင်ကိုယ်တိုင်လည်း ရေများများသောက်၊ နို့တိုက်ပြီးတိုင်းအရည်တခုခုသောက်ပါ။ နို့တိုက်ချိန်မှာအမေအသားနဲ့တိုက်ရိုက်ကြီးပူးကပ်မနေအောင် မျက်နှာသုတ်ပုဝါ သို့မဟုတ် အနှီးလေးခံထားရင် အသားချင်းထိပြီးအပူချိန်တက်တာကို ကာကွယ်နိုင်ပါတယ်။
၂ နို့ဘူးတိုက်ကလေးတွေကို နို့ဘူးဖျော်ပြီးသေချာအေးမှတိုက်ပါ။
၃ ကလေးကြီးတွေကတော့ တနေ့လုံးရေပုံမှန်သောက်နေအောင်တိုက်တွန်းပါ။ အရည်ရွှမ်းတဲ့ လိမ္မော်သီး ဖရဲသီး စသဖြင့်ဖြည့်စွက်စားနိုင်ပါတယ်။ အဓိကကတော့ ရေပါပဲ။

#အပူဒဏ်ကိုဘယ်လိုကာကွယ်မလဲ?

၁ ပေါ့ပေါ့ပါးပါးအဝတ်အစားပဲဆင်ပါ
၂ နေပူထဲထွက်ရင် လုံခြုံတဲ့ဦးထုပ်ဆောင်းပေးပါ
၃ တတ်နိုင်သမျှ နေရိပ်မှာထားပါ
၎ နေရောင်ကာ sunscreen ကို တစ်နှစ်အထက်ကလေးဆို လူးပေးနိုင်ပါပြီ ( မထွက်ခင်မိနစ် ၂၀ လောက်ကြိုလူးပြီး ၂ နာရီကြားတခါ ထပ်ထပ်လူးပေးနိုင်ရင်ပိုကောင်းပါတယ်) – ပထမဆုံးစသုံးတာဆို နေရာကွက်အသေးလေးမှာလူးပြီး တည့်မတည့်အရင်စမ်းကြည့်ပါ
၅ ကလေးတွေကို ကားထဲမှာမထားခဲ့ပါနှင့်
(လှောင်နေတဲ့ကားထဲကအပူချိန်ဟာ အရမ်းအန္တရာယ်ကြီးပါတယ် – ကလေးသေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်- မှန်လေးနည်းနည်းချပေးရုံနဲ့ အဲဒီအပူကို မကူနိုင်ပါ)
၆ ကားမှန်တွေမှာ sunshade အပြားလေးတွေနဲ့ ကာပါ
၇ အိမ်မှာအအေးဆုံးနေရာကိုရှာထားပြီးကလေးတွေကို တတ်နိုင်ရင်အဲ့ဒီနေရာမှာသိပ်ပါ
၈ ပုခက်ထဲမှာ မလိုအပ်ဘဲစောင်တွေကာထားတာမျိုးရှောင်ပါ လေဝင်လေထွက်ကောင်းပါစေ
၉ ကလေးတွေကို ပူပြင်းတဲ့ရာသီမှာ လက်တွန်းလှည်းထဲ တတ်နိုင်ရင်မအိပ်ပါစေနဲ့။ အရမ်းပူလာတတ်ပါတယ်။
၁၀ ပန်ကာသုံးပါ ဒါပေမယ့်ကလေးကို တည့်တည့်ချိန်ပြီးမဖွင့်ပါနဲ့
၁၁ ကလေးအိပ်ရာမှာ ကော်တွန်အခင်းများသာသုံးပါ
၁၂ ကလေးအိပ်လိုက်ရင် ခေါင်းတွေ ကိုယ်တွေနစ်ဝင်သွားတဲ့သိပ်ပျော့လွန်းတဲ့အခင်း၊ခေါင်းအုံးတို့ကိုရှောင်ပါ။
၁၃ မျက်နှာသုတ်ပုဝါအချို့ကို ရေစွတ်ပြီး ကလေးပုခက်တန်းမှာ အိပ်နေတုန်းတင်ပေးထားခြင်းက သူ့ပတ်ဝန်းကျင်ကအပူဓာတ်ကိုထိန်းပေးနိုင်ပါတယ်
၁၄ နေ့လည် ၁၁ နာရီမှ ညနေ ၅ နာရီဟာ အပူဆုံးမို့ တတ်နိုင်ရင် အဲ့ဒီအချိန်ကလေးတွေကို အပြင်မထုတ်ပါနှင့်။

ကလေးများအားလုံးအပူဒဏ်ကြောင့်ဖြစ်တဲ့ပြဿနာများမှ သက်သာပါစေကြောင်း …

#by သိမ့်သိမ့်ဇော် ( Child Health Myanmar)
#Reference : raising children network, betterhealth channel