❤️အနှုတ်လက္ခဏာတွေ ထည့်မိခဲ့တဲ့ နှလုံးသားနုနုလေးဆီကို အပေါင်းလက္ခဏာ မေတ္တာတွေ ပြန်ထည့်ပေးရအောင်❤️

သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ စကားပြောကြရင်း သူက ဒီလိုပြောလာပါတယ်။ သူ့သားလေးက ငါးနှစ်ကျော်၊ နှစ်ယောက်မှာ အကြီးလေးပေါ့။သူတို့လင်မယားက အမြဲတမ်းသူရှေ့ ရန်ဖြစ်ပါတယ်။သူ့ကြောင့်ဖြစ်ရတာလည်း ရှိသလို အိမ်ထောင်ရေး အဆင်မပြေတာကြောင့်ကများပါတယ်တဲ့။အခုနောက်ပိုင်း သူ့သားကကျောင်းမှာ စာလုံးဝမရေးတော့ပါဘူး။ဆရာမပြောတာတောင် မရပါဘူး။အမြဲပဲဆော့နေပြီး ဆော့ဖို့ပဲတချိန်လုံး ခေါင်းထဲမှာရှိပါတယ်တဲ့။နည်းလမ်းလည်း ပေါင်းစုံသုံးပြီးပါပြီ ဘာမှထူးမလာပါဘူးတဲ့။အခုနောက်ပိုင်းသားကြောင့် ရန်မဖြစ်အောင် ရှောင်နေပါတယ်။ ဒါပေမယ့် အမေတစ်ယာက်အနေနဲ့ သားရဲ့ ထူးခြားလာတဲ့ အပြုအမူကို စိတ်ပူတာပေါ့လေ။ ဘယ်လိုလုပ်ရမလဲ။ ကလေးရှေ့မှာ ရန်ဖြစ်မိတာကို ဘယ်လို ပြန်ပြီး အမှားပြင်သင့်သလဲလို့ ပြောဖြစ်ကြပါတယ်။

ဒီတော့ #နီတိုးလေးမေမေ လည်း ပညာရှင်မဟုတ်၊ သာမန်မိခင် တစ်ယောက်သာ ဖြစ်လို့ မိခင်တစ်ယောက်ရဲ့ စိတ်နဲ့ပဲ သိသလောက်လေး သူ့ကို ပြောဖြစ်ပါတယ်။

* * *

⭐️ဒီကိစ္စက သူ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ဖြစ်နေနိုင်သလို၊ သူတကယ်အဆော့မက်တာလည်း ဖြစ်နို်င်ပါတယ်လေ။ သူရဲ့ တခြား အပြုအမူ behavior တွေကိုလည်း ကြည့်သင့်ပါတယ်။ ၅-နှစ်သား တစ်ယောက် စာမရေးချင်တာ တစ်ခုတည်းနဲ့ သူ့စိတ်ထိခိုက်နေတယ် လို့ပြောလို့မရနိုင်ပါဘူး။ ဘာလို့ဆိုတော့ ဒီအရွယ်မှာ တစ်ချို့ က စာကောင်းကောင်းရေးပေမယ့် တစ်ချို့ က သိပ်မရေးသေးပါဘူး။ အများကြီးလည်း မရေးနိုင်သေးပါဘူး။ စာရေးခိုင်းတဲ့ နည်းလမ်းက ပျော်စရာမကောင်းရင် ဘယ်ကလေးမှ အများကြီးမရေးနိုင်သေးပါဘူးမဟုတ်လား။ ကစားတာက ပျော်စရာကောင်းတယ်လေ။ ကစားရင်း သင်တဲ့ နည်းက ငယ်တဲ့ ကလေးတွေအတွက် အကောင်းဆုံးပါ။၅- နှစ်မို့ ကစားမက်တာ အဆန်းမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် စာရေးသင်တာလည်း သင်ရမှာပါ။ ဒါကြောင့် ကစားချိန် အဝ ကစားပြီး စာရေး၊ စာဖတ်ချိန်၊ပုံဆွဲချိန်ကို သူဆွဲချင်အောင် စည်းကမ်းထားပြီး အကျင့်လုပ်ရပါမယ်။ ဒီလိုလုပ်တဲ့အခါမှာလည်း ချက်ချင်းကြီးစားပွဲမှာ ထိုင်ပြီး စာရေးကြဖို့လုပ်လို့မရပါဘူး။ သူကမရေးချင်လို့ပါ။ နည်းမျိုးစုံ သုံးပြီးပြီ မရဘူး ဆိုတော့ သူဆန့်ကျင်နေတာသေချာပါပြီ။ သူစိတ်မပျော်တာကို ကစားတဲ့နည်းနဲ့ အာရုံလွှဲထားတာလည်း ဖြစ်နိုင်တယ်။

အငယ်လေးမွေးပြီး သူ့အပေါ် ဂရုစိုက်တာ နည်းသွားတာရောရှိခဲ့ဖူးလား? သူနဲ့ အဖေ၊အမေ အချိန်ပေးပြီး ကစားတာ နည်းသွားလား။ ကလေးရှေ့မှာ ရန်ဖြစ်မိတဲ့ အပြင် သူ့ကို အငယ်လေးမွေးပြီး သေချာ ဂရုမစိုက်မိတာများဖြစ်သေးလား? သူ့ကို လုပ်ပေးနေကျတွေ မလုပ်ပေးမိတော့တာတွေရော ရှိသေးလား? လူကြီးတွေက သတိမထားမိဘဲ အငယ်လေးကိုပဲ ပြုစုလုပ်ကိုင် ချော့မြူနေတာမျိုးတွေ ဖြစ်နေမိတတ်တယ် မဟုတ်လား။

ဆရာမ ကပြောလို့မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူစိတ်မပျော်တာ က ဆရာမကြောင့်မှ မဟုတ်တာ။
ဒါကြောင့် သူစိတ်ပျော်အောင် မိဘကပြန်လုပ်ပေးရမှာပါ။ ကလေးတစ်ယောက်အတွက် မိဘက သူ့ရဲ့ကမ္ဘာကြီးပါ။ ဒါကြောင့် သူ ငယ်တုန်း မိဘနှစ်ပါးလုံး တိုင်ပင်ပြီးလုပ်စေချင်ပါတယ်။စိတ်ရှည်ရပါမယ်။

စိတ်နဲ့ပတ်သက်တဲ့ အလုပ်မို့ လက်ကိုရေဆေးလိုက်သလို ချက်ချင်း ပြောင်သွားတာတွေ့ရသလိုတွေ့ရမှာမဟုတ်ပါဘူး။ အချိန်ယူ ပြုလုပ်ရင် ပိုကောင်းလာနိုင်ပါတယ်။ သူနဲ့ အဖေ ( သို့) အမေ က တစ်နေ့ကို နာရီဝက်လောက် အနည်းဆုံး အတူတူဆော့ပေးကြည့်ပါလား။ အချိန်ပေးပါ။ အချိန်ပေးတာဟာ ကလေးတစ်ယောက်အတွက် အကောင်းဆုံးဆေးပါပဲ။

⭐️သူ့ကြောင့် မိဘတွေ ရန်ဖြစ်တာမဟုတ်ဘူး၊ သူ့ကို ဖေဖေမေမေ ကချစ်တယ်ဆိုတာ အချိန်တိုင်း ပြောပေးပါ။ ဖက်ထားတာ၊ အာဘွားပေးတာ များများလုပ်ပေးပါ။ လင်မယား ကြည်ဖြူနေတဲ့ အချိန်မျိုးမှာ သူနဲ့ တစ်နေရာရာ သွားတာ၊ တူတူဖက်ထားပေးတာ၊ အတူတူ ကစားတာမျိုး လုပ်ပေးပါ။ ဒါမှ ဖေဖေ မေမေ က သဘောထား ကွဲပြီး ရန်ဖြစ်ပေမယ့် ပြန်အဆင်ပြေတယ်၊ သူ့ကို ချစ်တယ်ဆိုတာ သူသိနိုင်မှာပါ။ သူ့ကို ဘာဖြစ်ဖြစ်ချစ်တယ်ဆိုတာ ခဏခဏပြောပေးပါ။ ကလေးတွေက အလိုလို မသိပါဘူး။ သူတို့ရင်ထဲ လုံခြုံမှုကို ခံစားရစေတာ မိဘရဲ့ မေတ္တာပါ။ Happy kid is a smart kid ပဲလေ။❤️( တကယ်လို့ ဖေဖေ နဲ့ မေမေ ဟာ ညှိုမရတဲ့အကြောင်းတွေကြောင့် ပြန်အဆင်မပြေနိုင်ဘူး ဆိုရင်တောင် ကလေးကို အရိုးရှင်းဆုံး နားလည်းအောင် အမှန်အတိုင်းပြောပြသင့်ပါတယ်။ ဒီလို ဖြစ်တာလည်း သားကြောင့်မဟုတ်ဘဲ ဖေဖေရောမေမေက သားကို ချစ်တယ်ဆိုတာ သေချာပြောပြသင့်ပါတယ်)

ဒီရက်တွေမှာ သူ့ကို မဆူသင့်ပါဘူး ။ ကလေးမို့ ပစ္စည်းတိုက်မိတာ၊ မုန့်ပန်းကန်မှောက်ကျတာ၊ အော်ဟစ်လျှောက်ပြေးလို့ ဆူညံတာတွေရှိမှာပါ။ အဲဒီအခါမျိုးမှာလည်း မဆူပဲ သူနားလည်အောင် ပြောပြပေးပါ။

ဥပမာ- သူတိုက်ချလိုက်လို့ ပန်းကန်ကွဲသွားတယ်ဆိုပါတော့။ ” အိုး … သားနောက်ဆုတ်နေ။ ထိမိမယ်….” ဆိုပြီး လေသံရော၊ အမူအရာပါ ပုံမှန်နဲ့ ပစ္စည်းကို အရင်သိမ်းပါ။ မေမေ က သူ့ကို ဆူမယ်ထင်ထားတာ မဆူဘဲ သူ့ကို စိုးရိမ်ပြီး ပစ္စည်းကို ပုံမှန်သိမ်းနေတာကို သူကြည့်နေပါမယ်။ ပြီးမှ ” သားက ဂရုစိုက်မှပေါ့။ ဒါကြောင့် မေမေ အမြဲပြောတာ ဂရုစိုက်ဖို့။ အခု ပန်းကန်လေးကွဲသွားပြီး။ မတော်ရင် သားကိုတောင် ထိနိုင်တယ်။ ထိရင် သားနာနာ ဖြစ်မယ်သိလား” အဲလိုလေးရှင်းပြပြီးသူ့ကို မဆူရင် သူပိုပြီးနားထောင်ပါလိမ့်မယ်။ အရုပ်သေးသေးလေးတွေ ထည့်ထားတဲ့ ဘူးကို လှည့်ပတ်ဆော့လွန်းလို့ မှောက်ကျကုန်တယ်ဆိုပါတော့။ အထက်ကနည်းအတိုင်းပဲ မဆူဘဲ မေမေ က ကောက်ထည့်ရင်း ” အင်း သားလေး က သေချာလေးကိုင်ပြီး ကစားရင်၊ အရမ်းကြီး မပြေးရင် ကျမှာ မဟုတ်ဘူး ။ ” မေမေ က မဆူဘဲ ပုံမှန်ပြောတော့ သူပါ လာပြီး ဝိုင်းကူ ကောက်ပေးဦးမှာပါ။ ပထမဆုံး အခါမှာ မဟုတ်ရင်တောင် သုံးခါလောက်ဆို သူပါ တူတူ ကောက်ပေးပြီး သားနောက်ခါ အရမ်းမပြေးတော့ ပါဘူး လို့ ပြောပါလိမ့်မယ်။ ဒါဆို သူလည်း စိတ်မထိခိုက်၊ မေမေလည်း လိုချင်တဲ့ ပုံစံရပြီပေါ့။ မေမေ မဆူဘဲ သေချာ ရှင်းပြတဲ့အတွက် မေမေနဲ့ ကလေးရဲ့ ယုံကြည်မှုက တဖြေးဖြေး တိုးတက်လာမှာပါ။ သူလိမ္မာတဲ့ အခါ၊ကောင်းတာလုပ်တဲ့ အခါ လှိုက်လှိုက်လှဲလှဲ ချီးကျူး ပေးဖို့လည်း မမေ့ပါသင့်ပြန်ဘူး။

❤️သူ့ဦးနှောက်ထဲ negative တွေဝင်နေပြီလို့ထင်ရင် positive တွေပြန်ထည့်ပေးရမှာပါ။❤️

သဲကစားတာနဲ့ ဆန်ကစားတွေ ကို #နီတိုးလေးမေမေ ရေးထားတာရှိပါတယ်။ သဲနဲ့ ဆန်က စိတ်ပိုင်းဆိုင်ရာကိုလည်း အားပေးတဲ့ အာနိသင်ရှိပါတယ်။ အလုပ်ရှုပ်ကြမှာ ဖြစ်ပေမယ့် တစ်နေ့ကို ခဏပဲ ဖြစ်ဖြစ်ကစားပေးသင့်ပါတယ်။ကလေးရဲ့ စိတ်အခြေအနေကို တိုးတက်စေနိုင်ပါတယ်။ သူစာရေးတတ်ဖို့ သူငယ်ချင်းက ပူနေတာမို့ သဲနဲ့လည်း စာရေးသင်နိုင်သေးတယ်လေ။ ကစားနေတယ်လို့ ထင်တာမို့ သူရေးနိုင်ပါတယ်။ ဆန်ဇလုံယူပြီး စာရေးရအောင်လို့တော့ တန်းပြီး မပြောနဲ့ပေါ့။ အရင် ခွက်ကလေးတွေနဲ့ ချင်တာ ၊ လောင်းတာ ၊ပုံဆွဲတာဆော့ပြီးမှ စာလုံးလေးတွေ ရေးပြပေါ့ ။ သဲထဲမှာ စာရေးတာကလည်း သူ့ဦးနှောက်က လက်ကို ဘယ်လို ဆွဲရတယ်ဆိုတာ ခိုင်းစေတာမို့ စာအုပ်နဲ့ ရေးတာနဲ့ တူတူပါပဲ။ သူစာရေးတတ်ပါလိမ့်မယ်။ သူအခြေအနေ တိုးတက်လာမှ စာအုပ်သို့ ပြောင်းပေးနိုင်ပါတယ်။ လက်ချောင်းလေးတွေ ပိုသန်လာတော့ မှ စာအုပ်မှာ ရေးတာလည်းကောင်းပါတယ်။ ၅- နှစ်မို့ လက်ရေးလှက အရမ်းကြီး မလိုသေးပါဘူး။ အဓိက က သူဦးနှောက် က စာရေးတာကို သင်ယူ ပြီးဖွံ့ဖြိုးဖို့ပါ။

⭐️ကလေးကအဆော့အရမ်းမက်နေတော့ ကစားချိန်ကို တဖြည်းဖြည်း သတ်မှတ်ယူပေါ့။ သူ့ကို ပေးကစားထားပြီး သူအချိန်သိနေပြီ ဆိုရင်တော့အချိန်နဲ့ ကြို ပြောပေးပါ။ ဥပမာ- သားရေ ၁၅ မိနစ်ကစားပြီးရင် ပြုံပင်စာအုပ် ဖတ်ရမယ်နော်(သို့) ထမင်းစားရမယ်နော်လို့ ပြောပြပေးပါ။ ပြောပြီးရင်တော့ တကယ်လုပ်ရပါမယ်။ တကယ် ရပ်ခိုင်းရပါမယ်။ သူအကျင့် မရသေးရင် ရပ်ရမယ်ဆိုတဲ့ သဘောကို သူမသိသေးရင် သူငိုနိုင်ပါတယ်။ သောင်းကျန်းတာတောင်ဖြစ်နိုင်ပါတယ်။ ဒါကို မဆူဘဲ သူ့ကို ခဏ အချိန်ပေးပြီးပြောတဲ့ အတိုင်း လုပ်ရပါမယ်။ အမြဲလုပ်ပါများလာရင် သူကစားရတယ် ပြီးရင် စာဖတ်ရမယ်၊လုပ်စရာ ရှိတာလည်း လုပ်ရမယ်ဆိုတာ သူ သင်ယူလာပါလိမ့်မယ်။ နားလည်လာပါလိမ့်မယ်။ ဒါကြောင့် နောက်ဆိုရင် “သားရေ နောက်ထပ် ၁၀မိနစ်နော်။ ပြီးရင် ပြန်မယ်/ ထမင်းစားမယ်/ စာဖတ်မယ် ” စသည် ပြောလိုက်တာနဲ့ သူလက်ခံပါလိမ့်မယ်။ ဒါကြောင့် စိတ်ရှည်ရပါမယ်။ တသတ်မတ်တည်း( consistent) ဖြစ်ရပါမယ်။ empty discipline မဖြစ်ရပါဘူး။ ခုပြောသလို လုပ်လိုက် နောက်ရက်တွေကျ မလုပ်လိုက်နဲ့ ဖြစ်နေရင် ကလေးက စည်းကမ်း မလိုက်နာပါဘူး။ ဒါတွေက သူစိတ်ပျော်အောင် ထားပြီး သူနဲ့ ဖေဖေမေမေ ကြား ယုံကြည်မှုပိုလာရင် စည်းကမ်းလုပ်ရာမှာလည်း ပိုလွယ်ပါတယ်။

နီတိုးမေမေ မိခင်တစ်ယောက်အနေနဲ့ ရင်ဘတ်ချင်း ခံစားလို့ရသလောက် အကြံပေးခဲ့တာပါ။ အသုံးဝင်သော အကြံပေးချက်ဖြစ်လိမ့်မယ်ထင်ပါတယ်။

မေတ္တာဖြင့်
ယုငယ် (နီတိုးလေးမေမေ)
၁၉ အောက်တိုဘာ ၂၀၁၅