မွေးကင်းစကလေးလေးတွေ လက်ကြိုက်သလား၊ skin to skin contact နဲ့ ဦးနှောက် ဖွံ့ဖြိုးမှု

ကျမတို့ ပတ်ဝန်းကျင်မှာ မီးဖွားပြီးစ မိဘတွေကို အခမဲ့ အကြံပေးတဲ့သူတွေ တပုံကြီး ရှိတယ်နော်။ အထူးသဖြင့် ကလေးက သားဦးဖြစ်တဲ့အခါ မိဘအသစ်စက်စက်တွေမှာ ဟိုလူပြောတာ လိုက်လုပ်ရကောင်းနိုး ဒီလူအကြံပေးတာ နားထောင်ရကောင်းနိုးနိုး ဖြစ်ရစမြဲပါ။ အဲဒီအကြံပေးစကားတွေထဲက တစ်ခုက ကလေးကို ငိုတိုင်းမချီနဲ့၊ လက်ကြိုက်နေမယ်ဆိုတာပါ။ ရက်သားကလေးလေးတစ်ယောက်ဟာ လက်ကြိုက်တတ်သလား။ မကြိုက်တတ်ပါဘူးလို့ပဲ အရှင်းဆုံး ပြောပါရစေ။ သူကလေးဟာ အခုမှ အမေ့ဗိုက်ထဲက အပြင်လောကကြီးကို ရောက်လာသူကလေးပါ။ သူဟာ အရမ်းနုနယ်လွန်းပါတယ်။ သနားစရာကောင်းလွန်းပါတယ်။ သူ့မှာအစစအရာရာ လိုအပ်ချက်တွေချည်းပါ။ အဲဒီလိုအပ်ချက်တွေကိုလည်း သူများက လုပ်ပေးမှ ရရှာတာပါ။ သူလုပ်နိုင်တာက တစ်ခုပဲရှိပါတယ်။ သူတစ်ခုခုလိုနေပြီဆိုရင် ငိုတာပဲ တတ်နိုင်ပါတယ်။ သူငိုပြီဆိုရင် လိုအပ်လို့ငိုတာပါ။ သူ့မှာ ငါ့ကိုလာချီအောင် ငိုလိုက်မယ်ဆိုတဲ့ အသိလည်းမရှိသေးပါဘူး။ သူ့ကို ချီထားခြင်းအားဖြင့် သူစိတ်ကလေး လုံခြုံနွေးထွေးစေပါတယ်။ အထူးသဖြင့် အရေပြားချင်း ထိကပ်ပေးတာဟာ မွေးစကလေးလေးတွေ(ပထမ၂၈ရက်အတွင်း) အတွက် အရမ်းကို အရေးပါပါတယ်။

ဆေးရုံတွေမှာ ရိုးရိုးမွေးတဲ့ကလေးတိုင်းကို မဖြစ်မနေလုပ်ပေးလေ့ရှိတာက မွေးပြီးပြီးချင်း အမေ့ရင်ခွင်ထဲ တင်ပေးလိုက်တာပါ။ အမေ့ဝမ်းက ထွက်တာနဲ့ အမေ့ရင်ခွင်ထဲ သဘာဝအတိုင်း အရေပြားချင်းထိပေးလိုက်ခြင်းအားဖြင့် ကလေးငယ်လေးတွေ လုံခြုံနွေးထွေးမှု ခံစားရတယ်၊ နှလုံးခုန်နှုန်း အသက်ရှုနှုန်း မှန်စေတယ်၊ ကိုယ်အပူချိန်ကို မိခင်ကိုယ်အပူချိန်အတိုင်း လိုက်ထိန်းညှိနိုင်တယ်။ ဒါတွေအပြင် သူတို့ရဲ့ ရေရှည် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ကိုပါ အများကြီး အထောက်အကူဖြစ်တယ်လို့ သုတေသနတွေက တွေ့ထားတယ်။ ကလေးလေးတွေရဲ့ ခေါင်းမှာ ဦးနှောက်လှိုင်းတွေကို ပြတဲ့စက်တပ်ပြီး လေ့လာတဲ့အခါ အရေပြားချင်း အသားချင်းထိထားတဲ့အချိန်မှာ သူတို့ဦးနှောက်ကလေးတွေကနေ အပေါင်းလက္ခဏာဆောင်တဲ့ လှိုင်းတွေထုတ်ပေးတာကို တွေ့ရတယ်။ အထူးသဖြင့် လမစေ့ဘဲမွေးတဲ့ကလေးလေးတွေမှာ (၃၆ ပါတ်ထက်စောပြီးမွေးတဲ့ကလေးတွေ) skin to skin care က ပိုထိရောက်တာကို တွေ့ရတယ်။

မွေးကာစမှာ မိခင်နို့တိုက်ရတာ အဲဒီအချိန်အတွက် အကြီးမားဆုံးစိန်ခေါ်မှုပါပဲ။ နို့ကကောင်းကောင်းမထွက်သေး၊ ကလေးကနို့မစို့တတ်သေးတဲ့အပြင် မီးဖွားထားတဲ့အမေရဲ့ စိတ်ဖိစီးမှုကလည်း မသေးပါဘူး။ စိတ်ဖိစီးလေ စိတ်ပူလေ နို့မထွက်လေပါပဲ။ အဲဒီအခါ ကလေးကိုအမေ့ရင်ဘတ်ပေါ်တင်ပြီး skin to skin လုပ်ပေးရင် သဘာဝက လှုံဆော်တဲ့အသိကြောင့် ကလေးလေးဟာ အမေ့နို့ကို လိုက်ရှာပါလိမ့်မယ်။ နို့ဘယ်လိုဟပ်ရမယ် (Latching)၊ ဘယ်လိုစို့ရမယ် (Suckling) ဆိုတာလည်း သဘာဝအလျောက် သူပိုလုပ်တတ်လာပါတယ်။ အမေအတွက်လည်း ကလေးနဲ့ skin to skin လုပ်တဲ့အခါ စိတ်ဖိစီးတာ၊ ဝမ်းနည်းတာတွေ သိသိသာသာ လျော့ကျပြီး ကလေးနဲ့ ခိုင်မာတဲ့ချိတ်ဆက်မှု (Bonding) ရဖို့ အများကြီး အထောက်အကူပေးတယ်။ skin to skin လုပ်တာဟာ အမေနဲ့ပဲ လုပ်ရမယ်မဟုတ်ပါဘူး။ ဖေဖေတွေနဲ့လည်း လုပ်နိုင်ပါတယ်။ ဖခင်အသစ်စက်စက်လေးတွေမှာလည်း စိတ်ဖိစီးမှုတွေ ရှိတာပါပဲ။ ကလေးနဲ့ bonding ရဖို့ အရေးကြီးတာပါပဲ။ အဲဒါကြောင့် မွေးကင်းစ ကလေးလေးတွေ အထူးသဖြင့် ပထမ ၂၈ရက်မှာ အရေပြားချင်း အသားချင်းထိတာကို တတ်နိုင်သမျှ ခဏခဏလုပ်ပေးပါ။ ပထမ ၂၈ ရက်ကျော်သွားလည်း တတ်နိုင်သမျှ ဆက်လုပ်ပေးပါ။ သုံးလအောက် ကလေးလေးတွေငိုတိုင်း ချီပြီးချော့ပေးပါ။ သူတို့ဘာသာ အငိုတိတ်အောင် လေ့ကျင့်ပေးချင်တယ် (self soothing) ဆိုရင် သုံးလကျော်သွားမှသာ စပြီး လေ့ကျင့်ပေးပါ။ မွေးစကလေးလေးတွေကို ခဏခဏချီပေးခြင်းဟာ သူတို့ကျန်းမာရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေး ဦးနှောက်ဖွံ့ဖြိုးမှုတွေအတွက် အများကြီး အထောက်အကူပြုပါတယ်။

Ref: Psychology today: more proof that skin to skin contact benefits babies’ brains