ဖေဖေမေမေတို့ရဲ့ ဘေဘီလေးတွေ ဟိုခြစ်ဒီခြစ် လုပ်နေတဲ့အခါမှာ သူတို့အနေနဲ့ ပုံနှိပ်စာလုံးတွေကို ဘယ်လောက် နားလည်သလဲ ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေဘီလေးတွေ အတွက် သူတို့ရဲ့ ကြွက်သားတွေကို ဆွဲဆန့်နေတာဖြစ်ပြီး လက်ချောင်း လှုပ်ရှားမှုတွေကို လေ့ကျင့်ပေးရာလည်း ရောက်ပါတယ်။ စာရေးတတ်ဖို့ သင်ယူနေခြင်းဟာ စကားပြောတတ်ဖို့၊ စာဖတ် တတ်ဖို့ သင်ယူနေ သလိုမျိုး ဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုသင်ယူခြင်းကနေ တစ်ဆင့်ပြီး တစ်ဆင့် ဖြတ်ကျော်ပြီး ကျောင်းတက်တဲ့အခါမှာ စာကြောင်းတွေ၊ ရေးနိုင်လာတဲ့အထိ ဆွဲခေါ်သွားမှာပဲ ဖြစ်ပါတယ်။
အခြားနိုင်ငံတွေရဲ့ မူကြိုကျောင်းတွေမှာဆိုရင် ကလေးတွေရဲ့ ဖွံ့ဖြိုးမှု တိုးတက်စေဖို့အတွက် စာရေးဖို့ အချိန်နဲ့ အခွင့်အရေးတွေ အများကြီး ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ စာရွက်တွေ၊ ဘောပင်တွေ၊ ရောင်စုံခဲတံတွေ စတာတွေကို ကြိုက်သလို အသုံးပြုခွင့်ရှိပါတယ်။ အခြား သူတွေရဲ့ အမြင်မှာတော့ ကလေးတွေကို ဟိုဟိုဒီဒီလျှောက်ခြစ်နေတယ်လို့ မြင်ပေမယ့် အမှန်ကတော့ ဒါဟာ ကလေးတွေအတွက် စာရေးသင်ယူဖို့ အရေးကြီးပြီး မဖြစ်မနေလိုအပ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖေဖေမေမေတို့ရဲ့အိမ်မှာလည်း ဘေဘီလေးတွေ စာရေးတမ်းကစားရာကနေ အရေးသင်ယူနိုင်ဖို့ လွတ်လွတ်လပ်လပ် ခွင့်ပြုပေးဖို့ လိုအပ်ပါတယ်။
ဖေဖေမေမေတို့ရဲ့ ဘေဘီလေးတွေ စာရေးတမ်းကစားနေပြီ၊ ဟိုဟိုဒီဒီလျှောက်ခြစ်နေပြီ ဆိုရင်သူတို့ဟာ ဘယ်ကနေ ဘယ်ကိုရွေ့လျားနေတယ်ဆိုတဲ့ ဦးတည်ချက်တွေကို နားလည်နေပြီဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။ ကျွန်မတို့တွေ စာရေးတဲ့အခါ ဘယ်ကနေ ညာကိုရေးနေသလိုမျိုး ဦးတည်ရာတွေကို နားလည်နေတာမျိုး ဖြစ်ပါတယ်.
မူကြိုအရွယ်ကလေးတွေ စာရေးတမ်းကစားတယ်ဆိုတာမှာည်း သူတို့ဟာ ပုံနှိပ်စာလုံးတွေမှာ အဓိပ္ပါယ်ရှိတာကို သူတို့သိနေတယ်ဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ အရမ်းကို အကျိုးကျေးဇူး ကြီးပါတယ်။ ဖေဖေမေမေတို့အနေနဲ့ သူတို့ကို တစ်ခုခုပြောပြီးရေးခိုင်းတာ၊ သူတို့ရေးထားတာလေးတွေကို ပြန်ဖတ်ခိုင်းတာ အစရှိသည်ဖြင့် အပြန်အလှန် ကစားရင်းနဲ့ လေ့ကျင့်ပေးနိုင်ပါတယ်။
ဒါကြောင့်မို့ ဘေဘီလေးတွေအတွက် ဟိုခြစ်ဒီခြစ်လုပ်ပြီး စာရေးတမ်းကစားခြင်းဟာ သူတို့လေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အရမ်းကို အရေးပါတာ ဖြစ်လို့ ဖေဖေမေမေတို့အနေနဲ့ ဘေဘီလေးတွေကို ပံ့ပိုးကူညီပေးရင်းနဲ့ လေ့ကျင့်သင်ကြားပေးနိုင်အောင် ဝေမျှပေး လိုက်ပါတယ်။
ကိုးကား ။ https://playtolearnpreschool.us