ဘေဘီလေးတွေရဲ့ သွားကျန်းမာရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်သောမေမေတွေရှိသလို သတိမထားမိတဲ့ မေမေတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ကလေးတွေ သွားပိုးစားတယ်ဆိုတာ သိပ်မထူးဆန်းပေမယ့် အဲဒီကနေ မလိုလားအပ်တဲ့ ဆိုးကျိုး တွေ ရှိလာနိုင်ပါတယ်။ သွားပိုးစားလို့ အလွန်နာကျင်ခံစားရပြီး အံသွားတွေနှုတ်လိုက်ရတဲ့ ကလေးတွေဟာ သာမန်ကလေးတွေလို အာဟာရပြည့်ဝတဲ့ အသားနဲ့အစားအစာ၊ ဗီတာမင်ပြည့်ဝတဲ့ အသီးအရွက်တွေကို အပြည့်အဝ မစားနိုင၊်မဝါးနိုင်တော့ပါဘူး။ ဒီမှာပဲ အလွန်အရေးကြီးတဲ့ ဘေဘီလေးတွေရဲ့ အာဟာရပြည့်ဝမှု ၊ ကိုယ်ခန္ဓာဖွံဖြိုးကြီးထွားမှု ၊ ဦးနှောက်ဖွံ့ဖြိုးမှုတွေကိုပါ များစွာ ထိခိုက်လာနိုင်ပါတယ်။ အဲဒါဟာ ချက်ချင်းတော့ သိပ်မသိသာပေမယ့် အချိန်ကြာလာတာနဲ့ အမျှသိသာလာပါတယ်။ ဒါ့အပြင် အခြားနောက်ဆက်တွဲတွေ ဖြစ်တဲ့ သွားပြည်တည်နာတွေ၊ ကြီးသွားများပုံစံမမှန်တာတွေ၊ ဆက်စပ်အင်္ဂါအစိတ်အပိုင်းတွေ ရောင်ရမ်းတာတွေအပြင် အချို့ဆိုးရွားတဲ့ အခြေအနေမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့ အခြေအနေတွေပါ ဖြစ်လာနိုင်ပါတယ် ။ ဒီလိုဆိုးကျိုးတွေ ဖြစ်ပြီးမှ ကုသတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တာ ပိုကောင်းပါတယ်။ ဘေဘီလေးတွေ အများစုကလည်း သွားဆေးခန်း သွားရမယ်ဆို အလွန်အမင်း ကြောက်တတ်ကြပါတယ် ။
အဲဒါဆို ဘယ်လိုကြိုတင်ကာကွယ်ရမလဲ ?
- နို့စို့ဘေဘီလေးတွေကို ခံတွင်းသန့်ရှင်းရေးအတွက် မေမေတွေကိုယ်တိုင် ရေသန့်ဆွတ်ထားတဲ့ ဝါဂွမ်း(သို့) အဝတ်စသန့်သန့် နဲ့ ငယ်သွားတွေ သွားဖုံးတွေကို တစ်နေ့ (၂)ကြိမ် ပုံမှန်သန့်စင်ပေးပါ။
- ဘေဘီလေးတွေကို နို့ဗူးစို့ပြီးအိပ်စေခြင်းကို လုံးဝရှောင်ကြဉ်ပေးပါ ။ ဒီလိုအမူအကျင့်ကြောင့် ဘေဘီလေးတွေသွားပိုးစားခြင်း ဖြစ်စေတဲ့ ရာခိုင်နှုန်းအလွန်များပါတယ် ။
- (၁)နစ်အရွယ်လောက်ကစပြီး ကလေးသွားတိုက်တံလေးတွေနဲ့ စတင်လေ့ကျင့်တိုက်စေနိုင်ပါတယ် ။ ဖလိုရိုက်ဓာတ်ပါတဲ့ သွားတိုက်ဆေးတွေက သွားပိုးစားခြင်းကို ကာကွယ်ပေးပေမယ့် ဘေဘီလေးတွေ မျိုချမိရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်ဖလိုရိုက်မပါတဲ့ သွားတိုက်ဆေးအပျော့လေးတွေနဲ့ တိုက်ပေးသင့်ပါတယ်။ သွားတိုက်ဆေး ပမာဏကို ပဲလုံးစေ့အရွယ်လောက်ပဲ ထည့်ပေးသင့်ပါတယ် ။
- အသက် (၃)နှစ် အရွယ်လောက်ဆိုရင်တော့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေး သုံးပေးလို့ရပါတယ်။
- ငယ်စဉ်ကတည်းက သွားကိုအချိန်မှန် စနစ်တကျတိုက်စေခြင်း ၊ အစာစားပြီးတိုင်း ပလုတ်သေချာကျင်းတဲ့ အလေ့အကျင့် တွေကိုလည်း လေ့ကျင့်ပေးပါ။ အချိုနဲ့ အဆီအဆိမ့်တွေကို အကန့်အသတ်နဲ့သာကျွေးပြီး အသား၊ ငါး ၊ အသီးအရွက်တွေကို ပုံမှန်ကျွေးပေးပါ။
အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကို သေချာလိုက်နာပြီးတော့ ကျန်းမာရွှင်လန်း ခံတွင်းရောဂါတွေ ကင်းရှင်းတဲ့ ဘေဘီလေးတွေ ဖြစ်ကြပါစေ။
Credit: oralcaremyanmar