သိထားသင့်တဲ့ ကိုယ်ဝန်ပျက်ခြင်း အကြောင်း
|၁၂ ပတ်အောက် ကိုယ်ဝန်ပျက်ခြင်းက အဖြစ်များတဲ့ အရာ ဖြစ်ပြီး ၂၀ ရာနှုန်းလောက်အထိ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပေမဲ့ တော်တော်များများကို ကာကွယ်လို့ မရပါဘူး။ ဒါကို မသိတဲ့သူတွေက မိခင်ကို အပြစ်တင် တတ်ကြပါတယ်။ အဓိက အကြောင်းရင်းက သားဥ နှင့် သုတ်ပိုးတို့၏ မျိုးရိုးဗီဇ တစ်ဝက်စီမှ သန္ဓေသား၏ ဗီဇ တစ်စုံ အဖြစ်ပူးပေါင်းစဉ် အပိုအလို အမှားအယွင်း ရှိ၍ ဖြစ်ပါတယ်။ မိခင်လောင်း အသက်ကြီးလာလေ (၃၅ နှစ်အထက်) ဖြစ်နိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။တစ်ခါသားပျက်ဖူးရုံနဲ့ ဒုတိယကိုယ်ဝန်မှာ သားပျက်နိုင်ခြေ တက်မသွားပါဘူး။ သုံးခါ ဆက်တိုက် သားပျက်ဖူးရင်တော့ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာသိဖို့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကာကွယ်လို့ရနိုင်မလားဆိုတာ ရှာဖွေ ဆုံးဖြတ်ရပါမယ်။ OG နဲ့တိုင်ပင်ရပါမယ်။
ကိုယ်ဝန်ပျက်ခြင်း၏ လက္ခဏာများ
————————–
* သွေးဆင်းခြင်း
* ဗိုက်နာခြင်း
* ကိုယ်ဝန်ဆောင် လက္ခဏာများ (ရင်သား တင်းခြင်း၊ နာခြင်း စသည်) လျော့နည်းသွားခြင်း
– သွေးဆင်းခြင်းက ကိုယ်ဝန်ဦးပိုင်းမှာ အရမ်းအဖြစ်များပြီး သွေးဆင်းတိုင်း ကိုယ်ဝန်မပျက်ပါ။
– ဗိုက်နာရတဲ့ အကြောင်းရင်းကလည်း များစွာရှိနိုင်လို့ ဗိုက်နာတိုင်း ကိုယ်ဝန်ပျက်ချင်နေတာတော့ မဟုတ်ပါ။
– မူးဝေတာ အော့အန်တာတွေက ကိုယ်ဝန် ၁၂ ပတ်လောက်မှာ ပျောက်သွားတတ်တာလည်း ပုံမှန်ပါ။
ဒါကြောင့် ဒီလက္ခဏာတွေရှိရင် ဆရာဝန်ပြဖို့ စစ်ဆေးဖို့ လိုပါတယ်။
ကိုယ်ဝန်ပျက်မပျက် စစ်ဆေးခြင်း
————————–
ကိုယ်ဝန်ဦးပိုင်းမှာ သွေးဆင်းရင် ကိုယ်ဝန်ပျက်နိုင်ခြေ ၅၀% ရှိပါတယ်။ ဆရာဝန်က ultrasound (တီဗွီဓာတ်မှန်) ရိုက်ခိုင်းပါလိမ့်မယ်။ သန္ဓေသားက သားအိမ်ထဲရှိပြီး နှလုံးခုန်နှုန်းလည်းကောင်းရ
သိပ်စောနေသေးရင် ultrasound မှာ ဘာမှ မတွေ့ရသေးတာ (သို့) နှလုံးခုန်ခြင်းကို မတွေ့ရသေးတာ ဖြစ်နိုင်ပါတယ်။ ၁၀-၁၄ ရက်လောက် စောင့်ပြီး ထပ်ရိုက်ရပါတယ်။ မအဂါင်္တွင်း ultrasound ရိုက်တံထည့်ရိုက်ရင် ပိုစောစော ပိုရှင်းရှင်း မြင်ရနိုင်ခြေရှိပါတယ်။
ကိုယ်ဝန်ဆောင် ဟော်မုန်း (beta HCG level) ကို သွေးစစ်၍ တိုင်းနိုင်ပါတယ်။ ယေဘုယျအားဖြင့် နှစ်ရက်တိုင်း နှစ်ဆလောက် တိုးပါတယ်။ အနည်းဆုံး ၆၆% လောက်တော့ နှစ်ရက်တိုင်း ပုံမှန်တိုးပါတယ်။ သွေးကိုနှစ်ရက်သုံးရက်ခြား တစ်ခါစစ်ပြီး တက်တာ ပုံမှန်လားဆိုတာ စောင့်ကြည့်လို့ရပါတယ်။
Beta HCG တော်တော် မြင့်နေပြီး ultrasound ရိုက်လို့ သားအိမ်ထဲမှာ ဘာမှ မတွေ့ရသေးရင် သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (ectopic pregnancy) ဖြစ်နိုင်၍ OG နဲ့ အမြန်ဆုံးပြရပါမယ်။ Ectopic pregnancy ပေါက်သွားရင် ဗိုက်ထဲ သွေးထွက်လွန်ပြီး အသက်အန္တရာယ် ရှိနိုင်လို့ ဖြစ်ပါတယ်။ မပေါပေမဲ့ မရှားပါ။
Beta HCG အလွန်မြင့်ပြီး ultrasound မှာ အစေ့လေးတွေများများတွေ့ရင် စပျစ်သီးသန္ဓေ (molar pregnancy) ဖြစ်နိုင်လို့ OG နဲ့ အမြန်ဆုံးပြရပါမယ်။ သူ့ကို သားအိမ်ခြစ်ပြီး သေချာမကုရင် နောက်ပိုင်း ဒီပုံမှန်မဟုတ်တဲ့ ဆဲလ်တွေက ကင်ဆာကဲ့သို့ ပြုမူနိုင်၍ ဖြစ်ပါတယ်။ အလွန်ရှားပါတယ်။
မိခင်သွေးအုပ်စု Rh negative ဖြစ်ရင် anti-D ဆေးထိုးပေးရပါတယ်။ နောက်ကိုယ်ဝန်မှာ သန္ဓေသားရဲ့ သွေးနီဥတွေကို ကာကွယ်ဖို့ပါ။ မြန်မာပြည်မှာတော့ မိခင် ၁% လောက်ပဲ Rh negative ဖြစ်လို့ ဆေးလည်း တွင်တွင်ကျယ်ကျယ် မသုံးပါဘူး။
ကုသခြင်း
——–
ကိုယ်ဝန်ပျက်ချင်နေပြီဆိုရင
သွေးထွက်လွန်နေရင် (တစ်နာရီ နှစ်နာရီခြား တစ်ခါ လစဉ်သုံးကို လဲနေရရင်)၊ သားအိမ်ထဲ ပိုးဝင်နေရင် (အဖျားတက်၊ ချမ်းတုန်၊ သွေးပုပ်နံ့နံ)၊ မိခင်လောင်းက တောင်းဆိုရင် ကုသမှုပေးရပါတယ်။
– ပိုးဝင်နေရင် ပိုးသတ်ဆေးကို သေချာ အရင် ပေးဖို့လိုပါတယ်။
– လူသိများတဲ့ ကုသနည်းကတော့ သားအိမ်ခြစ်ခြင်းပါ။
– အချို့ကိုတော့ ဆေးပေးပြီး အသားစကို ထွက်အောင် လုပ်ကြည့်နိုင်ပါတယ်။ သွေးထွက်လွန်နိုင်လို့ လူတိုင်းနဲ့ မသင့်လျော်ပါ။
အခြား အကျိုးသက်ရောက်မှု
————————-
သွေးထွက်လွန်နိုင်ခြင်း၊ ပိုးဝင်နိုင်ခြင်းစတဲ့ အန္တရာယ်များအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကလည်း ပြင်းထန်နိုင်ပါတယ်။
ကလေးရဖို့ ဘယ်လောက်ခက်ခက်ခဲခဲ ဘယ်လောက်ကြာကြာ ကြိုးစားခဲ့ရလဲ၊ ဘယ်နှစ်ခါ ကိုယ်ဝန်ပျက်ဖူးလဲ၊ လက်ရှိ ကလေးရှိလား၊ မိခင်လောင်း အသက်၊ မိသားစုဝင်တွေရဲ့ ဖေးမမှုရှိမရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး စိတ်ထိခိုက်မှု အတိုင်းအတာ ကွာခြားနိုင်ပါတယ်။
ဘေးကလူတွေက ‘အဖြစ်သည်းမနေပါနဲ့ကွာ’ ဆိုတဲ့ ပုံစံမျိုး မပြောဆိုမိအောင် သတိထားရပါမယ်။ ဖခင်လောင်းရဲ့ ခံစားချက်ကိုလည်း လျှော့မတွက်သင့်ပါ။ အတွင်းက ခံစားချက်ကို အပြင်မှာ ဖော်မပြတာ ဖြစ်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ဖေးမခြင်း
———————-
မိခင်လောင်း အများစုက ‘ငါဘာများ အမှားလုပ်လိုက်မိပါလိမ့်’ ဆိုပြီး တွေးတတ်ကြပါတယ်။ အချို့က ‘ငါ့ကျမှ ကံမကောင်းလိုက်လေခြင်း’ ဆိုပြီး ဝမ်းနည်းတတ်ပါတယ်။ အဖြစ်များလို့ ဖြစ်တတ်လို့ကို ဖြစ်တာပါဆိုတာ နားလည်ဖို့ လိုပါတယ်။
စိတ်ဖြေဖို့ အမှတ်တရလေးတွေ လုပ်လို့ရပါတယ်။
– အလှူဒါန ပြုခြင်း
– အမှတ်တရ ပစ္စည်းများ လုပ်သိမ်းထားခြင်း (ultrasound ပုံ၊ postcard၊ ပန်းခြောက်)
– သစ်ပင်စိုက်ခြင်း
– စာတို ကဗျာတိုများ ရေးသိမ်းထားခြင်း
ကိုယ့်ခံစားချက်တွေကို အိမ်ထောင်ဖက် (သို့) အခြားရင်းနှီးသူ ဆွေမျိုး သူငယ်ချင်းများကို ပြောပြနိုင်ပါတယ်။
နောက်ကိုယ်ဝန်ကြိုးစားခြင်း
————————
ကိုယ်ရောစိတ်ပါ အသင့်ဖြစ်တဲ့အထိ စောင့်နိုင်ရင် စောင့်သင့်ပါတယ်။ ရာသီ ပုံမှန် နှစ်ခါသုံးခါ ပြန်လာပြီးမှ စကြိုးစားသင့်ပါတယ်။
နောက် မဖြစ်အောင် ကာကွယ်ခြင်း
————————–
ကိုယ်ဝန်တစ်ခါ ပျက်ဖူးလို့ အထူးအထွေ ဆောင်ရန်ရှောင်ရန် မရှိပါဘူး။ ကိုယ်ဝန်မပျက်ဖူးတဲ့ ကိုယ်ဝန်ဆောင်တွေလိုပဲ ကျန်းမာအောင် နေထိုင်စားသောက်ရင် ရပါပြီ။ Folic acid ပါ ကိုယ်ဝန်ဆောင်အားဆေးကို ကိုယ်ဝန်ရဖို့ စမကြိုးစားခင် အနည်းဆုံး တစ်လအလိုက စသောက်နေပါ။
ကိုယ်ဝန် ၃ ခါဆက်တိုက် ပျက်ဖူးရင်
————————–
စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ မြန်မာပြည်မှာ အတော်များများ လုပ်နိုင်မယ် ထင်ပါတယ်။
– မိခင်လောင်းမှာ ကျန်းမာရေး ပြဿနာများ ရှိမရှိ (SLE, သိုင်းရွိုက်၊ အခြားဟော်မုန်း ရောဂါများ၊ ဆီးချို၊ သွေးခဲလွယ်ရောဂါ စသည်)
– သားအိမ်ပုံစံ မှန်မမှန်
– ကိုယ်ဝန်ကို ထိခိုက်နိုင်တဲ့ ရောဂါပိုးများ ရှိမရှိ
– မိခင်လောင်းနှင့် ဖခင်လောင်းမှာ ဗီဇ ပြဿနာများ (chromosomal rearrangement) ရှိမရှိ (ယိုးဒယားနိုင်ငံကို သွေးပို့စစ်ဆေးဖို့လိုရင် ပို့စစ်နိုင်မယ် ထင်ပါတယ်) စစ်ဆေးဖို့ လိုနိုင်ပါတယ်။
အချို့သွေးခဲလွယ်ရောဂါ တွေမှာ သွေးကျဲဆေး Aspirin and Heparin တွေ OG က သုံးကြည့်နိုင်ပါတယ်။
Progesterone ဟော်မုန်းဆေးက (သန္ဓေခိုင်ဆေးလို့ခေါ်မယ်ထင်
ကိုယ်ဝန်ကာလ အလယ်ပိုင်း ကိုယ်ဝန်ပျက်ခြင်း
————————–
၁၂ ပတ်မှ ၂၀ ပတ် အတွင်း ကိုယ်ဝန်ပျက်ရင် သားအိမ်ခေါင်း မခိုင်ဘဲ ပွင့်ပွင့်လာလို့ (cervical incompetence) ဖြစ်တာ ဖြစ်နိုင်ပါတယ်။ ၁၆ ပတ်မှ ၂၄ ပတ် အတွင်း သားအိမ်ခေါင်းအရှည်ကို ultrasound ရိုက်တံ မအဂါင်္ထဲထည့် တိုင်းကြည့်လို့ တိုနေရင် သားအိမ်ခေါင်းကို ချုပ်ရိုးနဲ့ချုပ်ပြီး (cervical cerclage) ချည်တုပ် ပိတ်ထားပေးလို့ရပါတယ်။ လုပ်နိုင်တဲ့ OG ရှာရပါမယ်။
၁၂ ပတ်အောက် ကိုယ်ဝန်ပျက်တာနဲ့ မတူတာက ဒါမျိုးတစ်ခါဖြစ်ဖူးရင် ထပ်ဖြစ်နိုင်ခြေ ပိုများပါတယ်။ ပိုအရေးကြီးပါတယ်။
ဒီလောက်ဆို ကိုယ်ဝန်ပျက်ခြင်း အကြောင်း ကောင်းကောင်း နားလည် သဘောပေါက်ပြီလို့ ထင်ပါတယ်။
~~~~~~~~~~~~**~~~~~~~~~~~~
စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ ချစ်စရာ သားသားမီးမီးလေးများကို အချိန်တိုအတွင်း ရရှိနိုင်ကြပါစေ။
photo credit to google image
reference to guidelines from Royal Australian and Newzealand College of Obstetricians and Gynaecologists
ကျော်စန်းလွင်(Child Health Myanmar)