မွေးကင်းစ သားသားမီးမီးတို့ကိုရေချိုးပေးတော့မယ်ဆိုရင်

ကလေးချိုးမယ့်ရေကနွေးနွေးလေးဖြစ်အောင်ပြုလုပ်ဖို့ ရေနွေးစပ်တဲ့ အခါ ရေအေးကိုအရင်ထည့်ပြီးမှရေနွေးကိုထည့်ပါ ။

မွေးခါစသားသားမီးမီးတို့ကိုချက်မကြွေမချင်းရေချိုးပေးဖို့မလိုအပ်သေးပါဘူးနော်။ ချက်မကြွေသေးတဲ့အတွက် နူးညံ့တဲ့ရေပတ်ဝတ်လေးနဲ့ပဲ လည်ပင်း၊ ချိုင်း၊ ပေါင်ကြားတစ်ဝိုက်နဲ့ genderလေးတွေကို သန့်စင်ပေးသင့်ပါတယ်။ ချက်နားတဝိုက်ကိုတော့ သတိထားပြုလုပ်ဖို့လိုအပ်ပြီး ရေထိလို့မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ချက်ကြိုးအညှာဟာ ကိုယ်ပေါ်မှာရှိနေတာကြောင့်ပါ။ ဒါကြောင့် ချက်ကြိုးအညှာရှိနေသေးချိန်မှာ sponge bath လို့ခေါ်တဲ့ ပျော့အိနူးညံ့တဲ့ အဝတ်ပိုင်းလေး ဒါမှမဟုတ် နုဖတ်တဲ့ ရေမြှုပ်လေးနဲ့သာ ပွတ်သပ် သန့်စင်ပေးသင့်ပါတယ်။

သားသားမီးမီးတို့ကို sponge bath နည်းဖြင့် သန့်စင်ပေးတော့မယ်ဆိုရင် မျက်နှာသုတ်ပဝါကို အရင်ဆုံးခင်းလိုက်ပြီး အဝတ်အစားချွတ်ပေးကာ ၎င်းအခင်းပေါ်မှာကလေးကိုတင်ပါ။ ပြီးနောက် နူးညံ့တဲ့ အဝတ်ပိုင်း ဒါမှမဟုတ် ရေမြှုပ်ဖတ်လေးကိုရေစွတ်ပြီး သားသားမီးမီးတို့အားညင်သာစွာ ပွတ်သပ်ပေးပါ။ ရေချိုးဆပ်ပြာရည် သုံးဖို့မလိုအပ်ပါဘူး။ မျက်ခွံနားတစ်ဝိုက်ကို ဂွမ်းဖတ်လေးကိုရေစွတ်ပြီး သန့်စင်ပေးပါ။ ချက်ကြွေသွားတဲ့အချိန်မှာတော့ ရေစတင်ချိုးပေးလို့ရပါပြီ။ ရေချိုးပေးတာမှာ တချို့ကတော့ တပတ်ကိုနှစ်ရက် သုံးရက် ချိုးပေးတတ်ကြပြီး တချို့ကတော့ နေ့စဉ်ရေချိုးပေးတတ်ပါတယ်။ ရေချိုးဖို့အတွက်နေ့စဉ်ပုံမှန်အကောင်းဆုံးအချိန်တစ်ခုကို ရွေးချယ်ပါ။ အရမ်းမအေးလွန်း မပူလွန်းတဲ့အချိန်ဆို အဆင်ပြေစေပါတယ်။ ရေချိုးပေးမယ့်အချိန်မှာ တခြားဘာအလုပ်ကိုမှတွဲမလုပ်ပါနဲ့။ ရေချိုးပေးမယ့်အခန်းကို နွေးနွေးလေးဖြစ်နေပါစေ။ မိခင်တယောက်ထဲနဲ့ရေချိုးပေးဖို့မလုံလောက်ရင်တခြား မိသားစုဝင်များနဲ့အတူတူ သားသားမီးမီးတို့ကိုရေချိုးပေးနိုင်ပါတယ်။

ရေမချိုးခင် ယူထားရမယ့်ပစ္စည်းတွေက ကလေးရေချိုးဆပ်ပြာ၊ ခေါင်းလျှော်မယ်ဆို ကလေးခေါင်းလျှော်ရည်၊ ကလေးရေချိုးပြီးရင်သုတ်ဖို့ တဘက်အသန့်အခြောက်တစ်ထည်၊ ကလေးရေချိုးပြီးစကိုယ်လုံးပတ်ရန် တဘက်စောင်တထည်တို့ကိုအသင့်ပြင်ထားရပါမယ်။ ကလေးရေချိုးပေးရန်အတွက် ချိုးမယ့်ရေကလည်းအရေးကြီးပါတယ်။ ကလေးချိုးမယ့်ရေကနွေးနွေးလေးဖြစ်အောင်ပြုလုပ်ဖို့ ရေနွေးစပ်တဲ့ အခါ ရေအေးကိုအရင်ထည့်ပြီးမှရေနွေးကိုထည့်ပါ။ ရောစပ်ပြီးသားရေကို လက်နဲ့အနှံ့ မွှေပေးရပါမယ်။ ရေနွေးနွေးလေးနဲ့ချိုးတာကိုကလေးများ ပိုပြီးနှစ်သက်တတ်ပါတယ်။

သားသားမီးမီးတို့ကိုဝတ်ပေးမယ့် အင်္ကျီအဝတ်အစားများကိုလည်း အဆင်သင့်ကြိုထုတ်ထားပေးဖို့လိုအပ်ပါတယ်။ အားလုံးအသင့်ပြင်ပြီးတဲ့အခါ အင်္ကျီချွတ်၊ ဒိုက်ပါများ ချွတ်ပြီး ရေချိုးမယ့်နေရာကိုခေါ်သွားပါ။ ကလေးကိုရေဇလုံထဲမထည့်ခင် ကလေးကို မျက်နှာဆပ်ပြာဘာမှမသုံးပဲရေစွတ်ထားတဲ့ဂွမ်းလေးနဲ့ပဲ မျက်နှာသစ်ပေးပါ။ သစ်ပြီးရေဇလုံထဲ ထည့်တဲ့အခါမှာလည်း ကလေးကိုယ်ကိုသေချာထိန်းထားပေးဖို့နဲ့ ရေချိုးပေးနေတုန်းမှာလည်း ဟန်ချက်ညီအောင် ထိန်းထားပေးဖို့လိုပါတယ်။ သားသားမီးမီးတို့က ရေထိလာတဲ့အခါ ရုန်းကန်နိုင်တာကိုလည်း သတိထားသင့်ပါတယ်။

ကလေးကို ရေချိုးဆပ်ပြာနဲ့အနှံ့ ပွတ်တိုက်ဆေးကြောပေးပြီး လည်ပင်းကြား ချိုင်းကြား ပေါင်းကြားများကိုတော့ သေချာလေးဂရုစိုက်ဆေးကြောပေးသင့်ပါတယ်။ ချိုးပေးပြီးတာနဲ့ ရေထဲကနေ ခေါ်ပြီး တဘက်ခြောက်တထည်က ပတ်ပြီး ကျန်တထည် နဲ့ရေခြောက်အောင်သုတ်ပေးပါ။ ထပ်ပြီးနွေးထွေးအောင် ကိုယ်ငွေ့လေးပေးရန် ခဏပွေ့ချီထားပေးဖို့လည်း လိုအပ်ပါတယ်။ နေရာအနှံ့ ရေများကင်းစင်အောင်သုတ်ပြီးတဲ့အခါ ကလေးကို Lotion ဒါမှမဟုတ် ခရင်မ် များလိမ်းပေးနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ အင်္ကျီနဲ့ဒိုက်ပါကိုခပ်မြန်မြန်လေး ဝတ်ပေးပြီး နွေးနွေးထွေးထွေးလေးထားပေးပြီး သားသားမီးမီးတို့အတွက် ရေချိုးခြင်းကိုပြုလုပ်နိုင်ပါတယ်။

From Kalay with