ကြက်ဆီထမင်း

အိမ်မှာ လွယ်လွယ်ကူကူနဲ့ ချက်စားဖို့ အဆင်ပြေတဲ့နည်းလေးပြန်လည်မျှဝေပေးပါ့မယ်နော်။
ကလေးနဲ့မို့ ကြက်အရေခွံကို မသုံးထားပါဘူး။ ကြက်သားလေးတွေကို အပေါ်ယံလေးတင်းအောင်ကြော်ထားတဲ့ ဆီကို ပြန်သုံးထားပါတယ်။
ကြက်အရေခွံကို သုံးချင်တယ်ဆိုရင်လည်း ရပါတယ်။

ကြက်သား ၂၀၀ဂရမ်
(အရိုးမပါ အရေခွံမပါတာကို သုံးထားပါတယ်)
ဆန် ပလက်စတစ် ဆန်ချိန်ခွက် ၁ ခွက်
ဂျင်း လက်တစစ်ခန့်
ကြက်သွန်ဖြူ ၂မွှာ
ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း
နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ စားပွဲဇွန်း ၃ ဇွန်း
ရေ ၆၀၀ ml

ပထမဆုံးအနေနဲ့ ကြက်သားကို ရေဆေးကာ ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း သကြားနဲ့ နယ်ကာ ရေထည့်ပြုတ်ပါ။ ကြက်သွန်ဖြူကိုလည်း အခွံခွှာ ရေဆေးကာ ကြက်ပြုတ်အိုးထဲထည့်ပါ။ ဂျင်းကို အလွှာလေးတွေလွှာကာ ကြက်ပြုတ်အိုးထဲကိုထည့်ပါ။
ကြက်ပြုတ်ရည်ပွက်လာလျှင် အဖြူအမြှုပ်တွေတတ်လာတတ်ပါတယ်။ အဖြူအမြှုပ်တွေကို ဖယ်ပစ်ပါ။
ရေ ၃ပုံ ၁ပုံလောက်ခမ်းသွားလျှင် မီးပိတ်ထားပါ။

ကြက်သားတွေကို အအေးခံထားပါ။
ဆန်ကို ရေဆေးကာ ရေစစ်ထားပါ။

ကြက်သားတွေကို ရှည်ရှည်လေးတွေလှီးပေးပါ။

ဆီကို အပူပေးကာ ကြက်သားကို ထည့်ကြော်ပါ။ တဖက်ကို ၁မိနစ်လောက်ပဲကြော်ကာ ပြန်ဆယ်ထားပါ။

ခုနက ကြက်သားကြော်ထားတဲ့ဆီထဲမှာ ဆန်ကိုထည့်ကာ ဆီသတ်ပါ။ ဆား လက်ဖက်ရည်ဇွန်း တဝက်ထည့်ကာမွှေပေးပါ။ ၂မိနစ်ခန့် ကြော်ပေးပါ။

ထမင်းပေါင်းအိုးထဲမှာ ဆီသတ်ထားတဲ့ဆန်ထည့်ပါ။ ကြက်ပြုတ်ရည်ကို ပလက်စတစ်ဆန်ချိန်ခွက်နဲ့ ၂ ခွက်ထည့်ပါ။ နှမ်းဆီမွှေးထည့်ကာ သမသွားအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ပုံမှန်ထမင်းချက်သလိုပဲ ပေါင်းအိုးနဲ့ ချက်လိုက်ပါ။
ဒါဆိုရင်တော့ အနံ့မွှေးကာ အရသာကောင်းတဲ့ ကြက်ဆီထမင်းလေးရပါပြီရှင်။

အချဉ်အတွက်ကတော့ ငရုတ်သီးအနီ ဗနီကာ သကြား ဆား ဂျင်း ကြက်သွန်ဖြူကို ရောကြိတ်လိုက်ရင် ရပါပြီ။

**ကလေးကိုတော့ အချဉ်မကျွေးပါဘူနော်။ အချဉ်က လူကြီးတွေအတွက်ပါ။ **