မေမေတို့ရေ သားသားမီးမီးတို့အတွက် ကိုယ်ဝန်ဆောင်ပြီဆိုထဲက မွေးဖွားလာတဲ့အခါ ဘယ်လိုထားပြီး ဘယ်လိုပြုစုမယ်၊ ဘာတွေလုပ်ပေးမယ် စသဖြင့် စိတ်ကူးကောင်းကူးထားပါလိမ့်မယ်။ ဒါပေမယ့် တကယ့်လက်တွေ့ မွေးဖွားလာတဲ့အခါ စိတ်ကူးထဲကအတိုင်း ဘယ်လိုမှ တူမနေနိုင်ပါဘူး။ ဒါကြောင့် သားသားမီးမီးလေးတွေကို မွေးဖွားလာတဲ့အခါ မေမေများအနေနဲ့ ဘယ်လိုပြုစုစောင့်ရှောက်ပေးရမလည်း ဆိုတဲ့အချက်တွေကို Kalay မှဖော်ပြပေးလိုက်တယ်နော်။
အနီးအနားတွင်ထားခြင်း
မွေးကင်းစသားသားမီးမီးလေးတွေကို မေမေနဲ့အတူ တစ်အိပ်ယာထဲသိပ်တာဖြစ်ဖြစ်၊ မေမေအိပ်တဲ့ကုတင်အနားမှာ ပုခက်နဲ့ထားတာဖြစ်ဖြစ် အတူတူထားသင့်ပါတယ်။ ဒီလိုအတူထားထားခြင်းက မေမေနဲ့သားသားမီးမီးတို့ကြားမှာ ရင်းနှီးချစ်ခင်မှု ပိုမိုရရှိလာပြီး လိုအပ်တဲ့ လုံခြုံမှု၊ နွေးထွေးမှုတွေကို အမြဲတမ်းပေးဖြစ်မှာ ဖြစ်ပါတယ်။ နို့တိုက်မယ်ဆိုလည်း အချိန်မရွေးတိုက်လို့ရပြီး သားသားမီးမီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှု ရရှိစေပါတယ်။
နို့တိုက်ကျွေးခြင်း
သားသားမီးမီးလေးတွေကို မွေးဖွားပြီးနာရီဝက်အတွင်း မေမေတို့ရဲ့နို့ကိုတိုက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို နို့ဦးရည်ကို တိုက်ပေးထားခြင်းကလည်း သားသားမီးမီးတို့အတွက် ရောဂါပိုးကို ကာကွယ်နိုင်တဲ့ ခုခံအားစနစ်များ ရရှိစေတာဖြစ်ပါတယ်။ ထို့အတူ သားသားမီးမီးတို့ကို မွေးပြီးစကနေအသက် ခြောက်လအထိ လုံလောက်တဲ့ ရေပမာဏနဲ့အာဟာရဓါတ်များ ပေးတဲ့ မေမေတို့နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရမှာ ဖြစ်ပါတယ်။ မေမေနို့ကိုတော့ အချိန်အခါမရွေး သားသားမီးမီးတို့ တောင်းတဲ့အချိန်တိုင်း တိုက်ပေးရမှာလည်း ဖြစ်ပါတယ်။
ပက်လက်အိပ်စေခြင်း
မွေးကင်းစအရွယ် သားသားမီးမီးတို့ကို ပက်လက်အနေအထားပဲ သိပ်စေချင်ပါတယ်။ နို့တိုက်ပြီးကာစ ညာဘက်စောင်းသိပ်ပြီးနောက်ပိုင်း ပက်လက်အိပ်ခြင်းက ကလေးအတွက်ရုတ်တရက်သေဆုံးခြင်း ကိုလျော့နည်းစေတာကြောင့် ဖြစ်ပါတယ်။
လေထုတ်ပေးခြင်း
သားသားမီးမီးတို့ကို နို့ တိုက်ပြီးချိန် လေထုတ်ပေးပြီးတဲ့အခါတိုင်း ညာဘက်ကို ခဏစောင်းသိပ်ပေးထားပါ။ ဒါမှ သားသားမီးမီး တို့မှာ ဖြစ်တတ်တဲ့ လေနာရောဂါ ကိုသက်သာစေတာ ဖြစ်ပါတယ်။
သန့်ရှင်းရေးပြုလုပ်ပေးခြင်း
မွေးကင်းစ သားသားမီးမီးတို့ကို ချက်မကြွေမချင်း ရေမချိုးပေးရသေးပါဘူးနော်။ ချက်ထဲရေဝင်ရင် ရောဂါရနိုင်တာကြောင့် ရေပတ်ဝတ်ဖြင့်သာ သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ရာမှာတော့ ဒွာရကိုးပေါက်အပြင် လည်ပင်း၊ ချိုင်း၊ ပေါင်ခြံ စတာတွေလည်း ဂရုစိုက် သန့်ရှင်းရေး ပြုလုပ်စေချင်ပါတယ်။ ချက်ထဲကို ဘယ်လိုဆေးဝါးမျိုးမှ မထည့်ပေးသင့်ပါဘူး။ အခန့်မသင့်ရင် ရောဂါပိုးဝင်နိုင်ပါတယ်။ ချက်ကိုလည်း ဖုံးအုပ်ထားခြင်း မပြုလုပ်သင့်ပါဘူး။ သဘာဝအတိုင်း ချက်ကြွေစေခြင်းပဲ ဖြစ်သင့်ပါတယ်။
မွေးဖွားပြီးစ သားသားမီးမီးတို့နဲ့ ပတ်သက်ပြီး အခြားသိသင့်သည်များ
(၁) သဘာဝအရ နို့တိုက်ပြီးတိုင်း ခဏအကြာတွင် ဝမ်းသွားတတ်ပါတယ်။
(၂) မွေးပြီးတစ်ပတ်အကြာလောက်မှာ မွေးကင်းစမီးမီးတွေမှာ သွေးစလေးတွေ တွေ့တာ ဖြစ်တတ်ပါတယ်။ အချို့တွေမှာ ရင်သားကြီး တတ်ပါတယ်။ ဘာမှ လုပ်ဖို့မလိုအပ်ပဲ အလိုလိုပျောက်သွားမှာ ဖြစ်ပါတယ်။
(၃) မွေးကင်းစကလေးရဲ့ အသားအရောင်ဟာ ပန်းရောင်ဖြစ်ပါတယ်။ အသားအရောင် ပြာနှမ်းလာခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း စတဲ့အရောင်ပြောင်းလဲမှုကြုံတွေ့လာရင်တော့ ထိရောက်လိုအပ်တဲ့ ကုသမှုများပြုလုပ်ရမှာဖြစ်ပါတယ်။
(၄) မွေးကင်းစ သားသားမီးမီးတို့မှာ ၃ရက်မှ ၅ရက်အတွင်း သဘာဝအတိုင်း အသားဝါတတ်ပါတယ်။ ဒါပေမယ့် မွေးကင်းစကလေး အသားဝါရောဂါက အသက်အန္တရာယ် ပေးနိုင်တဲ့အတွက် အသားဝါကိုသိတာနဲ့ အချိန်မဆွဲပဲ ဆေးခန်းပြပါ။
(၅) မျက်စိနာတာက ပထမနှစ်ရက်အတွင်းနှင့် တစ်ပတ်ကြာပြီးဖြစ်ပါက မျက်စိကွယ်စေတတ်သောရောဂါပိုးကြောင့် ဖြစ်တတ်တဲ့အတွက် အထူးဂရုစိုက်ပြီး ထိရောက်တဲ့ကုသမှုယူရန် လိုအပ်ပါတယ်။
(၆) မွေးကင်းစ သားသားမီးမီးတို့တွေမှာ အသက်ရှုနှုန်းတစ်မိနစ် ၆၀ထက်မြန်ခြင်း၊ ရင်ဘတ်ချိုင့်ဝင်ခြင်းဖြစ်ရင် အသက်ရှုခက်ခဲတဲ့ ဝေဒနာရရှိလာပြီ ဖြစ်တဲ့အတွက် ထိရောက်တဲ့ကုသမှုလိုပါတယ်။
(၇) မွေးကင်းစ သားသားမီးမီးတို့တွေမှာ ရောဂါထရင် အများအားဖြင့် ကိုယ်အပူချိန်တက်တာကြောင့် ဖြစ်တတ်ပေမယ့် ကိုယ်အပူချိန်အေးစက်ခြင်း လည်း ဖြစ်တတ်တာကို သိထားသင့်ပါတယ်။
(၈) ပုံမှန်နို့စို့ခြင်း မရှိရင်အထူးဂရုစိုက်သင့်ပါတယ်။ နို့စို့အကြိမ်နည်းခြင်း၊ နို့စို့အားနည်းခြင်း၊ မှိန်းပြီးနို့စို့ခြင်းများ ဖြစ်ပါက ရောဂါတစ်ခုခု ကြောင့် ဖြစ်တတ်ပါတယ်။
(၉) တစ်ချို့ သားသားမီမီးတို့မှာ နို့တိုက်ပြီးခဏအကြာ မှာဖြစ်ဖြစ်၊ လေထုတ်တဲ့အချိန်မှာဖြစ်ဖြစ် နို့များ ပြန်အန်ထွက်ကျတတ် ပါတယ်။ နို့အန်တာနဲ့ နို့လျှံထွက်တာ ခွဲခြားရန်လိုအပ်ပါတယ်။ နို့အန်တာ ခဏခဏ ဖြစ်ရင်တော့ ရောဂါကြောင့်ဖြစ်တဲ့အတွက် ကုသမှုလိုအပ်ပါတယ်။
(၁၀) ဆီးရော၊ဝမ်းရော မွေးဖွားပြီး ၂၄နာရီအတွင်း သွားရပါမယ်။ ၄၈နာရီအထိ ဆီး၊ဝမ်း မသွားရင် ထိရောက်တဲ့ ကုသမှုလိုအပ်ပါတယ်။
(၁၁) မွေးကင်းစ သားသားမီးမီးတို့တွေမှာ မိခင်ရဲ့ဝမ်းမှ မွေးဖွားလာတာနဲ့ ငိုခြင်း၊ ခြေလက်ရုန်းကန်ခြင်းနဲ့ လှုပ်ရှားခြင်း ရှိပါတယ်။ မငိုတဲ့ကလေး၊ ခြေလက်လှုပ်ရှားမှုမရှိတဲ့ကလေး၊ ပြာနှမ်းတဲ့ကလေးတွေဟာ ကလေးမွန်းခြင်း ကြောင့်ဖြစ်ပါတယ်။
(၁၂) နို့ဆာရင်၊ လေထိုးရင်၊ ဆီး၊ ဝမ်းပေရင် ငိုတတ်ကြပါတယ်။ ဒါပေမယ့် အဆက်မပြတ်ငိုလာပြီး မရပ်မနား ဖြစ်လာရင်တော့ ရောဂါကြောင့်ဖြစ်တတ်ပါတယ်၊
From Kalay with