ကလေးငယ်များနှင့် TV

မိသားစုတွေရဲ့ဘဝမှာ TV တို့ ၊ Video တို့ဆိုတာဟာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ကြည့်စရာ TV Channel တွေကလည်း အမြောက်အမြားရှိပြီး အချိန်မရွေး ၂၄နာရီပတ်လုံး ကြည့်ရှုနိုင်နေပြီ ဖြစ်ပါတယ်။ မိဘအများစု ကတော့ TV ကြည့်ခြင်းဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုကို အကျိုးကျေးဇူး မဖြစ်စေပဲ အဟန့်အတား ဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့်မို့ ကျွမ်းကျင်သူတွေ အဆိုပြုထားတဲ့ ကလေးငယ်တွေအတွက် TV ကြည့်ခြင်းနဲ့ ပတ်သက်တဲ့ အချက်လေးတွေကို ဝေမျှပေး လိုက်ပါတယ်။

TV ကြည့်တဲ့ အချိန်ပမာဏကို ကန့်သတ်ထားသင့်ပါသလာ?

ကျွမ်းကျင်သူများ အကြံပြုချက်အရ အသက်(၂)နှစ်အောက် ကလေးငယ်များကို TV လုံးဝမကြည့်စေရင်တော့ ပိုကောင်းတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအရွယ်က ကိုယ်လက်လှုပ်ရှားမှု များများပြုလုပ်ဖို့ လိုအပ်တဲ့အရွယ် ဖြစ်လို့ပါပဲ။ ဒါပေမယ့် အဲဒီအရွယ် ကလေးငယ်တွေ ကို TV ကြည့်ခွင့် ပြုထားတယ် ဆိုရင်လည်း ၁၀မိနစ်၊ ၁၅ မိနစ်လောက်ပဲ ပေးကြည့်သင့်ပါတယ်။ အသက်(၂)နှစ်ကနေ (၃)နှစ် ကလေး တွေ အတွက်တော့ တစ်နေ့လုံးအတွက် စုစုပေါင်း (၁)နာရီခန့် ကြည့်ဖို့ပဲ ကန့်သတ်ထားသင့်တယ်လို့ ဆိုပါတယ်။ TV ကြည့်ခြင်းထက် ကိုယ်လက်လှုပ်ရှားမှု များများပြုလုပ်ခြင်းဟာ ကလေးငယ်တွေ အတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပိုမိုဖွံ့ဖြိုး တိုးတက်ဖို့ လိုအပ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေဟာ အခြားကလေးတွေနဲ့ ဆော့ကစားပေးခြင်းဖြင့်လည်း စကားပြောတတ်ဖို့နဲ့ လူတွေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာ သင်ယူပြီး ဖြစ်တဲ့အတွက် အခြားကလေးတွေနဲ့လည်း တွေ့ဆုံပေးဖို့ လိုအပ်ပါတယ်။

အသက်(၄)နှစ်အထက်ကလေးတွေကိုတော့ screen time ကို တစ်နေ့မှာ (၁)နာရီမှ (၂)နာရီလောက်အထိပဲ ခွင့်ပြုသင့်တယ်လို့ ဆရာဝန်တွေက အကြံပြုထားကြပါတယ်။ Screen time လို့ ဆိုတဲ့နေရာမှာ TV ကြည့်တာအပြင် computer, mobile phone, tablet အစရှိတာတွေ ကြည့်တာပါ အကျုံးဝင်ပါတယ်။ အမေရိကန်၊ ကနေဒါ၊ အစရှိတဲ့ နိုင်ငံတွေမှာလည်း ဒီလိုပဲ အကြံပြုထားတာ ဖြစ်ပါတယ်။

TV ကို ဘယ်လို ကြည့်ခိုင်းရမလဲ ?

ကလေးငယ်တွေကို TV မှာဘာပဲလာလာ ကြည့်ခိုင်းတာထက်စာရင် သူတို့ကြည့်ဖို့ သင့်တော်တဲ့ အစီအစဉ်တွေကို ဂရုတစိုက် ရွေးချယ် ပေးဖို့ လိုအပ်ပါတယ်။ မိမိကလေးငယ်နှစ်သက်တဲ့ အစီအစဉ်တွေကို မှတ်ထားပြီးတော့ အဲဒီအစီအစဉ်တွေပြီးတာနဲ့ TV ကို ပိတ်ဖို့လဲ လိုအပ်ပါတယ်။ ဒါ့အပြင် You Tube ကဆင့်လည်း ကလေးငယ်နှစ်သက်တဲ့ အစီအစဉ်တွေကို သိမ်းထားပြီးလည်း ပြသနိုင်ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်ကို ကြည့်ပြီးရင် ဘာလုပ်ရမယ်ဆိုတာကိုတော့ ကလေးငယ်ကို ကြိုတင်ပြောထားတာ ပိုပြီး အဆင်ပြေ ပါလိမ့်မယ်။

ငြိမ်ငြိမ်သက်သက်နဲ့ အေးဆေးတဲ့ အစီအစဉ်တွေကို ရွေးချယ်ပါ

လှုပ်ရှားမှုအရမ်းမများတဲ့ အစီအစဉ်တွေက ကလေးတွေအတွက် သူတို့ဘာကြည့်နေတယ်ဆိုတာကို စဉ်းစားမိစေပြီး အကြောင်းအရာ တွေကိုလည်း ဦးနှောက်ကနေ စုပ်ယူနိုင်စွမ်းရှိစေပါတယ်။ လှုပ်ရှားမှုတွေများတဲ့ စွန့်စားခန်းလိုမျိုး ကာတွန်းတွေက သူတို့လေးတွေကို ရှုပ်ထွေးစေတဲ့ အတွက်ပဲ ဖြစ်ပါတယ်။

အချို့သော သုတေသနတွေရဲ့ အကြံပြုချက်အရ အကြမ်းဖက်မှုတွေပါတဲ့ အစီအစဉ်တွေကို ကြည့်ရှုတဲ့ကလေးတွေက ရန်လိုတဲ့ လက္ခဏာတွေ ပိုပြီးပြသနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ ကလေးတွေ ကြောက်ရွံ့စေမယ့် အစီအစဉ်တွေကို ရှောင်ရှားဖို့ လိုအပ် ပါလိမ့်မယ်။ အဲဒီအစား ရိုးရှင်းကောင်းမွန်ပြီး လူတစ်ဦးနဲ့တစ်ဦး အပြန်အလှန် အလေးအနက်ထားတဲ့ အစီအစဉ်တွေကိုပဲ ပြသသင့် ပါတယ်။

မိဘတွေကော ကလေးတွေနဲ့အတူ TV ကြည့်သင့်ပါသလား ?

မကြာသေးမီက လေ့လာတွေ့ရှိချက်တွေအရ မိဘနဲ့အတူတူ TV ကြည့်တဲ့ ကလေးတွေက TV ကို တစ်ယောက်တည်းကြည့်တဲ့ ကလေး တွေထက် ပညာရေးရမှတ်အနေနဲ့ ပိုမိုမြင့်မားမှုရှိတယ်လို့ဆိုပါတယ်။ တခါတရံမှာ မိဘတွေအနေနဲ့ TV, Video စတာတွေကို ကလေးထိန်း တစ်ယောက်လို သဘောထားပြီး အသုံးပြုတဲ့ အချိန်လည်း ရှိတတ်ကြပါတယ်။ ဒါပေမယ့် ကလေးကို တစ်ယောက်တည်း အချိန်အကြာကြီး screen time သုံးခွင့်ပေးထားမယ်ဆိုရင်တော့ သူဘာတွေကြည့်နေတယ်ဆိုတာကို မိဘတွေ အနေနဲ့ ဂရုမစိုက်ဘူး ဆိုတာ အချက်ပေးလိုက်သလိုပါပဲ။

ဒါကြောင့်မို့ အဆင်ပြေတယ်ဆိုရင်တော့ TV ကြည့်တဲ့အချိန်မှာ မီးပူတိုက်တာ၊ အဝတ်ခေါက်တာ စတဲ့ အခြားလုပ်လို့ရတဲ့ အလုပ်တွေ ကိုပါ လုပ်ရင်းနဲ့ တစ်ပြိုင်တည်း TV ကြည့်ရင်း လုပ်နိုင်ပါတယ်။ အဲဒီလိုလုပ်ခြင်းဟာ ကလေးနဲ့ အတူတူ TV လည်း ကြည့်လို့ရ၊ အလုပ် တွေလဲပြီးတာမို့ အဆင်ပြေတဲ့ နည်းလမ်းတစ်ခုပါပဲ။

ကျွမ်းကျင်သူတွေရဲ့ အဆိုပြုချက်အရတော့ TV ကို အစာစားချိန်မှာ မကြည့်သင့်ပါဘူးလို့ ဆိုပါတယ်။ မိသားစုနဲ့ အတူတကွ စားသောက် ခြင်းဟာ တစ်နေ့လုံးမှာ လုပ်ဆောင်ခဲ့သမျှ အကြောင်းအရာတွေကို အတူတကွပြန်လည်ပြောဆို စကားလက်ဆုံကြလို့ရတဲ့ အကောင်း ဆုံး အခွင့်အရေးတစ်ခုဖြစ်ပြီးတော့ အလေ့အထကောင်းတစ်ခုကို တည်ဆောက်ခွင့်ရတဲ့ အတွက်ကြောင့်လဲ ဖြစ်ပါတယ်။

ကလေးထမင်းကျွေးတဲ့အချိန်မှာ TV ကို ဖွင့်ထားတတ်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင်တော့ ကလေးဗိုက်ဝပြီလား မဝသေးဘူးလား ဆိုတာကို သတိမထားမိဘဲ နေပါလိမ့်မယ်။ ကလေး ထမင်းကျွေးတဲ့အချိန်မှာတော့ ကလေးကို ပြန်လည်တုန့်ပြန်ပြောဆိုဖို့က အရေး အကြီးဆုံး ဖြစ်ပါတယ်။

TV ကနေ အကောင်းဆုံးတွေ ရရှိဖို့ ကလေးကို ဘယ်လိုကူညီနိုင်မလဲ ?

ကလေးနဲ့ အတူတူ TV ကြည့်ရင်းနဲ့ ဒီအစီအစဉ်က ဘာတွေ ပြနေတယ်ဆိုတာ ပြောပြနိုင်ပြီး ကြော်ငြာတွေ လာနေတဲ့အချိန်မှာလည်း ဒီနှစ်ခု ဘယ်လိုကွာခြားမှုရှိတယ်ဆိုတာ ရှင်းပြနိုင်ပါတယ်။ ကလေးကိုလည်း TV အစီအစဉ်မှာ ဘာတွေပြသွားသလဲ ဆိုတာမျိုး သူဘယ်လောက်သိသလဲဆိုတာ မေးခွန်းတွေ အပြန်အလှန်မေးနိုင်ပါသေးတယ်။

You Tube ကနေ အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်တွေကိုလည်း ကြိုတင် မှတ်ထားပြီး ကလေးကိုပြသတဲ့အချိန်မှာ တောက်လျှောက်မပြသဘဲ ခဏရပ်ထားပြီး ဘာတွေပြနေသလဲဆိုတာမျိုး အပြန်အလှန်ဆွေးနွေးနိုင်ပါသေးတယ်။

ဒါ့အပြင် ခေါင်းစဉ်တစ်ခု၊ နံပါတ်တစ်ခု အစရှိတဲ့ အကြောင်းအရာတစ်ခုအကြောင်းကို ပြသတဲ့အစီအစဉ်ကို ကြည့်ပြီးတဲ့အချိန်မှာလည်း အဲဒီအကြောင်းနဲ့ ပတ်သက်တဲ့ နည်းလမ်းလေးတွေ ရှာဖွေပြီး ကလေးနဲ့ အပြန်အလှန်ပြောဆိုနိုင်ပါတယ်။

 

Credit : https://www.babycentre.co.uk