၈ လမှ ၁၂ လ ကြီးထွားဖွံ့ဖြိုးမှု မှတ်တိုင် (Developmental milestones at 8 to 12 months)

. ဒီအချိန်မှာ ကလေးလေးတွေဟာ စိတ်ဝင်တစားနဲ့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာအားလုံးကို စူးစမ်းလေ့လာကြပါပြီ။ သူတို့ဘယ်လောက်ထိ မြန်မြန် လေးဘက်ထောက်နိုင်သွားနိုင်၊ လှစ်ခနဲပြေးသွားနိုင်တယ်ဆိုတာ မေမေတို့ ကိုယ်တိုင်အံ့သြကြရမှာပါ။ သူတို့ဘာသာကောင်းကောင်းထိုင်နိုင်နေပြီး တွေ့သမျှကို ဆုပ်ကိုင်အားယူပြီး မတ်တပ်ရပ်ဖို့ကြိုးစားလာကြပါပြီ။ ကိုင်စရာလေးတွေ အားယူပြီး လှည့်ပတ်လျှောက်သွားတတ်လာကြပါပြီ။ တစ်ချို့ဆို ပထမမွေးနေ့မတိုင်ခင် ခြေလှမ်းတစ်လှမ်းစ နှစ်လှမ်းစလျှောက်နိုင်လာကြပါပြီ။ ကလေးလေးတွေရဲ့ ကြီးမားတဲ့ ပထမဆုံးအောင်မြင်မှုဖြစ်တဲ့ အတွက် ဖေဖေမေမေတို့ အနေနဲ့ လုံခြုံတဲ့ အခြေအနေလေးဖန်တီးပြီး စိတ်တိုင်းကျစူးစမ်းခွင့်ပေးသင့်ပါတယ်။

ကလေးလေးတွေရဲ့ ကလေးသံဗလုံးဗထွေးလေးက ပိုပြီးပီသလာပါပြီ။ သူတို့ရဲ့ပထမဆုံး စကားလုံး “မမ” ဒါဒါ” “ဘဘ” စသဖြင့် မေမေဖေဖေတို့ ကြားခွင့်ရလာပါပြီ။ သူတို့လေးတွေ ဒီအချိန် မှာ “ပေးပေး” “လာလာ” စသဖြင့် အတိုကောက် စကားပြောလေးတွေ ပြောလာကြပေမယ့် များသောအားဖြင့် ကိုယ်ဟန်အမူအယာ Gestures တွေကိုသုံးပြီးပဲ သူတို့လိုချင်တာ၊မလိုချင်တာတွေကို ပြောကြပါတယ်။ မေမေတို့ရဲ့ စကားတွေအပေါ် ပိုပြီးအာရုံစူးစိုက်တတ်လာကြပါပြီ။

လက်ကလေးတွေကို သွက်လက်ကျွမ်းကျင်စွာ သုံးတတ်လာကြပါပြီ။ ဗူး(သို့) ထည့်စရာတစ်ခုခု ထဲသို့ ပစ္စည်းများထည့်လိုက်ထုတ်လိုက် လုပ်ရတာကို အရမ်းသဘောကျတတ်ကြပါတယ်။ လက်မနဲ့ လက်ချောင်းလေးတွေသုံးပြီး Finger Foods လေးတွေစားတတ်လာပါပြီ။ သူတို့ ဆံပင်ကို သူတို့ဖာသာဖြီးတာ၊ ခွက်ကို ကိုယ်တိုင်ကိုင်ပြီးသောက်ချင်တာ၊ ဖုန်းကို နားနားထားပြီး ဖုန်းပြော ယောင်ကစားတာတွေ လုပ်တတ်လာပြီး အဲလို လုပ်ရတာကိုလဲပျော်ရွှင်တတ်ကြပါတယ်။

ကလေးလေးတွေ ဒီအရွယ်မှာ အပြင်မှာ ပျော်ရွှင်တတ်ကြပြီး တစိမ်းတွေနဲ့ နေတတ်တယ် ပျော်တယ်လို့ ထင်ရပေမယ့် မေမေတို့ သူတို့ကို ထားပြီး ခဏထွက်သွားရင်တော့ အလိုမကျ ငိုယိုတာတွေဖြစ်တတ်ပါတယ်။ ခွဲခွာမှု ကို စိုးရိမ်ကြောင့်ကျခြင်း Separation Anxiety က ဒီအရွယ်မှာ ပုံမှန်ပါပဲ။

မိခင်( အနီးကပ်ပြုစုစောင့်ရှောက်သူ) ရဲ့ အခန်းကဏ္ဍ
_______________________________________________

ကလေးလေးတွေကို စကားများများပြောပေးဖို့ မမေ့ပါနဲ့။ ဒီအသက်အရွယ်က သူတို့ရဲ့ ဘာသာစကားဖွံ့ဖြိုးတိုးတက်မှု(language development) အတွက် အရမ်းအရေးကြီးတဲ့ အချိန်ပါ။ မေမေတို့နဲ့ ကလေးလေးတွေ ပုံမှန်လုပ်နေကျ အစီအစဉ် (ဥပမာ… မေမေတို့ ထမင်းပြီးရင် စာအုပ်ဖတ်မယ်နော်။ ပြီးရင် တစ်ရေးအိပ်မယ်နော်) များကို ပါးစပ်မှ သူတို့ကို ပြောပြပြီး လုပ်ပေးပါ။ မေမေတို့ မြင်သမျှ အရာဝတ္ထု၊ပြုလုပ်မှုတွေကိုလဲ ဘာကြောင့်လုပ်တယ်၊ ဘာလုပ်နေတာစသဖြင့်ပြောပြ ပေးပါ။ တစ်ခါတစ်လေ အခြေအနေတစ်ခုကို နားလည်အောင် ရုပ်ပုံပြသခြင်း၊ အမူအရာလုပ်ပြခြင်းဖြင့် ရှင်းပြပါ။ ခုမှလူ့လောကကို စတင်စူးစမ်းနေတဲ့ ကလေးလေးတွေက မေမေတို့ စကားလုံး အသုံးတစ်ခုထဲနဲ့ ကိစ္စတစ်ခုကို နားမလည်တတ်သေးပါဘူး။ ဥပမာ … သမီးမပြေးနဲ့လို့ မေမေ တို့ ကတားတယ်၊ သမီးလေး ကမရပ်ဘူး ဆက်ပြေးနေတယ်။ ဘာဖြစ်လို့လို့ မေမေတို့ ထင်ပါသလဲ ။ ပြေးတယ်ဆိုတဲ့ စကားအသုံးကို ကလေးတစ်ယောက်အနေနဲ့ မသိသေးလို့ပါ၊ ပြေးတယ်ဆို တာ ဒီလိုပါလို့ ရုပ်ပုံ၊အမူအရာပြထားရင်တော့ သူ့ဦးနှောက်က ပြေးတယ်ဆိုတာ ဒီလိုဆိုပြီးမှတ်လိုက်ပါပြီ။ ကလေးလေးတွေဟာ ဘာသာစကားကို ဒီနည်းနဲ့ သင်ယူကြတာပါ။ ကလေးလေးတွေ ငိုရင်၊ရယ်ရင်၊ ပျော်ရင်၊ စိတ်ကောက်ရင်၊အလိုမကျရင် မေမေတို့က သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပြောပြပေးပါ။ ဒါမှ ကလေးလေးတွေ စိတ်ခံစားချက် (emotion)
ကို သင်ယူနိုင်မှာပါ။ လွယ်ကူမှာပါ။စာတူတူဖတ်တာ၊ တူးဝါးကစားတာ၊ အလှည့်ကျ ကစားနည်း (turn taking) တွေကို ကစားပေးပါ။#နီတိုးလေးမေမေ

မေမေတို့ အနေနဲ့ သူတို့ ဘာလုပ်ရတာ သဘောကျလဲဆိုတာကို ဂရုစိုက်ပေးပါ။ သူတို့ရဲ့ အာရုံ အားလုံးဖြန့်ကျက်ပြီး စူးစမ်းလေ့လာ ကစားတာကို ခွင့်ပြုပေးပါ၊ ဆင့်စီလို့ရတဲ့ ဘလောက်တုံးလေးတွေ၊ စာရွက်နဲ့ crayons လေးတွေ၊ အန္တရာယ်မရှိတဲ့ ပလပ်စတစ် ဖိုင်ဘာ ပန်းကန်၊ခွက်၊အိုး၊ဇလုံ စတာတွေကို ပေးပြီး ကစားစေ၊ဆော့စေနိုင်ပါတယ်။ မေမေ တို့ သူတို့လေးတွေ လွတ်လပ်စွာ အန္တာရယ်ကင်းစွာ စူးစမ်းခွင့်ပေးလေ သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကောင်းလေပါပဲ။

တစ်နှစ်သားအရွယ်က မေမေတို့ရဲ့ စည်းကမ်းနဲ့ လိုက်နာရမဲ့ အချက်တွေကို နားလည်ဖို့ ငယ်သေးပေမယ့် မေမေတို့ ဒီရွယ်ကစပြီး ဘယ်အမူမကျင့် ကမလုပ်သင့်ဘူဆိုတာကို ရိုးရိုးလေး “ဒါမလုပ်ရဘူးနော်”လို့ ပြောပေးခြင်း၊ သူတို့လေးတွေ မှန်ကန်ကောင်းမွန်တဲ့ အမူအကျင့်များရှိခဲ့ရင်လဲ ” လိမ္မာလိုက်တာ” ” ဟုတ်တာပေါ့” ” ဒါကြောင့်ချစ်တာ” စသဖြင့် ထုတ်ဖော်ချီးကျူးပေးခြင်း၊လိုချင်တာလေးပေးပြီး ဆုချ ပေးခြင်းတို့ဖြင့် good behaviors and bad bahaviors တွေကို စတင် သိအောင် လမ်းပြသင်ကြားပေးနိုင်ပါတယ်
မေမေတို့ရဲ့ ကလေးလေးတွေ မေမေတို့နဲ့ ခွဲဖို့ ခက်နေတဲ့ သူတို့ရဲ့ စိတ်ခံစားချက်ကို အလေးထားပါ။ သူတို့ကို ထိန်းမယ့် (သို့) ကိုယ်ထားခဲ့မယ့် သူနဲ့ ကလေးလေးတို့ ရင်းနှီးယုံကြည်မှုရအောင် အရင်ဆုံးအချိန်ပေးပါ။ မေမေတို့ မထွက်သွားခင် နှုတ်ဆက်ပြီးသွားဖို့မမေ့ပါနဲ့။ ငိုမှာစိုးလို့ တိတ်တိတ်လေးထွက်သွားခြင်းက မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်။ သူတို့လေးတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့အထိဖြစ်နိုင်ပါတယ်ရှင်။

သတိထားရမယ့်အချက်များ
__________________________

ကလေးတစ်ယောက်နဲ့တစ်ယောက် ကြီးထွားမှုနှုန်းများက ထပ်တူမကျနိုင်ပါဘူး။ ကလေးလေးတွေအောက်မှာဖော်ပြထားတဲ့အချက်များ ရှိခဲ့ရင်တော့ ဆရာဝန်နှင့်တိုင်ပင်သင့်ပါပြီ။

-လေးဘက်မသွားခြင်း။
– လေးဘက်သွားနေတဲ့အချိန်မှာ တစ်လထက်ပို၍ တစ်ဘက်တည်းသို့ ဆွဲ၍သွားတယ်လို့ထင်ရခြင်း။
-အမှီ ကို ကိုင်၍မရပ်နိုင်ခြင်း။
-သူရှေ့မှာ ဖွက်ထားတဲ့ ကစားစရာ၊အရာဝတ္ထု ကို မရှာနိုင်ခြင်း။
-စကားလုံးတစ်လုံးမျှ မပြောခြင်း။
-ကိုယ်အမူအရာ gesture မသုံးခြင်း ( ဥပမာ – လက်ညှိုးထိုးညွှန်ပြခြင်း၊ ခေါင်းခါ၍ ငြင်းဆန်ခြင်း)

ကလေးလေးတွေအားလုံး ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ခန္ဓာကိုယ်ဖွံ့ဖြိုးမှုမှတ်တိုင် အားလုံးသို့အသက်အရွယ်အလိုက် ရောက်ရှိနိုင်ကြပါစေ။

စိတ်ပျော်ရွှင်ကျန်းမာကြပါစေ
မေတ္တာဖြင့်
ယုငယ်( နီတိုးလေးမေမေ)

Ref; babycenter.com
thebump.com