၎ လမှ ၇ လ အထိ ဖွံ့ဖြိုးကြီးထွားမှုမှတ်တိုင် ( developmental milestones at 4 to 7 months)

ကလေးလေးတွေက ၄ လ ကျော်လာတဲ့အချိန်က စလို့ အပြင်လောကနဲ့ တစ်ရင်းတစ်နှီးဖြစ်လာပါပြီ။ သူတို့လေးတွေ ပိုပြီးပြုံးရယ်လာကြပါပြီ။မေမေတို့နဲ့ ဝူးဝူးဝါးဝါးလေးတွေပြောလာကြပါပြီ။ ၅လ ကနေ ၆ လ အတွင်းမှာ စပြီးထိုင်နိုင်စပြုလာပါပြီ။ ၇ လ လောက်ဆိုရင်တော့ အကူမလိုပဲ ထိုင်နိုင်ပါပြီ။ တစ်ချို့ ဆို ဝမ်းလျားမှောက်ကနေ ပက်လက်အနေအထား ကို လှိမ့်နိုင်နေပါပြီ။ မေမေတို့ချီထားတဲ့အခါ သူတို့ချီထောက်လေးတွေနဲ့ ကိုယ်အလေးချိန်ကို ထိန်းပြီး ခုန်ဆွဆွလေးတွေ လုပ်နိုင်လာပါပြီ။ ကလေးလေးတွေက အရုပ်တွေကို သူတို့နားကိုဆွဲယူဆုပ်ကို်င်လာနိုင်ပါပြီ။ လက်တစ်ဖက်ကနေ တစ်ခြားတစ်ဖက်ကို လည်း ပြောင်းရွှေ့ပြီးကိုင်နို်င်လာပါပြီ။ လက်ချောင်းလေးတွေ စပြီးသန်လာပါပြီ။ မျက်စိနဲ့ လက်အချိုးညီတွဲဖက်လုပ်ကိုင်နိုင်မှု ( hand eyes coordination) စတင်ပြုလုပ်နိုင်လာပြီ။

မေမေတို့ရဲ့ ကလေးလေးတွေက ဒီအချိန်မှာ မေမေတို့ရဲ့ လေသံ အနိမ့်အမြင့် (tone of voice)ကို ပိုပြီး တုံ့ပြန်လာပါပြီ။ သူတို့ ကို မေမေတို့ အမြဲခေါ်တဲ့ နာမည်ကို မှတ်မိလာပါပြီ။ သူတို့ကိုခေါ်ရင် လှည့်ကြည့်တတ်လာပါပြီ။

တူးဝါးကစားနည်း ( peekaboo) က အနှစ်သက်ဆုံး ကစားနည်းဖြစ်တတ်လာပါပြီ။ သူတို့မျက်နှာလေးကိုလည်း မကွယ့်တစ်ကွယ် ပုန်းတတ်လာပါပြီ။ တူးဝါးကစားနည်းက ကလေးလေးတွေ လသားကစပြီး ကြီးလာတော့ hide and seek အဖြစ် ကစားပေးနိုင်ပါတယ်။ တူးဝါး ကစားခြင်းဖြင့် သူတို့ပျော်ရွှင်တဲ့ အပြင် သူတို့ရဲ့အာရုံစူးစိုက်နိုင်မှု၊ မျက်လုံးအကြည့်ဆုံနိုင်မှု၊ တုံ့ပြန်နိုင်မှုတွေကို အားပေးပါတယ်။

ကလေးလေးတွေ ဒီအချိန်မှာ အရောင်စုံကို မြင်နို်င်လာပါပြီ။ ခပ်ဝေးဝေးကိုလဲ မြင်နိုင်လာပါပြီ။ မေမေတို့ အရုပ်ကို သူတို့ရှေ့မှာ လှုပ်ပြလို့ရှိရင် သူတို့ မျက်လုံးလေးတွေနဲ့ နီးကပ်စွာ လိုက်ကြည့်တတ်နေပါပြီ။ သူတို့ကိုယ်သူတို့ မှန်ထဲမှာ ပြန်မြင်ရင်တော့ အရမ်းကို သဘောကျတတ်ကြပါတယ်။

မေမေတို့ရဲ့ အခန်းကဏ္ဍ
******************

ကလေးလေးတွေက မေမေတို့နဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံနေရတာကို အရမ်းကို နှစ်သက်ကြပါတယ်။ သူတို့လေးတွေနဲ့ မေမေတို့ ဘာလုပ်လုပ် ပျော်စရာကစားနည်းလေးတွေနဲ့ ကစားနိုင်ပါတယ်။ ဥပမာ- သူတို့ စိတ်ဝင်စားမယ့် မျက်နှာအမူအယာ အသံမျိုးပဲဖြစ်ဖြစ်လုပ်ပြီး ကစားရယ်မောနိုင်ပါတယ်။ သူတို့လေးတွေ ဝူးဝါးနဲ့ စကားပြောလာရင်လည်း အားပေး၊ပြန်ပြောခြင်းဖြင့် သူတို့ရဲ့ ဆက်ဆံရေးစွမ်းရည်( communication skills) ကို လသားထဲက တိုးတက်အောင်လုပ်ပေးနိုင်ပါတယ်။

နေ့တိုင်းကလေးစာအုပ်လေးတွေတူတူဖတ်ပေးပါ။ စာအုပ်ထဲက အရာဝတ္ထုတွေကို ပုံထောက်ပြ၊ နာမည်ပြောပြပေးပါ။ အိမ်မှာ အနီးအနားမှာတွေ့နေကျ အရာဝတ္ထုတွေကိုလည်း နာမည်ပြောပြမိတ်ဆက်ပေးပါ။
ကလေးကို ထိုင်လျက်၊ ပက်လက်အိပ်လျက်၊ဝမ်းလျားမှောက်လျက် အနေအထားများနဲ့ ခန္ဓာကိုယ်ကြွက်သားများ သန်မာလာအောင် လှုပ်ရှားဆော့ကစားနို်င်အောင် အခွင့်အရေးများများဖန်တီးပေးပါ။

ကလေးလေးတွေ လေးဘက်ထောက်သွားနိုင်တဲ့အရွယ် မတိုင်မီ အိမ်တွင်းရှိ ပစ္စည်းများကို ကလေးများအတွက်စိတ်ချလုံခြုံစွာ စူးစမ်း explore လုပ်နိုင်အောင် ကြိုတင်စီစဉ်ထားသင့်ပါတယ်။

အိပ်ချိန်၊စားချိန်၊ကစားချိန်များကို အချိန်မှန်ဖြစ်အောင် ပြုလုပ်သင့်ပါတယ်။၆ လ အရွယ်ဆိုရင်တော့ ဖြည့်စွက်စာ (solid food) အတွက် အဆင်သင့် ဖြစ်နေနိုင်ပါပြီ။

သတိပြုရမယ့် အချက်များ
******************

ကလေးတစ်ယောက်ချင်းစီတိုင်းမှာ သူ့ကိုယ်ပိုင်ကြီးထွားမှုနှုန်းကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ အောက်မှာ ဖော်ပြထားတဲ့ အချက်များရှိခဲ့ရင်တော့ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပြသသင့်ပါတယ်။

-အနားမှာရှိတဲ့ အရုပ်/အရာဝတ္တုတွေကို လှမ်းဆွဲခြင်းမရှိခြင်း။
– မိခင်/ ပြုစုစောင့်ရှောက်သူကို သိဟန်မပြခြင်း။
-ခေါင်းမထောင်နိုင်ခြင်း၊ မထိုင်နိုင်ခြင်း။
-ကိုယ်ခန္ဓာမာတောင့်နေခြင်း။
– မရယ်မပြုံးခြင်း။
-ပါးစပ်ထဲသို့ ထည့်သွင်းရာတွင် ခက်ခဲခြင်း။
-ဘယ်ဘက်ကိုမျှ လှိမ့်ခြင်း၊ မှောက်ခြင်း မရှိခြင်း။
-” အ၊အဲ၊အို” စတဲ့ ကလေးသံများမပြုလုပ်ခြင်း။

စိတ်ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
မေတ္တာဖြင့်…
ယုငယ်(နီတိုးလေးမေမေ)

#နီတိုးလေးမေမေ #မိခင်ဘဝ #ယုငယ်
Ref; babycenter.com
Thebump.com