တန်ဆေး လွန်ဘေး!!!

အားဆေးလေးညွှန်ပေးပါဦး ဆရာ!
ဘာအားဆေး စွဲတိုက်ရမလဲ!
ပိန်လို့ဘာအားဆေးတိုက်ရင်ကောင်းမလဲ! စသည်တို့သည် ဆေးရုံဆေးခန်းများတွင် ကြားရဖန်များသောစကားများဖြစ်သည်။

အားဆေးများတိုင်း ကောင်းပါ၏လော။
လိုလျှင်ဆေး ပိုလျှင်ဘေးဖြစ်တတ်သည်ကို သတိပြုမိရန်လိုသည်။
တစ်ချို့သော ဗီတာမင်အားဆေးများသည် ပိုလျှင် ကိစ္စမရှိတတ်။ ခန္ဓာကိုယ်မှ သူ့ဘာသာသူစွန့်ထုတ်လိုက်သည်။ ဥပမာအားဖြင့် ဗီတာမင်ဘီအုပ်စုများဖြစ်သော ဘီဝမ်း ဘီစစ် ဘီတွဲ ဖောလစ် စသည့် ဗီတာမင်များသည် ခန္ဓာကိုယ်ရှိရေတွင်ပျော်ဝင်သော ဗီတာမင်များဖြစ်ရာ ပိုသောပမာဏကို ဆီးလမ်းကြောင်းမှစွန့်ပစ်နိုင်သည် ဖြစ်၍ များစွာစိတ်ပူရန်မလိုပေ။

သို့သော် တစ်ချို့သော ဗီတာမင်များသည် ခန္ဓာကိုယ်ရှိအဆီတွင် ပျော်ဝင်သော ဗီတာမင်များဖြစ်နေရာ သုံးစွဲသည့် ပမာဏများလာပါက စွန့်ပစ်ရန်ခက်ခဲကာ အဆိပ်အတောက် ဖြစ်စေတော့သည်။
ထိုသို့ အဆီတွင်ပျော်ဝင်သောဗီတာမင်အချို့မှာ
ဗီတာမင် အေ နှင့်
ဗီတာမင် ဒီ တို့ဖြစ်သည်။

၁။ ဗီတာမင် အေ အဆိပ်တက်ခြင်း
ဗီတာမင်အေ လိုသည်ထက်ပိုများနေပါက အသားအရေခြောက်ခြင်း ကြမ်းခြင်း နှုတ်ခမ်းများကွဲလာခြင်း ဆံပင်ကျွတ်ခြင်းများ စတင်ခံစားလာရသည်။ ပိုဆိုးလာပါက ဂနာမငြိမ်ဖြစ်လာခြင်း အသည်းအင်ဇိုင်းများ များပြားလာခြင်း များဖြစ်ပေါ်လာတတ်သည်။ ဗီတာမင် အေ ရုတ်တရက်များလာပါက အော့အန်ခြင်း ဦးနှောက်ဖိအားများလာခြင်း တို့ဖြစ်ပေါ်ပြီး သေဆုံးနိုင်သည်။
တစ်နေ့တာလိုအပ်သော ဗီတာမင် အေ ပမာဏမှာ
200 – 600 IU မျှသာဖြစ်ရာ ချင့်ချိန်သုံးစွဲသင့်သည်။

အစားအစာများမှရသော ဗီတာမင် အေ သည် အန္တရာယ်ကင်းသည်။ ဗီတာမင် အေ ကြွယ်ဝသော အစားများမှာ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ ရွှေဖရုံသီး မုန်လာဥ သင်္ဘောသီး သရက်သီး ဖရဲသီး စသည်တို့ဖြစ်သည်။

၂။ ဗီတာမင် ဒီ အဆိပ်တက်ခြင်း
ဗီတာမင်ဒီ သည် နေရောင်ခြည်မှရသည်။ နေရောင်ခြည်မရသောနိုင်ငံများတွင် အရေးတကြီးလိုအပ်နေတတ်သော်လည်း နေရောင်ခြည်ကောင်းစွာရသော မြန်မာနိုင်ငံတွင်လိုလေသေးမရှိ ပိုနေသေး၏ ဟုဆိုရမည့်ဗီတာမင်ဖြစ်သည်။
သို့သော် လိုသည်ထက်ပို၍ သုံးစွဲမိပါက ကျောက်ကပ် နှင့် နှလုံးအား အပြီးတိုင်ထိခိုက်စေသည့်အပြင် ကိုယ်ဝန်ဆောင်များတွင် ဥာဏ်ရည်မမှီသော ကလေးများ မွေးဖွားလာစေနိုင်သဖြင့် မေမေလောင်းလျာ တို့ အထူးသတိပြုသင့်သည်။

ဗီတာမင်ဒီရုတ်တရက်များပါက သွေးတွင်း ကယ်လ်ဆီယမ်ဓာတ် များလာပြီး ကျောက်ကပ် အဆုတ် နှလုံးနှင့်သွေးကြောများတွင် ကျောက်တည်လာခြင်း သွေးတိုးခြင်း ပျို့ခြင်း အန်ခြင်း ဝမ်းချုပ်ခြင်းနှင့်ဝမ်းလျှောခြင်းများ တစ်လှည့်စီ ဖြစ်ပေါ်ခြင်း ဆီးသွားများခြင်း တစ်ကိုယ်လုံးယားယံခြင်း တို့ခံစားရနိုင်သည်။
ထို့ပြင် အရိုးမှ ကယ်လ်ဆီယမ်ဓာတ်များကို လျော့ပါးစေသဖြင့် အရိုးများနာကျင်လာကာ အရိုးကျိုးလွယ်စေသည်။
တစ်နေ့တာလိုအပ်သော ဗီတာမင်ဒီ ပမာဏမှာ 400 – 800 IU မျှသာဖြစ်ရာ ချင့်ချိန်သုံးစွဲသင့်သည်။

အစားအစာများမှရသော ဗီတာမင် ဒီ သည် အန္တရာယ်ကင်းသည်။
ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများမှာ နို့နှင့်နို့ထွက်ပစ္စည်းများ ငါးကလေးများ ဥအနှစ်များ စသည်တို့ဖြစ်သည်။

သို့ဖြစ်ရာ ဗီတာမင်များ ပို၍လိုအပ်သူများဖြစ်သော ကိုယ်ဝန်သုံးလနှင့်အထက်ရှိသော မေမေလောင်းလျာများ ခန္ဓာကိုယ်တည်ဆောက် ကြီးထွားဆဲဖြစ်သော သားသားမီးမီးများ ဆယ်ကျော်သက် လူငယ်များသည် ဗီတာမင်ဆေးများကို လိုအပ်ချက်အရ မှီဝဲနိုင်သော်လည်း တန်ဆေး လွန်ဘေးကို သတိပြု၍ သောက်သုံးသင့်သည်။

ရောဂါရှိသူ လူမမာများအနေဖြင့် ရောဂါကြောင့်သော်လည်းကောင်း အစာမဝင်သောကြောင့်သော်လည်းကောင်း ဗီတာမင်များချို့တဲ့ကောင်း ချို့တဲ့နေမည်ဖြစ်သော်လည်း ဗီတာမင်ချို့တဲ့၍ ထိုရောဂါများဖြစ်သည်ဟုကား တစ်ထစ်ချမပြောနိုင်ပေ။ ထို့အတူ ထိုရောဂါများမဖြစ်ပွားစေရန် ဗီတာမင်များသောက်သုံးသင့်သည်ဟူသော အယူအဆ အချို့မှာလည်း စဉ်းစားဖွယ်ရာပင်ဖြစ်သည်။

ထို့ပြင် အစာအစားမျိုးစုံ အား စုံလင်စွာ စားသောက်ပေးခြင်းဖြင့်လည်း လိုအပ်သော ဗီတာမင်မျိုးစုံရနိုင်သည်ဖြစ်ရာ တန်ဆေးလွန်ဘေး ဟူသည်ကို သတိပြုလျက် ကျန်းမာစွာနေထိုင်သွားနိုင်ကြပါစေကြောင်း အကြံပြုလိုက်ပါသည်။
အဆင်ပြေကြပါစေ။

အောင်ငြိမ်းဝင်း (Child Health Myanmar Page)
Photo – Credits to Google.