ကလေး နှာခေါင်းသွေးလျှံခြင်း

ကလေးတွင် အဖြစ်များသောပြဿနာများထဲမှ တစ်ခုဖြစ်၍ သိထားသင့်သည်။ အဖြစ်များသော်လည်း အများစုတွင် ၁၀-၁၅ မိနစ် အတွင်းရပ်သွားလေ့ရှိပါသည်။ အန္တရာယ် ကြီးကြီးမားမား မရှိပါ။ အချို့ ကလေးများတွင် မကြာခဏ ပြန်ဖြစ်လေ့ရှိသည်။

(၁) အရေးပေါ် ဘာလုပ်ပေးနိုင်သလဲ?
-ကလေးကို မတ်မတ် (သို့) ရှေ့ အနည်းငယ် ကိုင်း၍ ထိုင်ခိုင်းပါ။ နောက်လှန်ထိုင်လျှင် သွေးများ လည်ချောင်း နှင့် အသက်ရှူလမ်းကြောင်းထဲ ဝင်သွားနိုင်၍ ဖြစ်သည်။

-နှာခေါင်း၏ ပျော့သော အောက်တစ်ပိုင်းကို သင့် လက်မနှင့် လက်ညှိုးသုံး၍ ဖိထားပါ။ ကလေးကြီးလျှင် သူ့ဘာသာဖိနိုင်သည်။ ပေါက်နေသော သွေးကြောကို ဖိထားခြင်းဖြစ်သည်။ ပါးစပ်ဖွင့်၍ အသက်ရှူခိုင်းပါ။

-နာရီကြည့်၍ ၁၀ မိနစ်ပြည့်အောင် အချိန်မှတ်ပါ။ မပြည့်ခင် သွေးထွက်ရပ်သွားလေမလား ခဏခဏမစစ်ပါနှင့်။ ဖိလိုက်လွှတ်လိုက် လုပ်လျှင် သွေးထွက်ချိန်ပိုကြာနိုင်သည်။

-နှာခေါင်း၏ အပေါ်ပိုင်းကို အေးသော အဝတ်စ (သို့) ရေခဲအိတ် အုပ်ထားပေးနိုင်သည်။ ဤ တစ်ချက်က မလုပ်မဖြစ်မဟုတ်ပါ။

-နှာခေါင်း နောက်မှ ပါးစပ်ထဲသို့ ကျသွားသော သွေးစများကို ထွေးထုတ်ဖို့ ကလေးကို ပြောပါ။

-မထွေးနိုင်ဘဲ လည်မျိုထဲဝင်သွားလျှင်လည်း စိတ်မပူပါနှင့်။ ရေခဲရေ အေးအေး တစ်ခွက်သောက်လိုက်လျှင် လည်ချောင်းရှင်းသွားပါမည်။

-ပထမဆုံး အကြိမ်ဖြစ်၍ ကလေးကြောက်လန့်နေပုံပေါ်လျှင် သားရေ/ သမီးရေ သွေးထွက်ရပ်သွားမယ်နော်ဟု အားပေးပါ။ သင်ကပါ ကြောက်လန့်နေလျှင် သင့်ကလေး သွေးထွက်ရပ်ဖို့ မကူညီနိုင်ပါ။

-၁၅ မိနစ် အတွင်း မရပ်လျှင် နောက် ၁၀ မိနစ် ထပ်ဖိထားပါ။ ရပ်သွားဖို့ သေချာသလောက်ရှိပါပြီ။

-ရပ်သွားပြီး ၂ နာရီအတွင်း ကလေးကို ခုန်ပေါက်ပြေးလွှားခြင်း မပြုပါစေနှင့်။ နောက် ၂၄ နာရီ နှာခေါင်းထဲ လက်မထည့်ဖို့, နှာမညှစ်ဖို့ပြောပါ။

– ၁၀ မိနစ် ၂ ကြိမ် ကြိုးစားပြီး၍ မရလျှင် ဆေးရုံခေါ်သွားပါ။ ဆရာဝန်က ဆေး (သို့) အပူပေး ကိရိယာ (သို့) အအေးပေး ကိရိယာလေးဖြင့် ပေါက်နေသော သွေးကြောလေးကို ပိတ်ပေးနိုင်သည်။ ( ဤ အဆင့်ထိ ရောက်ခြင်းက အလွန်ရှားပါသည်။)

-၁၅ မိနစ်တွင်း ရပ်သော်လည်း နေ့စဉ်ရက်ဆက် ဖြစ်လျှင်/သွားဖုံးသွေးယိုခြင်း အရေပြား အညိုမည်းစွဲလွဲခြင်းများနှင့် တွဲဖြစ်လျှင် နားနှာခေါင်းလည်ချောင်း အထူးကု (သို့) ကလေးဆရာဝန်နှင့် စစ်ဆေးပါ။

*********************************
အခြေခံကျကျ လေ့လာရအောင်။

(၁) ဘာကြောင့်ဖြစ်?
အများအားဖြင့် ကလေး နှာခေါင်းထဲမှ သွေးကြောများက ပါး၍ ပေါက်လွယ်သောကြောင့် ဖြစ်သည်။

(၂) ဘယ်ခါပေါက်?
(က) အဖြစ်များသော အကြောင်းရင်းများ

-နှပ်ချေးကော်လွန်းခြင်း
-နှာညှစ်အားများသွားခြင်း
-နှာချေလွန်းခြင်း
-နှာခေါင်းထဲမကြာခဏ လက်ထည့်သော အကျင့်ရှိခြင်း
-ပူပြီး ခြောက်သွေ့သောရာသီဥတု
-ဆော့ကစားစဉ် နှာခေါင်းနှင့် မာသော အရာတိုက်မိခြင်း
-အအေးမိ နှာစေးချောင်းဆိုး ပိုးများ ဝင်ခြင်း

(ခ) အဖြစ်နည်းသော/ ရှားပါးလွန်းသော အကြောင်းရင်းများ

-ကလေးက မတော်တဆ နှာခေါင်းထဲ တစ်ခုခု ထိုးထည့်ခြင်း
-တချို့ သော နှာခေါင်းဆေးများ, အကိုက်အခဲ ပျောက်ဆေးများ
-ဝမ်းချုပ်လွန်း၍ ညှစ်သောအခါ
-သွေးနှင့် ပတ်သက်သော ရောဂါများ ( ဥပမာ- သွေးမတိတ်သောရောဂါများ, သွေးကင်ဆာ)

(၃) ဘယ်လိုကာကွယ်
ဖြစ်သော အကြောင်းပေါ်မူတည်သည်။ ဥပမာ နှာခေါင်းခြောက်၍ ဖြစ်လျှင် Vaseline ဟုခေါ်သော အဆီပျစ် ဗက်စလင်း လိမ်းပေး၍ရသည်။
ဥပမာ ဝမ်းညှစ်ရလွန်း၍ ပေါက်လျှင် ရေများများတိုက်ပြီး လတ်ဆတ်သော အသီးအနှံများများကျွေးပါ။

*** နှာခေါင်းသွေးလျှံသော ကလေးကို မှန်ကန်သောနည်းလမ်းဖြင့် ကူညီနိုင်ကြပါစေ။***

Reference: RCH guidelines

#နေနေမိုးဆွေ ( Child Health Myanmar)
#naynaymoeswe