ကလေး နို့တိုက်၊ မတိုက်ကိစ္စ
|ကလေးနို့တိုက်မတိုက်ကိစ္စဟာ မြန်မာအမေတွေကြားထဲမှာ ငြင်းလာကြတာ အတော်ကို ကြာပြီ။ ခုတခေါက် ရုပ်ရှင်မင်းသမီး အင်တာဗျူးဖြေတဲ့ ကိစ္စပေါ်လာတာအကြောင်းပြုပြီး ထပ်ပြောကြ၊ အပြစ်တင်ကြပြန်တယ်။ အမှန်ကတော့ ပညာပေးတယ်ဆိုတာထက် လွန်တဲ့အပြောမျိုးကို တတ်နိုင်သမျှရှောင်ပြောတတ်ဖို့ အရေးကြီးတယ်နော်။ လောကမှာ ဘယ်သူ့ဆုံးဖြတ်ချက်ကို ဘယ်သူကမှ အပြစ်တင်စရာ မရှိပါဘူး။ အဓိကက ဆုံးဖြတ်ချက် ချတဲ့သူဟာ အကျိုးအပြစ်တွေကို အလုံးစုံနားလည်သဘောပေါက်ပြီးမှ ချတဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့ပဲ အရေးကြီးတာပါ။ အဲဒါကို “Informed decision” လို့ ခေါ်တယ်။
ဆေရုံမှာဆိုလည်း ဆရာဝန်ဆရာမတွေရဲ့ အဓိကအလုပ်က လူနာတိုင်းကို informed decision ချနိုင်အောင် တတ်နိုင်သမျှ အချက်အလက် ပြည့်စုံအောင် ရှင်းပြရတာပါ။ ဒီရောဂါဖြစ်နေတယ်။ ကုလို့ရတာက ဒါတွေရှိတယ်။ ဒီနည်းနဲ့ကုရင် အကျိုးအပြစ်တွေက ဒါတွေ ဖြစ်မယ်။ ဒီဆေးကိုသောက်ရင်တော့ ရောဂါဘယ်လိုဖြစ်မယ် စသည်ဖြင့်ပေါ့။ ဆေးရုံက ဆင်းခွင့်မပေးသေးဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆင်းချင်တဲ့ လူနာတွေဆိုရင်လည်း ဖြစ်လာနိုင်တဲ့ အသက်အန္တရာယ်ကို အကုန်ရှင်းပြပြီး အဲဒါတွေကို သဘောပေါက်ပါတယ်ဆိုမှ လက်မှတ်ထိုးပြီး ကိုယ့်သဘောနဲ့ကိုယ် အိမ်ပြန်ကြရတာပါ။ တခါတလေ လူနာက အရမ်း sick ဖြစ်နေလို့၊ အိမ်ပြန်သွားရင် သေမှာသေချာနေလို့ ကိုယ်က ဘယ်လိုမှ မဆင်းစေချင်ရင်တောင် သူ့မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်ရှိနေသေးရင် ကျမတို့မှာ လူနာကို ကုတင်နဲ့ကြိုးတုပ်ထားလို့ မရပါဘူး။ အဲဒါသူ့အခွင့်အရေးပါ။ သူပြန်ခွင့်ရှိပါတယ်။
အခုမိခင်နို့တိုက်တာမှာလည်း တူတူပါပဲ။ လူတိုင်းမှာ သူ့အကြောင်းနဲ့သူ ရှိကြတာချည်းပါပဲ။ ကိုယ်လုပ်နိုင်တိုင်း လူတိုင်းလုပ်ရမယ်ဆိုတာ ဘယ်လိုမှ မမှန်ပါဘူး။ ကိုယ်လုပ်ရမယ့်အလုပ်က မိခင်တွေကို ပြီးပြည့်စုံတဲ့ အချက်အလက်တွေ သိအောင်လုပ်ပေးဖို့တခုပဲ ရှိပါတယ်။ မိခင်နို့တိုက်ရင်ရမယ့် အကျိုးတွေ ပြောပြမယ်။ နို့ဗူးနို့မှုန့်ကရမယ့် အကျိုးအပြစ်တွေကို ပြောပြပြီး မိခင်တိုင်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ကြမှာပါ။ နို့မှုန့်တိုက်မယ်ဆုံးဖြတ်မိတဲ့သူကို အပြစ်တင်စရာမရှိပါဘူး။ အဓိကက သူ့မှာ မှန်ကန်တဲ့အချက်အလက်တွေရှိပြီး အဲဒါတွေကို နားလည်သိလျက်နဲ့ ဆုံးဖြတ်တာဖြစ်ဖို့ပဲလိုပါတယ်။
အခုမင်းသမီးကိစ္စကကျတော့ သူ့မှာ မှန်ကန်တဲ့အချက်အလက်မရှိဘဲ ဆုံးဖြတ်လိုက်တာ။ သူ့ကိုပြောတဲ့သူက အမှားကိုပြောလိုက်တာ။ အဲဒီလိုလူတွေ မရှိရလေအောင် ပညာပေးရမှာက ကိုယ့်တာဝန်ပါ။ သူ့အတွက်လည်း စိတ်မကောင်းပါဘူး။ အဲဒါကြောင့် စာဖတ်ဖို့ ပညာရည်ပြည့်ဝနေဖို့က အမြဲအရေးကြီးတာနော်။ ဘယ်လောက်ကြီး သုံးနိုင်နေနေ၊ ပိုက်ဆံရှိနေနေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်က ကိုယ့်ရဲ့ ကြွယ်ဝမှု၊ ကျော်ကြားမှုက ဘာမှ အထောက်အကူမပြုဘူး။ ကိုယ်ကိုယ်တိုင်ကြိုးစားသင်ကြားမှ ရတာမျိုးကိုး။ အမေတိုင်းကတော့ ကိုယ့်ကလေးကို အကောင်းဆုံးဖြစ်စေချင်ကြတာချည်းပါပဲ။ အမေတွေအနေနဲ့လည်း ကိုယ့်မှာ စိတ်ဓါတ်တွေကျ ပင်ပန်းဆင်းရဲ စိတ်နှလုံးမပျော်ပိုက်လျက်နဲ့ ပတ်ဝန်းကျင်ဖိအားတွေကြောင့် သူများတွေ အပြစ်ပြောမှာကြောက်လို့ဆိုတဲ့ စိတ်နဲ့ ကြိတ်မှိတ်ပြီး မနိုင်ဝန်ထမ်း ဇွတ်အတင့်းနိုမတိုက်ပါနဲ့။ ကလေးမွေးးပြီဖြစ်တဲ့ စိတ်ကျရောဂါဟာ ကြောက်ဖို့ကောင်းပါတယ်။ ကလေးကို အမေ့နိုဆက်တိုက်ဖို့ သိပ်ခက်ခဲနေသလား။ ကိုယ့်စိတ်ကို ကိုယ်ယုံယုံကြည်ကြည်နဲ့ ဆုံးဖြတ်ပြီ့း နိုဖြတ်နိုင်ပါတယ်။ စိတ်ဆင်းရဲ စိတ်ဓါတ်ကျပြီး မပျော်တဲ့ မိခင်တယောက်ဟာ သားသမီးကို ကောင်းမွန်မှန်ကန်တဲ့ အကြံကောင်းတွေနဲ့ ဆုံးမပဲ့ပြင်ပေးနိုင်ဖို့ သိပ်ခက်ပါတယ်။ အဲဒီလိုမျိုးဖြစ်နေရင် နို့တိုက်နိုင်တယ်လို့ပြောဖို့ဟာက တန်သေးရဲ့လား။ မိခင်စိတ်ဝေဒနာ စိတ်ဖိစီးမှုဒဏ်ကြောင့် နောက်ဆက်တွဲအနေနဲ့ ကလေးမှာ ရေရှည်စိတ်ဒါဏ်ရာတွေ အများကြီးဆက်ဖြစ်ဖို့ အန္တရာယ်ရှိနေပြီလေ။
အခုပြောနေကြတဲ့သူတွေကလည်း စေတနာအရင်းခံပြီးပြောတာဆိုတာ ၁၀၀% ယုံကြည်ပါတယ်။ ကိုယ်ပြောနေလျက်နဲ့ နိုဗူးတိုက်ဖို့ရွေးချယ်ကြတာတွေ့တဲ့အခါ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ အသိပညာပေးတဲ့ အချက်ကပျောက်သွားပြီး ကရုဏာဒေါသောနဲ့ အပြစ်တင်သလိုတွေဖြစ်ကုန်ကြရော။ မဖြစ်ပါကြနဲ့။ အဲဒီလြိုဖစ်လာတိုင်း ကိုယ့်စိတ်ကလေး အပြင်မထွက်သွားခင် informed decision ဆိုတာလေးကို သတိရပြီး သူ့ဆုံးဖြတ်ချက်ကို လေးစားသမှုနဲ့ အသိအမှတ်ပြုပေးလိုက်ပါနော်။