အစ်​မကြီးက ကြိမ်​တုတ်​ကို ကိုးကွယ်​သတဲ့လား

အစ်မကြီးက ကြိမ်တုတ်ကို ကိုးကွယ်သတဲ့လား
_______________________________
(အပိုင်း-နှစ်)
……………..
ရိုက်နှက်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ကလေးတွေရဲ့ အပြုအမူကို ထိန်းချုပ်ဖို့ပဲ ဖြစ်တယ်။ ရိုက်နှက်ခြင်းအကြောင်းကို မလေ့လာခင် သတ္တ၀ါတွေရဲ့ အပြုအမူ အသစ်တွေကို ဘယ်လိုလေ့လာ သင်ယူသလဲဆိုတဲ့အကြောင်းကို လေ့လာထားတဲ့ learning theory သင်ယူမှု သီအိုရီ တစ်ခုဖြစ်တဲ့ “Behaviourism” အပြုအမူဝါဒ အကြောင်းကို သိဖို့လိုပါတယ်။ (၂၀)ရာစုမှာ ခေတ်စားခဲ့တဲ့ သီအိုရီတစ်ခုပါ။

အပြုအမူတစ်ခု ဖြစ်ပေါ်လာပုံ
………………………………….
Behaviourism ဆိုတဲ့ အပြုအမူဝါဒ သီအိုရီအရ သက်ရှိသတ္တ၀ါတိုင်းမှာ ပတ်ဝန်းကျင်ရဲ့ သက်ရောက်လာမှုကို အလိုအလျောက် တုန့်ပြန်နိုင်တဲ့ reflex ဆိုတဲ့ လိုလျောက်တုန့်ပြန်မှု စွမ်းရည် မွေးစကတည်းက ပါလာကြတယ်။ အဲဒီ reflexဆိုတဲ့ စွမ်းရည်က ပတ်ဝန်းကျင်က လှုံဆော်လာတဲ့ လှုံ့ဆော်မှု-stimulus တွေမှန်သမျှကို တုံ့ပြန်မှု-response တွေနဲ့ တုံ့ပြန်တယ်။ အကယ်၍ အဲဒီတုံ့ပြန်လိုက်တဲ့ responseကို ပတ်ဝန်းကျင်ကနေ reinforcementဆိုတဲ့ အားဖြည့်ခြင်းသာပေးလိုက်ရင် တဒင်္ဂတုန့်ပြန်မှုကနေ ပုံမှန်ပြုလုပ်တဲ့ အပြုအမူ-behaviour အဖြစ် ပြောင်းသွားနိုင်ပါတယ်။ နဲနဲတော့ ရှုပ်သွားတယ်ဗျ…
ရှင်းအောင် ဥပမာပေးရရင်တော့ ကလေးတွေမှာ အရောင်တောက်တောက် ပုံစံဆန်းဆန်းမြင်ရင် သဘာဝအရ စိတ်ဝင်စားတာ၊ လိုချင်တာက reflexဆိုတဲ့ လိုလျောက်တုန့်ပြန်မှု စွမ်းရည်ကြောင့်ပါ။ အကယ်၍ ကလေးတစ်ယောက်နဲ့အတူ အရုပ်ဆိုင်ရှေ့ ဖြတ်လျှောက်တယ် ဆိုပါစို့ဗျာ။ ဆိုင်ထဲက ပုံစံစုံ အရောင်သွေးစုံ အရုပ်တွေက stimulusတွေ အဖြစ်နဲ့ ကလေးရဲ့ စိတ်ကို လာဆွဲဆောင်မယ်။ ဒီတော့ ကလေးက လိုချင်လို့ ပူဆာမယ်။ အဲလို ပူဆာတာက responseဆိုတဲ့ တုန့်ပြန်မှုပဲ။ အဲဒီအချိန်မှာ မိဘက ကလေးအပေါ် ဘယ်လို reinforcement ဆိုတဲ့ အားဖြည့်ခြင်းကို သုံးပြီး ဆက်ဆံလဲ အပေါ်မှာမူတည်ပြီး ကလေးရဲ့ behaviour ဆိုတဲ့အပြုအမူ၊ စိတ်ခံစားမှုတွေဟာ ကွဲပြားသွားကြပါတယ်။
အကယ်၍ သင်သာ မိဘတစ်ယောက်ဆိုရင် ဘယ်လို reinforcement ပေးမလဲ?? လိုလိုလားလား ၀ယ်ပေးမှာလား၊ ဆဲဆိုပြီး ငြင်းဆန်မှာလား၊ ပူဆာရမလား ဆိုပြီး ရိုက်နှက် အပြစ်ပေးမှာလား၊ အခုမ၀ယ်ပေးသေးတဲ့ အကြောင်းကို ချိုချိုသာသာ ရှင်းပြမှာလား?? ကျနော်တို့ရဲ့ ရွေးချယ်မှုကပဲ ကလေးတွေရဲ့ အပြုအမူကို ပုံဖော်ပေးတာပါ။

ဆုပေး/ဒဏ်ပေးစနစ်
……………………….
ဒီသီအိုရီရဲ့ အနှစ်သာရက ကလေးတစ်ယောက်ရဲ့ အပြုအမူကို ထိန်းချုပ်ဖို့ reinforcement အားဖြည့်ခြင်းကို ဘယ်လိုသုံးရမလဲဆိုတာပဲ။ အားဖြည့်ခြင်းဆိုတာကတော့ ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုပါ။ အလွယ်ပြောရရင်တော့ ဆုပေး/ဒဏ်ပေးစနစ်ပေါ့။ ကလေးတွေရဲ့ အပြုအမူက ကိုယ်လိုချင်တဲ့ ပုံစံအတိုင်းဆို ဆုပေးမယ်၊ မုန့်ကျွေးမယ်။ ကိုယ်လက်မခံနိုင်တဲ့ အနေအထားဆို အပြစ်ပေးမယ်၊ တုတ်ကျွေးမယ်။ အဲဒီပုံစံအတိုင်းပဲ ကလေးတွေကို ပုံသွင်းခဲ့ကြတယ်။
ဒါပေမယ့် လူကြီးတွေ မေ့နေကြတဲ့ အချက်က ကလေးတွေရဲ့ စိတ်ခံစားမှုပဲ။ ကလေးဆိုတာ ဆပ်ကပ်ထဲက ခြင်္သေ့ကြီး အသားတုံးကျွေးပြီးခိုင်းသလို ခိုင်းရအောင် တိရစ္ဆာန်မဟုတ်၊ ကြာပွတ်နဲ့ တရွှမ်းရွှမ်းရိုက်ပြီး ခိုင်းရအောင် ဘိုးတော်ဘုရားခေတ်က ငွေဝယ်ကျွန်မဟုတ်။ သူတို့ဟာ ကိုယ်ခန္ဓာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ နုနယ်လွန်းတဲ့ လူသားစစ်စစ်တွေဖြစ်တယ်။

ဆုပေးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ
………………………………………………….
ရိုက်နှက်ပြီး ဆုံးမမှ မဟုတ်ပါဘူး၊ ကလေးတွေကို ဆုပေးပြီး ခိုင်းတာဟာလဲ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ကလေးတွေကို ကိုယ်လိုချင်တဲ့ ပုံစံဝင်တဲ့အခါမှာ လူကြီးတွေဟာ ဆုချီးမြှင့်လေ့ရှိပါတယ်။ ကြာလာတဲ့အခါမှာ ကလေးဟာ ဆုလာဘ်ကို သာယာတဲ့စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ နောက်ပိုင်း ဆုမရရင် ဘာမှမလုပ်ချင်တော့ပဲ လုပ်ချင်ကိုင်ချင်စိတ်၊ ကြိုးစားလိုစိတ်တွေ နည်းပါးလာတယ်။ အဲဒီကလေးမျိုးတွေဟာ ကြီးလာတော့ လာဘ်ပေးလာဘ်ယူ ဒို့ကြည်ဖြူ ဆိုပြီး ဖြစ်လာပါလေရော။ ငယ်ငယ်က မုန့်ဖိုးပေး အခိုင်းခံခဲ့တဲ့ ကလေးက ကြီးလာတော့ လက်ဘက်ရည်ဘိုးမရရင် ဘာမှ မလုပ်ချင်တော့ဘူး။
နောက်တစ်ခုက ကလေးတွေကို ကျောင်းမှာ ဆုပေးပြီးတော့ ပြိုင်ဆိုင်ခိုင်းတာ၊ ဒါလဲ ကလေးတွေရဲ့ စာရိတ္တကို အတိုင်းအတာ တစ်ခုထိ ပျက်စီးစေပါတယ်။ ကျနော်ကိုယ်တိုင်လဲ ကျောင်းဆရာဘ၀အစက ဆုပေးတာကို လက်နှက်တစ်ခုလို အသုံးချခဲ့မိပါတယ်။ ကလေးတွေကို အဖွဲ့လိုက် ပြိုင်ခိုင်းပြီး အနိုင်ရတဲ့အဖွဲ့ကို ဆုလက်ဆောင်ပေးတဲ့စနစ် ကျင့်သုံးခဲ့တာပါ။
ကလေးတွေဟာ အနိုင်ရရင် ရမယ့် လက်ဆောင်ကို အတော်မက်မောကြတယ်။ အချင်းချင်းလဲ ဂုဏ်တစ်ခုအနေနဲ့ ပြန်ကြွားကြတယ်။ အဲဒီတော့ ကစားပွဲက ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး တိုက်ပွဲ တစ်ခုအသွင်ကို ဆောင်လာတယ်။ အချင်းချင်း မနာလိုစိတ်တွေ၊ စိတ်ဝမ်းကွဲမှုတွေဖြစ်လာပြီး အတ္တတွေကြီးလာကြတယ်။ တစ်ကိုယ်ကောင်းဆန်လာကြတယ်။ တခါတလေ အနိုင်ရရင်ပြီးရော ဆိုပြီး အချင်းချင်း လှည့်စားတတ်၊ ခြေထိုးတတ်လာကြတယ်။
ဒါကြောင့်ပဲ အခုခေတ်မှာ ကျောင်းအတော်များများဟာ ဆုပေးခြင်းစနစ်ကို ရပ်ဆိုင်းခဲ့ကြတယ်။ ကျောင်းသားကျောင်းသူတွေကြားမှာ ခွဲခြားဆက်ဆံမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ မဖြစ်အောင် ဆုတံဆိပ် ခန့်ခန့်ကြီးတွေနဲ့ ဆုပေးပွဲတွေ လုပ်ခြင်းကို ရှောင်ရှားခဲ့ကြတယ်။ ကျောင်းသားတွေရဲ့ ကြိုးစားမှုကို Grade- A, B, Cတွေနဲ့သာ အသိအမှတ်ပြု ချီးမြှောက်ကြပါတော့တယ်။ ဒါဟာ ဆုပေးခြင်းစနစ်ရဲ့ ဘေးထွက်ဆိုးကျိုးကို သိလာလို့ပဲ ဖြစ်ပါတယ်။

(ဆက်ရန်)

တီချယ်အာကာ