ကလေးတို့ကို စကားသင်ကြမယ်။

ကျမတို့ မိဘတွေကလေ သားသမီးတွေကို အရမ်း အကောင်းဆုံးတွေ ဖြစ်စေချင်ကြတယ်။

အဲဒါနဲ့ ကိုယ့်ကလေးလေးတွေကို မွေးစကစလို့ အကောင်းဆုံးတွေချည်းပေးတာပေါ့….

သင်ရမယ့် အရွယ်ရောက်တော့ သင်ပေးကြတယ်။

ကျောင်းထားတယ်…. လသားထဲက ထားလို့ရတဲ့ကျောင်းတွေထားတယ်။ စာဖတ်ပြတယ်။ အင်္ဂလိပ်လို တတ်စေချင်တော့ အင်္ဂလိပ်စာအုပ်တွေပေါ့။ nursery song တွေ ကြည့်ရအောင် ဆိုပြီး TV ဖွင့်ပြကြတယ်။ ကာတွန်းလေးတွေ လုပ်တာ လိုက်လုပ်အောင်ဆိုပြီး ကာတွန်းဖွင့်ပြကြတယ်။ ABC သီချင်းတွေ you tube မှာပြတယ်။ CD တွေ ဝယ်ပြတယ်။ ABC , Apple , Ball , Cat စတဲ့ စာအုပ်တွေ၊ flash card တွေနဲ့ သင်တာပေါ့…

သင်ရမယ်လေ… ကလေးကို ကျမတို့ အကောင်းဆုံး ဖြစ်စေချင်တာကိုး…. လသားကစသင်ရမယ်… ပြရမယ်… ကြားနေစေရမယ်…

ဒါပေမယ့်… ဒါပေမယ့်….

ဒီလို BabyTV တနေ့လုံး ဖွင့်ပြထားရက်နဲ့…
Nursery song တွေကို အမူအယာလိုက်လုပ်တတ်ရက်နဲ့...
သင်ကြားရေးစာအုပ်တွေ ဝယ်ထားပေးရက်နဲ့….

၂ နှစ်ကျော်လာတဲ့ ကလေးတော်တော်များများဟာ ဘာလို့ စကားလုံးတွေ မပြောသေးတာလဲ…?
လူလူချင်းအပြန်အလှန်ပြောဆိုနေရမယ့် စကားလုံး အတွဲအစပ်တွေကို ကလေးတွေဟာ ဘာလို့ မပြောကြသေးဘဲ နောက်ကျနေရတာလဲ…?
ကာတွန်းထဲက စာသားတွေပဲ… ဆက်တိုက် ရွတ်နေသလို ဆိုနေရတာလဲ…?
ABC တွေ 123 တွေ Apple ball စတာတွေ ရနေရက်နဲ့ ” မေမေ ချစ်တယ်”” ရေသောက်မယ်” “ သားစားမယ်” လောက် စကားလုံးတွဲတွေ မပြောတတ်သေးတာလဲ…?
အိမ်မှာရှိတဲ့ အသုံးအဆောင်၊ အခြေခံ နေ့စဉ် အလုပ်တွေကို မပြောတတ်သေးတာလဲ..?
အားလုံး မဟုတ်ပေမယ့် ဒီလိုကလေးတွေ ဘာလို့ များလာနေတာလဲ…?

ကျမတို့မေ့နေတာက ABC , Apple, Ball, Cat တွေ စာအုပ်ချပြီး… TV တွေပြပြီး မသင်ခင်….တကယ့် အခြေခံ အစစ်ဖြစ်တဲ့…ကလေးလေးတွေ နေ့တိုင်းထိတွေ့ ဆက်ဆံ မြင်နေရတဲ့ အိမ်ကပစ္စည်းတွေ၊ ပတ်ဝန်းကျင်က ပစ္စည်းတွေ၊ ဖေဖေ မေမေ ဘိုးဘိုးဘွားဘွားတို့ရဲ့ အပြုအမူ အပြောအဆိုတွေ၊ အပြင်ထွက်လိုက်ရင် မြင်ရတဲ့ သစ်ပင်၊ပန်းပင်၊ လေ၊ နေ၊ မိုး…. စတာတွေကို အရင်ဆုံး သင်ပြ၊ ပြောပြဖို့ပါ။

ဒီအတိုင်း သာမန် ပြောဆိုနေတာမျိုး မဟုတ်ဘဲ ထပ်ခါထပ်ခါ သင်ပြ၊ ပြောပြ၊ အမူအယာ ပြရင် ကလေးတို့ဟာ ဝေါဟာရတွေ အိမ်က ပစ္စည်းတွေနဲ့တင် တော်တော် စုံနိုင်ပါတယ်။

အိမ်မှာ ရှိတဲ့ ပစ္စည်းတွေဟာ အကြီးဆုံး အထင်ရှားဆုံး ရုပ်ပြ flash card တွေပေါ့…

မီးဖိုချောင်ထဲက အသီးအရွက်တွေက အသက်အဝင်ဆုံး dictionary ပေါ့…

နေ့တိုင်း အပြုအမူတွေက အပေါ်လွင်ဆုံး ကာတွန်း သရုပ်ဖော်တွေပေါ့….

မေမေ ဖေဖေ ဆိုပြတဲ့ nursery song တွေက အချိုသာဆုံးပေါ့…

သူတို့လေးတွေရဲ့ ခေါင်း၊ ခြေ၊ လက်၊ ပါးစပ် နှာခေါင်း စတာတွေက အထင်ရှားဆုံး My Body chart ပေါ့…

သူတို့လေးတွေ ငိုတာ ရယ်တာ ဗိုက်ဆာတာ၊ အေးတာ၊ ပူတာ၊လန့်တာ… တွေဟာ သင်ပြဖို့အကောင်းဆုံး စိတ်ခံစားမှု emotion တွေပေါ့…

ဒါတွေကို လုပ်တိုင်း ဖြစ်တိုင်း ထပ်ခါထပ်ခါ ပြောပြရမှာပါ….ရှင်းရှင်းလင်းလင်း ပီပီသသ ပြောပြရမှာ…စာဖတ်ပြရင်လည်း ပီပီသသ ထပ်ခါထပ်ခါ ဖတ်ပြရမှာ…

ဒီလို အိမ်မှာ၊ပတ်ဝန်းကျင်မှာ… မြင်နေ ကြားနေ လုပ်နေတာတွေကို အသံပီသ ရှင်းလင်းပြီး ထပ်ထပ်ခါထပ်ခါ ပြောပြ လုပ်ပြရင်…. ကလေးတို့ရဲ့ speech delay ကို ကာကွယ်နိုင်မယ်… သူတို့ရဲ့ စကားလုံးတွေ သိတာကို တိုးပွားစေမယ်။

စကားပြောနိုင်တယ် ဆိုတာ ကြားရဖန်များတဲ့ စကားလုံးတွေ ဦးနှောက်ထဲမှာ သိုလှောင်ထားတာ များပြီး အသံလုပ်နိုင်လာတာနဲ့ ပေါင်းစပ်ပြီး ပြောနိုင်တာပါ။

ကလေးရဲ့ ဘာသာစကားဆိုင်ရာ ဦးနှောက်ဆဲလ် တွေကို လှုံ့ဆော်ပေးမယ့် အချက်အလက်တွေ ရှိရပါမယ်။

ဒီလို လှုံ့ဆော်မှုရှိဖို့ ကစားရမယ်။ မြင်နေရမယ်။ ကြားနေရမယ်။ ကလေးက ပျော်ရွှင်ရမယ်။ ကျန်းမာရမယ်။

ဒီလို အခြေခံကျတဲ့ ကလေးတို့ နေ့စဉ် တကယ် တွေ့ထိနေတဲ့ အရာဝတ္ထုတွေကနေ စသင်ရင် ပို အကျိုးရှိနိုင်ပါတယ်။ သူတို့ တကယ်မြင်နေရတာကိုး….

ဒီလိုနည်းနဲ့ မယ်စကားကြွယ် မောင်စကားကြွယ်လေးတွေ ဖြစ်လာပြီးမှ လေးနှစ် ငါးနှစ် မူကြိုတက်တော့ ABC , ကခ သင်ရင် နောက်မကျပါဘူး… ပိုလို့တောင် သင်ယူနိုင်စွမ်း မြန်ပါတယ်။

🌟အင်္ဂလိပ် စာအုပ်တွေ၊ chart တွေ၊ Baby TV, YouTube, Iphone IPad တွေ မပြနိုင်ရင် ငါ့ကလေးက မတတ်တော့ဘူးလို့ စိတ်အားငယ်နေမယ့် ဖေဖေမေမေတို့ ကိုယ့်ကလေးကို အိမ်မှာ ရှိတဲ့ ပစ္စည်းတွေရဲ့ နာမည်၊အရောင်နဲ့ အသုံးတွေကိုသာ အရင်သင်လိုက်ပါနော်…

ခေတ်ကြီးက မြန်လာ တိုးတက်လာပေမယ့် စကားပြောနောက်ကျတဲ့၊ မျက်စိထိခိုက်တဲ့ ကလေးတွေက ပိုများလာတော့

အခြေခံကို ပြန်သွားကြတာပေါ့။ 😊

အင်း… နီတိုးတို့မေမေက ကိုယ်တွေ့နဲ့ပြောတာပါ။

မေတ္တာဖြင့်
ယုငယ်