ဆယ်ကျော်သက် အစောပိုင်း နှစ်တွေဆီ

ဟိုးတလောက သားက” မေမေ crush ဆိုတာ ဘာလဲ” လို့မေးပါတယ်….
အင်း ကိုယ်သိသလောက်တတ်သလောက် ရှင်းပြရတာပေါ့… သားမှာရှိလား မေးတော့ ရှက်ပြီး” No No” လို့ ပြောတယ်။
” သားမှာရှိရင် မေမေ့ကို ပြောပြနော်။ မေမေ လည်း သိချင်တယ်” ဆိုတော့ ရှက်ပြီး ထွက်ပြေးသွားတယ်။
ရှက်တာနော် သဘာဝအလျှောက်ကို ရှက်တာ… 😄

မနေ့ကတော့” မေမေနဲ့ ဖေဖေ ဘယ်တုန်းက ချစ်ကြတာလဲ”တဲ့… ဒါကလွယ်သေးတယ်။

” မေမေ့မှာ a thousand ex – boyfriend ရှိတယ် မှတ်လား။ မှန်မှန်ပြော” တဲ့…

အိုး…. ဘာတွေ လာမေးနေတာလဲ… နားရှက်စရာဆိုပြီးကျမ နားနှစ်ဖက်ကို အုပ်လို့ အခန်းထဲ ဝင်ပြေးသွားလိုက်တယ်….ပြောပြစရာလား…

😄😂😄

အဲ့လို လုပ်လိုက်တာ မဟုတ်ပါဘူးလို့… 😊

အဓိက ပြောချင်တာ ဒီလိုပါ…

ကျမတို့ တည်တည်ငြိမ်ငြိမ်ပဲ သူသိချင်တာလေးတွေကို သူနားလည်မယ့် စကားလုံးတွေနဲ့ ပြောပြဖြစ်တယ်။ မဆိုးဘူးပြောရမယ်။ ကိုယ့်ကိုယ်ကို ချီးကျူးရတယ်။ #နီတိုးလေးမေမေ

ဖေဖေမေမေ တို့ရဲ့ အချစ်ဇာတ်လမ်း၊ ငယ်ဘဝ၊ ကိုယ့်ရဲ့ ချစ်သူရည်းစားတွေ အကြောင်း ပြောပြတာကလည်း sex- Education တမျိုးပါပဲ။ ဒါ့အပြင် ကိုယ့်သားသမီးက ဘယ်လို လူကြီးလေး ဖြစ်လာမလဲ… သူများသားသမီးအပေါ် ဘယ်လို သဘောထားတတ်တဲ့သူ ဖြစ်လာမလဲ ဆိုတာကိုလည်း ဒီလိုပြောပြရင်း သင်ပေးပုံဖော်နိုင်တယ်လို့ ကျမထင်ပါတယ်။ ၁၀၀ရာခိုင်နှုန်း မဟုတ်ရင်တောင် သက်ရာက်မှုတော့ တော်တော် ပေးနိုင်ပါမယ်။

နောက်ပြီး သားက” မေမေ…. မေမေနဲ့ ဖေဖေ့ ညီမက ဘာလို့ခင်တာလဲ” တဲ့…

သြ……ဒီမေးခွန်းက ဆွေမျိုးသားချင်း အချင်းချင်း ဆက်ဆံရေးကို သူတို့ စိတ်ဝင်စားတယ်။ သိချင်တယ်။ သင်ယူနေတယ်။ ကျမတို့ နေတဲ့ ပုံစံ၊ ကျမတို့ in-laws တွေ အချင်းချင်း ဆက်ဆံရေးကလည်း ကလေးတွေအတွက် သင်ယူဖို့ အရင်းအမြစ်ပါပဲ။

တကယ်တော့ ၈- နှစ်ကျော်လာတဲ့ သားက pre -teen(8-12 years) လေးဖြစ်နေပါပြီ။ သူသိချင်တာတွေ တအားများလာတယ်။ တခြား မေးခွန်းတွေလည်း တအားမေးပါတယ်။ အကြောင်းအရာ အချက်အလက်တွေကို ဆက်စပ်မိချင်လာတဲ့သဘော…

ဒီမေးခွန်းတွေဟာ သူ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားလာတာ သိချင်လာတာ အပြင်… လူလူချင်း ဆက်ဆံရေးတွေကို သိချင်လာတာ…

ဖေဖေက မေမေ့ကို ဘယ်လို ဆက်ဆံလဲ
မေမေက ဖေဖေ့ကို ဘယ်လို ဆက်ဆံလဲ
မေမေဖေဖေက သူတို့ မိဘတွေကို ဘယ်လို ဆက်ဆံလဲ..
သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ လူကြီးတွေ adult တွေက ဘယ်လို ပြုမူနေထိုင်သလဲ…
သူ့ရဲ့ ပတ်ဝန်းကျင် အိမ်နီးနားချင်း မှာ ရှိတဲ့ လူတွေက ဘယ်လိုလဲ…
စသဖြင့်… စသဖြင့်

ဒါတွေဟာ သူတို့လေးတွေရဲ့ ပညာယူစရာ အတုခိုးစရာ အရင်းအမြစ်တွေပါ။ ဒီအရင်းအမြစ်တွေပေါ် အခြေခံပြီး pre teen လေးတွေဟာ ကြီးပြင်းလာတယ်။ သူတို့ ဦး နှောက်ဟာ ဖွံ့ဖြိုးလာတယ်။

ဒါကြောင့် ကလေးတွေအတွက် ပတ်ဝန်းကျင်ဟာ အရမ်းကို အရေးကြီးပါတယ်လို့ ဆိုကြတာပေါ့။ မိဘက သင်ပေးတာ ပြောပြတာထက်ကို ခေါင်းထဲ ပိုရောက်တဲ့ အချက်တွေပေါ့။

ကျမအတွက် ဘာလုပ်ရမှန်းမသိ ရုန်းကန်ဆဲ သင်ယူဆဲ ခက်ခဲဆဲပါပဲ….

မေတ္တာဖြင့်
ယုငယ်
၂၃-၁၂-၂၀၁၇