ဖြည့်စွက်စာ စကျွေးခြင်း

သို့/

မေမေ
သားရဲ့ဖြည့်စွက်စာမှာ သံဓာတ်ပါဖို့ အရမ်း အရေးကြီးပါတယ်။ သံဓာတ်က သား ဦးနှောက်နဲ့ ကိုယ်ခန္ဓာ ဖွံဖြိုးဖို့ မရှိမဖြစ်လိုလို့ပါ။

သားက မေမေ့ဗိုက်ထဲနေတုံးက မေမေ စားတဲ့ အစာတွေထဲက သံဓာတ်လေးတွေ နည်းနည်းစီ ယူပြီး စုဆောင်းထားပါတယ်။

သားကိုမွေးပြီး မေမေ နို့တိုက်တော့ သံဓာတ်လေးတွေ သားဆက်စုထားပေမယ့် သားကြီးထွားဖို့ ယူယူသုံးရလို့ ၆ လလောက်ဆို ကုန်လုနီးပါးဖြစ်ပြီမေမေ။ မေမေ့နို့ချိုကရတဲ့ သံဓာတ်နဲ့ မလောက်တော့ဘူးလေ။

ဒါကြောင့် သားခေါင်းထောင်ပြီး ကိုယ်ခန္ဓာအပေါ်ပိုင်းလေး မတ်နိုင်တဲ့ ၆လ လောက်ဆို အစာ စကျွေုးကြည့်ပါမေမေ။ ၆ လ ဆို သားရေသောက်လို့လဲရပြီ။ ကျိုချက်ပြီး သန့်စင်တဲ့ရေ တိုက်ပါနော်။ ဝမ်းသွားမှာ ကြောက်လို့ပါ။ ကျိုပြီးရင်လည်း အအေးတော့ခံပါနော်။

ဖြည့်စွက်စာ ကျွေးရင် သားကို မျိုလို့ရအောင်တော့ အကုန်ချေပေးပါ။ အတုံးအခဲတွေ မပါပါစေနဲ့။

သား ဆာတဲ့ အချိန်ပဲကျွေးပါနော်။ သားမဆာလို့ မစားတော့ မကြိုက်ဘူးထင်ပြီး အဲ့ဒီ အစာကို မေမေ နောက်တခါ မကျွေးမှာစိုးလို့ပါ။ မေမေကျွေးလို့ သားမဆာတဲ့ အခါ သား ပါးစပ်မဟပါဘူး။

သားကို ဘာကျွေးရမလဲဆိုတော့ အာဟာရဖြစ်တဲ့ ထမင်း အသား ငါး ကြက်ဥ အာလူး ဟင်းသီး ဟင်းရွက် သစ်သီး တို့ဟူး ပဲ အားလုံးကျွေးလို့ရပါတယ်။ ရေနဲ့ ရောချေပေးပါ။ သား မျိုလို့လွယ်ကူတာ အကုန်စားပါမယ်။

အရေးကြီးတာက သားစားမယ့် အစာထဲ သကြားတွေ ဆားတွေ မထည့်ပါနဲ့အုံးနော်။ သားကျောက်ကပ်လေးက သကြားနဲ့ ဆား ကိုယ်ထဲ များများဝင်လာရင် ဘာမှ သိပ်မလုပ်တတ်သေးဘူးလေ။

တခါတလေ စားသင့်တဲ့ အစာကို သားမစားခဲ့ရင် စားချင်စဖွယ်လေးဖြစ်အောင် လုပ်ကျွေးကြည့်ပါနော်။ အရုပ်ပုံလေးတွေပေါ့။

သားကို ထမင်းတစ်မျိုးထဲတော့ ဝါးဝါးပြီး မကျွေးပါနဲ့နော်။ အသားဓာတ် မစားရလို့ သား ပိန်ညှောင်လေး မဖြစ်ချင်ဘူး။ အာဟာရစုံစုံလင်လင်ကျွေးတော့ မေမေ အားဆေးဖိုး သက်သာတာပေါ့။

မေမေ့နိုရည်ကို သား ၁ နှစ်ပြည့်မွေးနေ့ အထိတော့ အနည်းဆုံးတိုက်ပါ။ မွေးနေ့ပြီးရင် ဆက်တိုက်လည်းရပါတယ်။

ဪ သားတစ်ခုမှာရအုံးမယ်။ အစာအသစ်တစ်မျိုး ကျွေးတိုင်း တစ်ခါကို တစ်မျိုးစီပဲ ကျွေးပါ။ တစ်မျိုးစမ်းကျွေးပြီး ၃-၄ ရက်နေမှ နောက်တစ်မျိုးကျွေးပါ။ အဲ့ဒါမှ သားနဲ့ မတည့်တဲ့ အစာရှိရင် အလွယ်သိနိုင်မှာ။

စိတ်ရှည်ပေးတာ ကျေးဇူးပါမေမေ။

*****အစကောင်းမှ အနှောင်းသေချာမည်။ ဖြည့်စွက်စာက သင့်ကလေး ဘယ်လောက်ထွားမလဲ, ဉာဏ်ရည် ဘယ်လောက်ကောင်းမလဲ ဆုံးဖြတ်ပေးသလို ကြီးလာတဲ့ အခါ အစာဂျီးမများတတ်အောင် ပုံသွင်းပေးနိုင်ပါသည်။*****

#နေနေမိုးဆွေ ( Child Health Myanmar Page)
#naynaymoeswe
Photo Credits-Google