ထမင်း အမြဲ ခွံ့ ကျွေးမလား

ထမင်း အမြဲ ခွံ့ ကျွေးမလား

🔺 အချို့မိဘများက ကျောင်းသွားရွယ်ထိ ကလေးကို ထမင်းခွံ့ ကျွေးလိုသည်။ ကလေးကို အစား ကိုယ်တိုင်ပေးစားခြင်းသည်

(၁) အနာဂတ်တွင် ကိုယ့်အားကိုယ်ကိုးစိတ် တိုးစေဖို့ ပထမဆုံးအဆင့်ဖြစ်သည်။
(၂) ကလေးလက်၏ အနုစိတ်လှုပ်ရှားမှုများကို တိုးတက်ဖို့ လေ့ကျင့်ပေးရာ ရောက်သည်။
(၃) အစာနှင့် ထိတွေ့ခြင်းဖြင့် အစာ၏ အပူအအေး၊ အနူးအညံ့၊ အပျော့အမာကို ခွဲခြားတတ်ဖို့ ဦးနှောက်က စတင်သင်ယူသည်။
ဥပမာ ငှက်ပျောသီးတုံးသေးသေးကို လက်နှင့်ကောက်ကိုင်နိုင်သော်လည်း ဒိန်ချဉ်စသည့် ပျစ်သည့်အရည်ကို လက်နှင့် ကိုင်စားဖို့ ခက်ခဲကြောင်း နားလည်တတ်မြောက်သည်။

🔺ဖြည့်စွက်စာ စကျွေးချိန်ကျော်သည်နှင့် ကလေးက ပန်းကန်၊ ဇွန်းတို့ကို လက်လှမ်းဖို့ ပြင်ဆင်နေကြောင်း သတိထားမိနိုင်သည်။
သတိထားမိလျှင်
👶🏼(၁) လက်နှင့် ကိုင်စား၍ ရသော အစာအချို့ကို ပြင်ဆင်ပေးပါ။ ဥပမာ ပြုတ်ပေါင်းထားသော နူးညံ့ပျော့ပျောင်းသည့် မုန်လာဥနီကို အတုံးသေးသေးလေး ပန်းကန်ထဲထည့်ပေးပါ။ ကလေး ကောက်စားလျှင် အားပေးပါ။
👶🏼(၂) ယေဘူယျအားဖြင့် ကလေး အသက် ၁၈ လတွင် ဇွန်းကို သေချာကိုင်စားနိုင်သည်။ ၁၈ လမတိုင်ခင်အစားအစာများကို ကလေး လက်စလှမ်းချိန်တွင် ဇွန်းပေးကိုင်လိုက်ပါ။ မေမေက နောက်ဇွန်းတစ်ချောင်းနှင့် ဆက်ခွံ့ နိုင်သည်။ ကလေးက ဇွန်းကိုင်ခြင်းကို လေ့ကျင့်ရင်း ၁၈ လတွင် ဇွန်းနှင့် စားတတ်လာပါလိမ့်မည်။

🙂ကလေး ကိုယ်တိုင်စစားချိန်တွင် အစားများ ကြမ်းပြင်ပေါ် ပြုတ်ကျပြီး ရှုပ်ပွသွားလျှင် ငြိုငြင်ပုံ၊ စိတ်ပျက်ပုံ ပြပြီး မအော်ပါနှင့်။ ကလေးက ကစားနည်းတစ်မျိုးဟု မြင်ပြီး တမင်ပစ်ချနိုင်သည်။ အေးအေးဆေးဆေး ပြန်ကောက်ပါ။ သို့မဟုတ် ကလေး စားလို့ပြီးချိန်မှ သန့်ရှင်းရေးပြန်လုပ်ပါ။ လွယ်ကူစွာ ရှင်းလင်းသိမ်းဆည်းနိုင်အောင် ကြမ်းတွင်သတင်းစာများ ခင်းထားနိုင်သည်။

🙂ကလေး ကိုယ်တိုင်စစားသောနေ့များတွင် ရယ်စရာလေးများရှိတတ်၍ ဓာတ်ပုံရိုက်ထားခြင်းဖြင့် ကြည်နူးစရာ အမှတ်တရများကို သိမ်းဆည်းပါ။ ကလေး ၁၈ လကျော်လျှင် အစားအစာ အမျိုးမျိုးကို မိသားစု ထမင်းဝိုင်းမှာ ကိုယ်တိုင်စားစေဖို့ အားပေးစေလိုပါသည်။

နေနေမိုးဆွေ (Child Health Myanmar)
Reference- Raising Children Net
Photos Credit to Google
#selffeeding
#naynaymoeswe