ကဖိန်းဓာတ်ကို သဘာဝအတိုင်း အပင်တွေရဲ့ အသီးတွေ အရွက်တွေကနေ ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ အဲဒါကိုမှ အချို့သော အစား အသောက်တွေမှာ ပြုပြင်ဖန်တီးပြီး ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကဖိန်းကို ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကော်ဖီရေခဲမုန့် စတာတွေနဲ့ အကိုက်အခဲပျောက်ဆေးတွေမှာ တွေ့ရှိရတာ ဖြစ်ပါတယ်။
ကဖိန်းဟာ ကလေးတွေနဲ့ လူကြီးတွေအတွက်ကော တူညီတဲ့ အကျိုးသက်ရောက်မှု ပေးပါတယ်။ ဒါအပြင် ကဖိန်းကိုသုံးစွဲတဲ့အတွက် ကောင်းကျိုးရော ဆိုးကျိုးပါ ပေးပါတယ်။ ကောင်းကျိုးအနေနဲ့ကတော့ သူ့ကို သုံးစွဲမိတာနဲ့ ပိုမိုနိုးကြားပြီးတော့ လှုပ်ရှားတက်ကြွလာ အောင် စွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ ဆိုးကျိုးအနေနဲ့ ကဖိန်းကို စားသုံးမိရင်တော့ လူကြီးမှာရော ကလေးမှာပါ ကတုန်ကယင်ဖြစ်တာ၊ ဂနာမငြိမ် စိတ်လှုပ်ရှားတာ၊ အစာအိမ် မကောင်းတာ၊ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်လို့မရတာ၊ အိပ်ပျော်ဖို့ခက်တာ၊ နှလုံးခုန်မြန်တာ၊ သွေးဖိအားမြင့်တက်တာ အစရှိတာတွေပါ ခံစားရနိုင် ပါတယ်။ ဒါကြောင့်မို့ ကဖိန်းဓာတ်ကို တတ်နိုင်သမျှ နည်းနည်းပဲ သုံးစွဲသင့်ပြီး တော့ အထူးသဖြင့် ကလေးတွေမှာဆိုရင် ပမာဏ နည်းနည်းလေးတောင်မစားသုံးမိစေဘဲ ပိုမိုရှောင်ရှားသင့်တာ ဖြစ်ပါတယ်။
ကဖိန်းဓာတ်ပါတဲ့ အစားအသောက်တွေကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ကလေးတွေမကြာခဏ သောက်သုံးလေ့ရှိတဲ့ အချိုရည်တွေ ထဲမှာလဲ ကဖိန်းဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့ တစ်နေ့ကို အချိုရည် တစ်ဗူးနဲ့ အထက် သောက်သုံးတဲ့ ကလေးတွေမှာ အဝလွန် နိုင်ဖို့ ၆၀% ပိုများပါတယ်။ ကဖိန်းပါတဲ့ အအေးဘူးတွေဟာ ကယ်လိုရီ လုံးဝ မပါသလောက် ဖြစ်တာကြောင့် သောက်သုံးတဲ့ ကလေး တွေ အတွက်ကတော့ သူတို့တွေ ကြီးထွားသန်မာဖို့လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ အချိုရည်တွေ အများကြီး သောက်သုံးခြင်းဟာ သွားနဲ့ အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ကယ်လစီယမ်ဓာတ် ကို အားနည်းစေပါတယ်။ ဒါ့အပြင် အချို လွန်ကဲတဲ့ အအေးဘူးတွေမှာ သကြားပါဝင်မှုနှုန်း မြင့်မားတဲ့အတွက် သူတို့ကို သောက်သုံးခြင်းဟာ သွားတွေကိုလည်း ပျက်စီးစေနိုင် ပါတယ်။
ကဖိန်းဟာ ဆီးသွားခြင်းကို အားပေးတဲ့အတွက် ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့ ကလေးတွေအတွက် ကဖိန်းပါတဲ့ ဖျော်ရည်တွေ တိုက်မယ့်အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝအသီးဖျော်ရည်တွေကို အစားထိုး တိုက်ကျွေးနိုင်ပါတယ်။
ကဖိန်းအလွန်အမင်း စားသုံးသူတွေ အနေနဲ့ သုံးစွဲမှုကို ရုတ်တရက် ဖြတ်လိုက်ရင်တော့ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာကျင်တာ၊ စိတ်တိုလွယ်တာ အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကဖိန်းဟာ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေနဲ့ အာရုံကြော ပြဿနာတွေကိုပါ ဖြစ်ပွားစေနိုင်ပြီး အချို့ကလေးတွေဟာ ဒီလိုဖြစ်နိုင်ခြေတွေ များနေတာကိုတောင် သတိမထားမိတတ်ကြပါဘူး။
ကဖိန်းဓာတ် စားသုံးမှုလျှော့ချဖို့ အကောင်းဆုံးနည်းလမ်းကတော့ နို့၊ ရေ၊ အသီးဖျော်ရည်တွေနဲ့ အစားထိုးပြီး တဖြည်းဖြည်းချင်း ပြတ်အောင်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ ယတိပြတ် ဖြတ်လိုက်မယ်ဆိုရင်တော့ ကလေးတွေရော လူကြီးတွေမှာပါ ခေါင်းကိုက်တာ၊ ယားယံတာ၊ စိတ်ဓာတ်ကျတာ၊ အစရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးတွေအတွက် ကဖိန်းစားသုံးမှုကို မိဘတွေအနေနဲ့ သေချာ ဂရုတစိုက် ဆောင်ရွက်သင့်တယ်လို့ အကြံပြုလိုပါတယ်။
ကိုးကား – https://kidshealth.org