ကျွန်မကလေး ခုတလောနို့သိပ်မစို့လို့

(ပူပြင်းတဲ့နွေရာသီမှာမိခင်နို့တိုက်ခြင်း)

ပူပြင်းတဲ့ရာသီမှာ ကလေးနို့စို့နည်းတတ်တယ်။ ဘာလို့လဲ။ ပတ်ဝန်းကျင် အပူဓာတ်က ကလေးများကို ပင်ပန်းစေသလို ကလေးကိုချီပြီး ထိုင်လျက်နို့တိုက်စဉ်မှာ အသားချင်းထိနေတဲ့အတွက် ကလေးပိုအိုက်နိုင်ပါတယ်။ ပူပြင်းလွန်း၍ စိတ်မအီမသာဖြစ်နေတဲ့ကလေးဟာ နို့စို့ချိန်မှာ ပိုပူမှာကြောက်ပြီး နို့မစို့ရင် ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်ရင် ကလေးက ပိုပြီး ကသိကအောင့်ဖြစ်ပါလိမ့်မယ်။ မကြာခဏ ငိုပါမယ်။

ရာသီဥတုပူလွန်းတဲ့အခါ မိခင်တွေမှာ စိုးရိမ်တတ်တာက ကလေးများရေငတ်နေမလား, နို့က လောက်ပါ့မလားဆိုတာတွေပါ။ ၆ လအောက်ကလေးက မိခင်နို့မှာပါတဲ့ ရေဓာတ်နဲ့ လုံလောက်ပါတယ်။ အစို့နည်းတဲ့ ကလေးကို နို့ အကြိမ်ရေ ပိုတိုက်ပါ။ ၆ လကျော်ကလေးကို နွေရာသီမှာ ရေရောနို့ပါပိုတိုက်ပါ။

မိခင်နို့တိုက်ချိန်မှာ ကလေးပူအိုက်တာ သက်သာအောင် ဘာတွေလုပ်ပေးလို့ရလဲ။

(၁) ကလေးကို တစ်နေ့ ၂ ခါ အနည်းဆုံး ရေချိုးပေးပါ။ သိပ်ပူတဲ့နေ့တွေမှာ ၃ ခါထိ ချိုးပေးနိုင်ပါတယ်။ ၁ ခါထက် ပိုချိုးသော်လည်း ချိုးတဲ့ အခေါက်တိုင်း ဆပ်ပြာမသုံးပါနှင့်။ အရေပြားမှ သဘာဝအဆီဓာတ်များကို ထိန်းသိမ်းထားရန် တစ်နေ့တစ်ခါပဲ ကလေး ဆပ်ပြာသုံးပါ။

(၂ ) ပန်ကာ အဲကွန်းရှိလို့ အဆင်ပြေရင် ဖွင့်ပါ။ ပန်ကာဖွင့်ရင် ကလေးရှိရာနဲ့ ဆန့်ကျင်ဘက်ကို ပန်ကာက မျက်နှာမူဖို့လိုပါတယ်။ ကလေးက လေကို တိုက်ရိုက်မရပေမယ့် ကလေးရှိတဲ့ အိမ်တွင်း အခန်းတွင်းမှာ လေလှည့်ပတ်မှု ရှိလို့ အပူငွေ့များ ပုံမှန် ထွက်သွားနိုင်ပါတယ်။

(၃) ပန်ကာ အဲကွန်း မရှိရင် အားမငယ်ပါနဲ့။ အောက်မှာ ရေးထားတာလေးတွေ လုပ်လို့ရပါတယ်။

(က) လဲလျောင်းပြီးတိုက်ပါ။ ဒါဆို ကလေးပါးစပ်နဲ့ မိခင်နို့နဲ့သာထိတွေ့ပြီး ကိုယ်ခန္ဓာနှစ်ခု အနည်းငယ် ခွာထားခြင်းဖြင့် အအိုက် သက်သာနိုင်ပါတယ်။

(ခ) ထိုင်တဲ့ ပုံစံမှာပဲ တိုက်ချင်ရင် ချည်သား ခေါင်းအုံးစွတ် (သို့) မျက်နှာသုတ်ပဝါ ပါးပါး (သို့) အနှီးစလေးကို ကလေး နဲ့ မိခင် ခန္ဓာနှစ်ခုကြား ညှပ်ထည့်ထားခြင်းဖြင့် အရေပြားနှစ်ခု အပူကူးမှုကို ကာကွယ်ပေးနိုင်ပါတယ်

(ဂ) နို့မတိုက်ခင်တိုင်း ရေပတ်တိုက်ခြင်းဖြင့် နို့တိုက်နေစဉ် ကလေး အရေပြားလေး အေးမြစေနိုင်ပါတယ်။

မှတ်ချက်- နွေရာသီမှာ ၆ လအောက် နို့စို့ကလေးနှင့် ခရီးထွက်ရင် ခရီးတစ်လျောက်လုံး ၃ နာရီခြားနို့တိုက်ဖို့ မမေ့ပါနဲ့။ ကားစီးနေရင် ကလေးက အိပ်မောကျတတ်ပါတယ်။ ၃ နာရီပြည့်လို့ နို့တိုက်ဖို့ အချိန်ရောက်ရင် နှိုးပြီးတိုက်ပါ။

(*နို့ဗူးစို့ကလေးများလည်း ပူအိုက်လွန်းလျှင် စိတ်အလိုမကျ ဖြစ်တတ်သည်။ ကလေး ကိုယ်လေး အေးမြအောင် အပေါ်မှာ ရေးထားသော နည်းလမ်းများသုံးပါ။ )

ပူပြင်းသော နွေရာသီတိုင်း အိုက်စပ်နေသော ကလေးငယ်လေးများကို မိခင်နို့တိုက်ကျွေးခြင်း အဆင်ပြေကြစေရန် ရည်ရွယ်ရေးပါသည်။

#နေနေမိုးဆွေ (Child Health Myanmar)
#naynaymoeswe

Reference: Australia Breast Feeding Association
Credit to Google Images