How to be a calm mom?

ကလေးကို မအော်မိအောင် စိတ်မလွတ်အောင်၊ တည်ငြိမ်နိုင်အောင် ၁၀၀% မဟုတ်ရင်တောင် သက်သာအောင်ပေါ့လေ လုပ်နိုင်တာတွေ ကျမ အများကြီး ရေးဖူးပါတယ်။ မိခင်ဘဝ မှာရော ဒီမှာရောပါ။ ကိုယ်ဖတ်မိ လုပ်ကြည့်မိတာတွေပေါ့။

ကိုယ့် stress ကို ကိုယ်သိဖို့.. ကိုယ့်စိတ်ကို မလွတ်ခင် ထိန်းဖို့က အိပ်ရေးဝအောင်အိပ်ရတာ၊အားကစားလုပ်ရတာ၊ အာဟာရပြည့်အောင်စားရတာ၊သီချင်းနားထောင်တာ၊ ဝါသနာပါတာ တခုခုလုပ်တာ၊ ကိုယ်ပိုင်ချိန်ယူတာတွေ လုပ်သင့်ပါတယ်။ ဒါတွေက စိတ်အားရှိအောင် ကြိုလုပ်ရတာတွေပါ။

တကယ် on the spot ဒေါသထွက်လာရင် ကလေးကို မအော်မိအောင်က အသက်ရှုတာက အထိရောက်ဆုံးပါပဲ။

အသက်ကို ဝဝကြီး ရင်ခေါင်းထဲထိ ရှု တာပါပဲ။ အဝင်အထွက် ဆယ်ခါ လောက် ဝဝရှုပြီး ကိုယ့်ကိုယ်ကို pause လုပ်လိုက်တာပေါ့။ အောက်စီဂျင်ဟာ ဦးနှောက်ထဲကို ရောက်သွားပြီး ကိုယ်လက်ရှိ ဖြစ်နေတဲ့ emotion အရှိန်ကို ကျသွားစေတယ်။ လျော့သွားစေတာပေါ့။ အလေ့အကျင့် မရှိသေးရင်လည်း သတိထားပြီး လေ့ကျင့်လို့ ရပါတယ်။ ပြီးတော့မှ ဘာလုပ်မလဲ ဘယ်လိုပြောမလဲ သေချာ စဉ်းစားတာပေါ့။ ကိုယ့်ကိုယ်ကို မအော်ဘဲ ရပ်လိုက်နိုင်တဲ့အခါတွေဆို မှတ်ထားပြီး ကိုယ့်ကိုယ်ကို ချီးကျူးပေးပေါ့😊။ ဒါဆို တဖြည်းဖြည်း မအော်မိခင် ကြိုရပ်နိုင်မယ်။ တအားစိတ်မထိန်းနိုင်ရင် ဖြစ်နေတဲ့ အခြေအနေကနေ ခဏ ထွက်သွားတာမျိုး လုပ်လို့ရတယ်။ ကလေးကို ခု စိတ်ဆူနေတဲ့ အချိန် မဆုံးမလည်း ဘာမှ မဖြစ်ဘူး မှတ်လား။

နောက်တော့ ကိုယ် စိတ်မထိန်းနိုင် ဖြစ်တတ်တဲ့ ကိစ္စဆို မှတ်ထားပြီး ဒီလို မဖြစ်အောင် ကလေးကို ကြိုတင် စည်းကမ်း သတ်မှတ် ထားတာမျိုး လုပ်နိုင်တယ်။နားလည်တတ်တဲ့ ကလေးကြီးတွေကိုပေါ့။ ကျမဆို နီတိုးလေး ipad ချိန် ပိုယူရင် စိတ်မထိန်းနိုင်ဘူး။ အော်မိတယ်။ သူ့ မျက်လုံးအတွက် စိတ်ပူစိတ်ကနေ အခြေခံလာတဲ့ ဒေါသစိတ်ပါ။ တကယ်က ကျမကြောက်တာ… သူမျက်လုံး ဒီထက် ထိခိုက်မှာကို ကြောက်ရာကနေ စိတ်တိုတဲ့ အဆင့်ရောက်သွားတာပေါ့။

အရေးပေါ် အန္တရာယ် ဖြစ်နိုင်တဲ့ ကိစ္စဆိုရင်တော့ ကလေးကို အန္တရာယ် မဖြစ်အောင် အရင် လုပ်ရမှာပေါ့နော်။ လှေကားအစွန်နားတက်သွားတာမျိုးဆို အော်တာထက် လက်မြန်ဖို့ လိုတာပေါ့။

ကိုယ့်ရဲ့ စိတ်ကို အနှောက်အယှက် ဖြစ်စေနိုင်တဲ့ အပြော၊ အရေး၊ အကြောင်းအရာတွေကို တတ်နိုင်သမျှ ရှောင်ပြီး စိတ်ကို စောင့်ရှာက်သင့်ပါတယ်။ဒါဆို ကိုယ့်ရဲ့ မကျေနပ်ချက်တွေနဲ့ ဖောင်းနေတဲ့ စိတ်ပူဖောင်းဟာ ကလေး တတွတ်တွတ် စကားများတာ၊ ကလေး ပြောစကားနားမထောင်တာတွေနဲ့ မပေါက်ကွဲ တော့ဘူးပေါ့။

နောက်ဆုံးတစ်ခုက moms competition တွေကို ရှောင်ဖို့ပါ။ အမေတွေ ကလေးအချင်းချင်း နှိုင်းယှဉ်ပြီး ယှဉ်ပြိုင် မှုတွေမှာ မပါဘဲ ရှောင်ဖို့ပါပဲ။ 😄