မေမေအလုပ်သွားရင် မငိုတဲ့ကလေးလေးဖြစ်လာစေဖို့အတွက်

မေမေအလုပ်သွားရင် မငိုတဲ့ကလေးလေးဖြစ်လာစေဖို့အတွက်
————————–————————–—————

မနက်ခင်းမှာ အစောကြီး အလုပ်သွားမဲ့အမေကို အသံသေးသေးချိုချိုလေးနဲ့ “မေမေရေ” လို့ နှိုးတယ်။ ပြီးတော့ “မေမေအလုပ်သွားမှာလား မီးမီးလိုက်ပို့မယ်” လို့ပြောတယ်။ ပြီးတော့ သူလေးကို “Good morning” ဆိုပြီး ပွေ့ပြီး အားပါးတရနမ်း သူမလေးကိုချီပြီး အိပ်ယာထဲကတူတူထွက်လာကြတယ်။ နောက်ဖေးရောက်တော့ ခုံပေါ်ကိုချ ကိုယ်ကတော့ မျက်နှာသစ် သွားတိုက်ပေါ့။ အဲ့လိုလုပ်နေရင်း သူမလေးနဲ့လည်း စကားတွေပြောကြသေးတယ်။ ပြီးတော့ အဝတ်အစားလဲတဲ့နားထိပါလာတယ်။ “မေမေနှုတ်ခမ်းနီဆိုးသွားဦးနော်” ဆိုးပြီးပါပြီဆိုတော့ “မျက်ခုံးမွှေးပါဆွဲလေ”တဲ့။ သဘောကျလို့ နှစ်ယောက်လုံးရီလိုက်သေးတယ်။ အားလုံးပြင်ဆင်ပြီးတော့ သူမကပါ မေမေနာရီပတ်၊ ပိုက်ဆံအိတ်ကို လွယ်နေကျအိတ်ထဲကောက်ထည့်ပေးပြီး အမေကိုလှမ်းပေးတယ်။ အိမ်က သူ့အဒေါ်ဖြစ်ဖြစ် ဖွားဖွားကဖြစ်ဖြစ် ငယ်ငယ်နဲ့အတူ တိုက်အောက်ကိုလိုက်ပို့တယ်။ သူ့ဘာသာလှေကားကဆင်းတယ်။ တိုက်အောက်ရောက်တော့ အမေ grab ကခေါ်ထားတဲ့ ကားလာတဲ့ထိ စကားတပြောပြောနဲ့ တူတူစောင့်ကြတယ်။ ပြုံးရွှင်နေတာပဲ။ ကားလာတာနဲ့ ညနေအလုပ်ကပြန်လာရင် ဘယ်လိုဆော့ကြမယ်ပြော သူမပါးလေးနမ်း သူမကကိုယ့်ပါးပြန်နမ်းပြီး ကားပေါ်တက်ပြီး အလုပ်ထွက်ခဲ့တယ်။ သူမလေးက မေမေပါသွားတဲ့ကားကို မျက်စိတဆုံးထိကြည့်ပြီး သူ့အဒေါ်ကိုလက်ဆွဲ တိုက်ပေါ်ပြန်တက်သွားတော့တာပဲ။

အလုပ်သွားရင် ကလေးလေးမငိုအောင် ဘယ်လိုလုပ်ရမလဲ မေဂျူးရယ်တဲ့။ ရှိခဲ့ပါတယ် ငယ်လေးငိုတဲ့အခိုက်အတန့်လေးတွေ။ ငယ်လေး ၃လကတည်းက အလုပ်ပြန်ဝင်ခဲ့တာဆိုတော့ ဘယ်လိုပဲ ကြာနေပြီ အသားကျနေပါပြီဆိုပါစေ သူမလေး ကြီးလာလေ အမေကိုခင်တွယ်လာလေ သူမအတွက် အမေတစ်ယောက်တည်း အိမ်ကနေ တစ်နေကုန်အပြင်ထွက်သွားတာကို ခံစားရတုန်းပါပဲ။ ဒါဆို သူမလေး ဘယ်လိုဖြေသိမ့်လဲ။ ဘယ်လိုစကား အပြုအမူတွေကြောင့် သူမလေးကျေနပ်စွာ ကြည်ဖြူစွာ အမေကိုအလုပ်သွားခွင့်ပြုသလဲ

အရေးကြီးဆုံးက အလုပ်လုပ်တာ ပိုက်ဆံရှာတယ်ဆိုတဲ့အသိ ထည့်ပေးဖို့မဟုတ်ပါဘူး။ သူမအတွက်ပိုက်ဆံရှာတယ်ဆိုတာ အရေးကြီးတယ်လို့ ထင်ကောင်းထင်နိုင်စရာရှိပါတယ်။ သူမလေးရဲ့ ဦးနှောက်သေးသေးလေးထဲ သူမအတွက်ငွေရှာနေတဲ့အသိတစ်ခုနဲ့ ဒီလောက်ကြည်ဖြူစွာ နေခဲ့ပေးနိုင်မှာမဟုတ်ပါဘူး။ အဓိကက သူမအသိထဲမှာ မေမေက မသွားမဖြစ်လို့ ခဏထွက်သွားပြီး ညနေပြန်လာတဲ့အခါ သူမနဲ့အတူပျော်ရွှင်စွာဆော့ပေးမယ်ဆိုတဲ့အသိလေးတစ်ခုနဲ့ အဲ့မျှော်လင့်ချက်လေးနဲ့ သူမက ချစ်ဖို့ကောင်းလွန်းစွာ အမေအလုပ်သွားဖို့ပြင်ပေးတဲ့ထိ သိတတ်လွန်းတာပါ။ မေမေက ဒီအလုပ်ကို မသွားလို့မရဘူး။ ဒါပေမဲ့ မေမေက သူသွားစရာရှိတာကို သွားပြီးတာနဲ့ ပြုံးရွှင်နေအောင်သူမနဲ့အတူဆော့ပေးတော့မှာဆိုတာ သူမသိနေပါတယ်။ အိမ်ရောက်တာနဲ့ သူမလေးကို တစ်ဝကြီးနမ်းလိုက်မယ်။ သူမကိုထွေးပွေ့ပြီး သူမစိတ်ကြိုက်သဲသဲကိုဇိမ်နဲ့လည်း စို့ရသေးတယ်။ စက်ဘီးစီးမှာမို့ အောက်ပို့ပေးပါဦး။ စာရွက်တွေ ကပ်ကြေးနဲ့တူတူညှပ်ကြမယ်။ သီချင်းဖွင့်ပြီးတူတူကကြမယ်။ ဒါမဟုတ် ဂမုန်းပွင့်သွားပြီး ရေခဲမုန့်စားကြမယ် စတဲ့ စတဲ့ plan လေးတွေ သူမအမေပြန်လာမဲ့ ညနေအတွက် ကြိုတင်ရေးဆွဲလာနိုင်တယ်။ အမေပြန်လာနေကျ နာရီတွေကိုလည်း သူမမှတ်သားလာနိုင်တယ်။

ဒါတွေဟာဘာလို့လဲဆိုရင် သူမကို မငိုအောင်လို့ အမြဲပုန်းကွယ်ပြီး ထွက်မပြေးလို့ပါ။ သူမလေးကို နားလည်စေတယ်။ အလုပ်သွားချိန် အလုပ်ပြန်လာချိန်ဟာ ပျော်ဖို့ကောင်းအောင်လုပ်ပေးပြီး ပျော်စရာဆိုတာကိုသိစေတယ်။ လကုန်လို့ လခရတဲ့အခါ ဘာတွေဝယ်ကြမယ် ကစားကွင်းသွားကြမယ်တိုင်ပင်ရတာလည်း ပျော်စရာပါပဲ။ ဒီတော့ သူမလေးကပါ မေမေနဲ့အတူ မေမေအလုပ်သွားတဲ့လစာကို ပိုက်ဆံလို့မမြင်တော့ပဲ မေမေနဲ့တူတူပျော်စရာတွေလုပ်ပေးနိုင်မယ်ဆိုတာသိလာတယ်။ စိတ်ရှည်စွာစောင့်တတ်လာတယ်။ တကယ်လို့များ ကလေးငိုမှာစိုးလို့ ပုန်းရှောင်ပြီးထွက်ပြေးနေမယ်ဆိုရင် ဒီလိုအရာတွေ ရမလာနိုင်ပါဘူး။ ဒီ့ထက် မေမေဘယ်မှာလဲဆိုပြီး တအိမ်လုံးကိုပတ်ရှာနေမဲ့ ကလေးလေးက ပိုသနားစရာကောင်းပါတယ်။ ကိုယ်မြင်တွေ့ရမှာမဟုတ်ပေမဲ့ တွေးကြည့်တာနဲ့ ရင်ထဲမှာပူလောင်လှတယ်။ မေမေဘယ်မှာလဲ မေမေရေဆိုပြီး တမ်းတတဲ့စိတ်တွေနဲ့ ဝမ်းနည်းနေမှာကိုမဖြစ်စေလိုဘူး။ အိမ်ကလူကြီးတွေက တစ်ခါတစ်လေ ကလေးဂျီပြီး အလုပ်မသွားခိုင်းတဲ့အခါ ကိုယ့်ကို အတင်းကွယ်ထားပေးပြီးသွားခိုင်းတယ်။ ကိုယ်ကမသွားတဲ့အခါ ဆူတယ်။ ကလေးကို ငိုအောင်လုပ်ပါတယ်ပေါ့။ တကယ်လို့ အလုပ်က တစ်ရက်ထဲသွားလို့ နောက်ထပ်မသွားတော့မှာမှ မဟုတ်တာလေ။ ဒီတော့ နားလည်နိုင်မဲ့ အသိစိတ်လေးပဲ ထည့်ပေးချင်တယ်။ သူမစိတ်ထဲမှာ မေမေအလုပ်ကိုသွားပြီ အိမ်မှာမရှိဘူးဆိုတဲ့အသိစိတ်နဲ့ဆို သူမဝမ်းနည်းနေမှာမဟုတ်တော့ဘူး။ ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး မေမေပြန်လာရင်ဆော့ဖို့ အားခဲထားတော့မှာပါ။ တစ်ခါတစ်လေ အလိုမကျလို့ ဂျီတဲ့အခါမျိုးမှာတော့ အလုပ်နည်းနည်းပါးပါးနောက်ကျတာပါပဲ။ ဒါကလည်း ကလေးအမေတစ်ယောက်ရဲ့ဖြစ်လေ့ဖြစ်ထမဟုတ်လား။

ဒါကြောင့် ဒီသေးသေးလေးတွေကို မသိဘူး နားမလည်ဘူး မထင်ပါနဲ့။ သူ့ကိုလည်း လူကြီးတစ်ယောက်လို ရှင်းပြပြောဆိုပေးပါ။ သူတို့လေးတွေကို မလိမ်ပါနဲ့။ ရိုးသားပါ။ အလုပ်လုပ်တာ ပိုက်ဆံမရှိလို့ဆိုတဲ့ ခပ်လွယ်လွယ်ပြောလို့ရမဲ့ အသိထက် သူတို့လေးတွေနဲ့ ပျော်ရွှင်စရာလေးတွေ တူတူလုပ်ပေးနိုင်အောင် သွားနေရတာဖြစ်ပြီး ကျန်တဲ့အချိန်ဆို ကလေးလေးမပါပဲ ဘယ်မှမသွားကြောင်း ထပ်ခါထပ်ခါ ပြောပြပါ။ သူတို့လေးတွေ မမေးလည်းပြောပါ။ သူတို့လေးတွေကို သိပ်ချစ်ကြောင်း ခဏခဏပြောပါ။ ချစ်ခင်ကြင်နာစွာဆက်ဆံပါ။ ကလေးလေးကတော်တယ် ဘာမဆိုလုပ်တတ်နေတာပဲဆိုတာ မေမေသိကြောင်းပြသပါ။ ကလေးလေးတွေ ပိုပိုရဲရင့်လာပါလိမ့်မယ်။ ရှောင်လွဲမရတဲ့ အကြောင်းကိစ္စရှိရင် သေချာရှင်းပြပြောဆိုတတ်တဲ့အကျင့်လေးရှိတတ်ပါစေ။ နားလည်တတ်တဲ့ကလေးလေးဖြစ်ဖို့ မေမေက နားလည်တတ်အောင်အရင်သင်ပေးရမှာမဟုတ်လား။ မမေ့ပါနဲ့။ အလေ့အကျင့်ကောင်းတစ်ခုက တစ်ရက် တစ်ပတ်နဲ့မရပါဘူး။ အမြဲတမ်း တသတ်မတ်တည်းရှိပါစေ။ ကြော်ငြာဝင်တာတော့မဟုတ်ပါဘူး။ ညတိုင်း ကလေးလေးကိုချစ်တယ် စာအုပ်လေးဖတ်ပြီး အချစ်တွေတိုးပွားနိုင်ပါစေ။

Fighting Mums. You can do it. Your little one is already way too clever and you just have to prove it with your love.

မေမေဂျူး
28.2.2018 (Wedesday)
သမီးလေး ၂နှစ် ၇လ ၂၆ရက်