ကလေးနှင့် တကိုယ်ရေသန့်ရှင်းရေး

🔹(၁) သွားတိုက်သင်ပါ။🔹

မနက်အိပ်ရာထချိန်နှင့် အိပ်ရာမဝင်ခင် သွားတိုက်သည့်အကျင့်လုပ်ပေးပါ။ အချို့ကလေးများတွင် သွားတိုက်ရုံနှင့် မလုံလောက်ဘဲ သွားများအကြားတွင် စားကြွင်းများ ကျန်တတ်သောကြောင့် သွားသန့်စင်ကြိုးနှင့် သန့်စင်ပေးဖို့ပါ လိုနိုင်သည်။
🔹(၂) နေ့စဉ်ရေချိုးပေးပါ။🔹

ရေပုံမှန်ချိုးခြင်းက သန့်ရှင်းကျန်းမာစေသည်။ ညအိပ်ရာမဝင်ခင် ရေချိုးခြင်းက တနေကုန်ညစ်ပေထားသမျှကို သန့်စင်ပေးရုံမက အချိန်မှန် အိပ်ပျော်ဖို့ အထောက်အကူဖြစ်သည်။ ရေချိုးချိန်ကို ပျော်မွေ့အောင် ရေချိုးသောနေရာတွင်အရုပ်များနှင့်ပေးဆော့နိုင်သည်။

အသက် ၁ နှစ်မှ ၈-၉ နှစ် အရွယ်ထိ ကလေးများ ရေချိုးချိန်တွင် ကလေးတစ်ယောက်ထဲ ဘယ်တော့မှမထားခဲ့ပါနှင့်။ အမြဲစောင့်ကြပ်ပေးပါ။

🔹(၃) သမီးမိန်းကလေးအင်္ဂါ သန့်စင်ပါ။🔹

သမီးမိန်းကလေးအင်္ဂါဝ ပတ်ဝန်းကျင်ကို ရေချိုးပေးချိန်တွင် အဝတ်စသုံး၍ ရှေ့မှနောက်သို့ ညင်သာစွာသန့်စင်ပေးပါ။ ရှေ့မှနောက်သို့ သန့်စင်ပေးခြင်းက ဆီးသွားလမ်းကြောင်းပိုးမဝင်အောင် ကာကွယ်ပေးသည်။

သမီးမိန်းကလေးအင်္ဂါအတွင်းပိုင်းကို ခန္ဓာကိုယ်က သဘာဝအလျောက် သန့်စင်ပေး၍ မည်သည့်အရာမှထည့်ပြီး သန့်ရှင်းပေးဖို့ မလိုပါ။

🔹(၄) သားသားလေးရဲ့ အင်္ဂါ သန့်စင်ပါ။🔹

သားသားလေးရဲ့ အင်္ဂါကို အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများကဲ့သို့ ရေချိုးချိန်တွင် ပုံမှန် ဆေးကြောနိုင်သည်။ ထိပ်ဖူးလေးကို ရေနှင့် သန့်စင်ဖို့ သင်ပေးပါ။

ထိပ်ဖူးလေး၏ အရေပြားကို အလွယ်တကူ လှန်လို့မရခင်အသက်အရွယ်တွင် လှန်ပြီးသန့်ရှင်းရေးလုပ်ဖို့ မကြိုးစားပါနှင့်။

🔹(၅) ရေသုတ်ပေးပါ။🔹

ရေချိုးပြီးသောကလေးတစ်ကိုယ်လုံးကို မျက်နှာသုတ်ပဝါနှင့် သေချာစွာ ခြောက်အောင် သုတ်ပေးခြင်းသည် အရေပြားစိုစွတ်ရာတွင်ပွားလွယ်သော အရေပြားမှိုကို ကာကွယ်ပေးသည်။

အလွန်ပူပြင်းသော နွေရာသီတွင်မူ ချက်ချင်းမသုတ်ပေးဘဲ လေနှင့် အခြောက်ခံလျှင် ခန္ဓာကိုယ်ကို အေးမြစေသည်။

🔹(၆) ဝမ်းသွားအပြီး သန့်စင်ပါ။🔹

အိမ်သာတွင် ဝမ်းသွားအပြီး အိမ်သာသုံးစက္ကူနှင့် သန့်စင်ရာတွင်လည်း ရှေ့မှာနောက်သို့ ဦးတည်ပါ။ ကလေးအသက်ပေါ်မူတည်၍ သန့်စင်ပေးပါ၊ သင်ပေးသင့်လျှင် သင်ပေးပါ၊ ကူညီပေးပါ။

🔹(၇) နှာညှစ်နည်း သင်ပေးပါ။🔹

သင်၍ရသောအရွယ် ကလေးနှာခေါင်းပိတ်လျှင် နှာညှစ်နည်းသင်ပေးပါ။

အလွယ်တကူ မတတ်လျှင် ဖယောင်းတိုင်မှုတ်စေခြင်း၊ ဆပ်ပြာမြှုပ် ပူစီဖောင်းများ မှုတ်စေခြင်းဖြင့် ကျင့်ပေးနိုင်သည်။

🔹(၈) ချောင်းဆိုးနှာချေလျှင် သင်ရန်🔹

ချောင်းဆိုးနှာချေလျှင် တစ်ရှူးစက္ကူကာတတ်ရန် ညွှန်ပြပေးပါ။ တစ်ရှူးစက္ကူကို အမှိုက်ပုံးထဲ ချက်ချင်း လွှင့်ပစ်တတ်သော အကျင့်ရှိအောင် လေ့ကျင့်ပေးပါ။

တစ်ရှူးစက္ကူမရှိလျှင် တံတောင်ဆစ်ကာ၍ နှာချေ/ ချောင်းဆိုးစေပါ။
ချောင်းဆိုးနှာချေပြီးတိုင်း လက်ဆေးဖို့သင်ပေးပါ။

🔹(၉) လက်ဆေးဖို့သင်ပေးပါ။🔹

လက်ဆေးလျှင် ဆပ်ပြာနှင့်ရေကိုသုံး၍ လက်ခုံနှင့် လက်ကောက်ဝတ်များကိုပါ သေချာဆေးသည့် အကျင့်လုပ်ပေးပါ။
-အစားအသောက်မပြင်ဆင်ခင်
-အစာမစားမီ
-အစာစားပြီးတိုင်း
-အိမ်သာသုံးပြီးတိုင်း
-ညစ်ပေသောအရာများကို ကိုင်ပြီးတိုင်း
-အိမ်မွေးတိရစ္ဆာန်များနှင့် ထိတွေ့ပြီးတိုင်း
-အိမ်မွေးတိရစ္ဆာန်များနှင့် ကစားပြီးတိုင်း
လက်ဆေးရန် သင်ပေးပါ။

🔹(၁၀) လက်သည်းညှပ်ပေးပါ။🔹

ကစားစရာနှင့် ဆော့ကစားတတ်သည့်အရွယ်၊ အစာကို လက်နှင့်ကောက်ကိုင်စားတတ်သည့် အရွယ်မှစ၍ လက်သည်းအောက်တွင် ဖုန်နှင့် အညစ်အကြေးများ မခိုအောင်းစေရန် လက်သည်း ခြေသည်း ပုံမှန်ညှပ်ပေးပါ။

နေနေမိုးဆွေ (Child Health Myanmar)
Photo Credits & Reference: Raising Children Network, Australia
#naynaymoeswe