Child abuse အကြောင်း ပြောဦးမယ်နော်။

ခုပုံထဲက ကလေးဟာ ၁၁- နှစ်သားလေးပါ။ သူဆေးရုံရောက်တယ်ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့ တနင်္လာလောက်ကတည်းက ဖတ်ရတယ်။ ရင်ထဲ နာလွန်းလွန်းလို့ ဆက်ဖတ်နေမိတာပေါ့။

မလေးရှားနိုင်ငံ Johor မှာ ဖြစ်တာပါ။ဒီကလေးရဲ့ အမေဟာ ဒီကိစ္စကို သူ့သားက” သူ ဘယ်လိုမှ မခံနိုင်တော့ဘူး။ သူ့ကို ကျောင်းဆက်မပို့ပါနဲ့တော့လို့” ပြောလာမှ သတိထားမိပြီးသိရတာပါတဲ့။

ကျောင်းအိပ်ကျောင်းစားပို့ထားတဲ့ သူ့သားကို သွားကြည့်တော့ သူ့သားဟာ မျက်နှာ ဖြူဖျော့နေပြီး နေမကောင်းပုံနဲ့ ခုလိုပြောလာတာပါ။ ကျောင်းတက်တာ ၂- လကျော်လောက်တော့ ရှိပါပြီတဲ့။ အစပိုင်းတုန်းကတော့ ကလေးဟာ အဆင်ပြေပြီး ပျော်ပါတယ်တဲ့။

မတ်လလယ်လောက်မှာ ဒီကိစ္စ ဖြစ်တာပါ။ ကျောင်းက assistant warden ( လက်ထောက် အဆောင်မှုး) က ကလေး ၁၅ ယောက် ကို ကိစ္စ တစ်ခုအတွက်နဲ့ ရေပိုက်နဲ့ ရိုက်ပြီး အပစ်ပေးပါတယ်တဲ့။ တစ်ကြိမ်တည်းမဟုတ်ဘဲ အကြိမ်ကြိမ်ပါ။ ဒီကိစ္စကို ကလေးက နေမကောင်းလွန်းလို့ အမေကို ပြောပြတာ ဧပြီ လဆန်း လောက်မှာပါ။

ကလေးဟာ အနာအရှိန်နဲ့ ဖျားနေတာကို အမေက အိမ်မှာ ခဏတော့ စောင့်ကြည့်သေးတယ်။ ဒါပေမယ့် နောက်တော့ ဆေးရုံသွားကြတယ်ပေါ့။ ဆရာဝန်တွေက ကလေးရဲ့ ခြေထောက်အညိုအမည်းဟာ infection ဝင်နေပြီ။ ကိုယ်တွင်း အင်္ဂါတွေကိုပါ ပျံ့နေပြီ။ ကျောက်ကပ်ကို ပျံ့နေပြီ ခြေထောက် နှစ်ဖက်လုံးကို ဖြတ်ပစ်ရမယ်တဲ့။

ဒါက ပထမ နေ့က တက်လာတဲ့ သတင်းပေါ့။

မနေ့က ၂၆/၄ ရက်နေ့မှာတော့ ကလေးဟာ ဆုံးသွားပါပြီတဲ့။ ခြေနှစ်ဖက်လုံး ဖြတ်လိုက်ရပြီး ကလေးဟာ coma ဝင်နေပါတယ်။ ပြီးတော့ ညာဘက်လက်လည်း ဖြတ်ရမယ် လို့ စီစဉ်နေတုန်း ဆုံးပါးသွားခဲ့ပါတယ်။

မိဘတွေ ဘယ်လောက် ရင်နာလိုက်မလဲ!!!

Abuse လုပ်တဲ့ ဆရာကို ဖမ်းလိုက်ပြီ ဖြစ်ပေမယ့်၊cctv တွေနဲ့ သက်သေတွေ ခိုင်လုံနေပြီ ဖြစ်ပေမယ့် ကိုယ့်သားသမီးက အသက်ဆုံးရှုံး သွားရတာက အရင်ပါ။ ပြန်အစားထိုးမရနိုင်တော့ဘူး

မိဘတွေ အနေနဲ့ ကျောင်းသွားထားတယ်ဆိုတာ ကိုယ့်သားသမီးကို ကိုယ်ကလွဲရင် ဒုတိယ စိတ်ချလို့…. ပညာတတ်စေချင်လို့….. လိမ္မာစေချင်လို့…. ကောင်းစားစေချင်လို့…..
ဒါကို ကျောင်းက ဆရာတွေက ရိုက်မယ်၊ နှက်မယ်၊ abuse လုပ်မယ် ဆိုရင်တော့ ဘယ်လို လုပ်ကြရမလဲ။

ကလေးတွေခမျာရော?

မိဘက တွန်းအားပေးမယ်…. ကျောင်းသွားဖို့… ဆရာမ စကားနားထောင်ဖို့….ပြန်မပြောဖို့…. စတာစတာတွေ…

ကံမကောင်းပဲ ဒီလို ကိစ္စမျိုးနဲ့ ကြုံရင် ဘယ်လိုလုပ်မလဲ?

မိဘတွေ အနေနဲ့အမြဲ သံသယ ဖြစ်နေစရာ မလိုပေမယ့် ကိုယ့်ကလေးတွေကို မှာထားပါ။ ပြန်ပြောတတ်အောင် သင်ထားပါ။ ကိုယ်ကိုယ်တိုင်လည်း မျက်ခြေမပျက်ပါနဲ့။ ပြီးတော့” ကလေးတွေ ပြောတဲ့ စကားကို ယုံပေးပါ”။ ကလေးဟာ လီဆယ် မပြောတတ်အောင် သင်ထားတာက သက်သက် တစ်ပိုင်းပေါ့။ ကိုယ်က ရင်နဲ့ ရင်းပြီး မွေးထားရတဲ့ ရင်သွေးမို့ သတိထားမှ တော်ကာကျမယ်နော်။

တကမ္ဘာလုံးက ကလေးလေးတွေ Abuse လုပ်ခံနေရခြင်းမှ ကင်းဝေးကြပါစေ။

ယုငယ်
၂၇/၀၄/၂၀၁၇