အမှားကို မ​ကြောက်​​သော ခဲဖျက်​လေးတစ်​တုံး

သိပ်မကြာသေးခင်က ဖတ်လိုက်ရတဲ့ ပညာပေးဇာတ်လမ်း တစ်ပုဒ်အကြောင်း ပြောပြချင်တယ်ဗျ ။ ဆေးပညာနဲ့ ပတ်သက်တဲ့ ရှာဖွေတွေ့ရှိမှု အသစ်တွေ အများကြီးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင် တစ်ယောက်အကြောင်းပေါ့။
တစ်ရက်မှာတော့ သူ့ကို နိုင်ငံပိုင်သတင်းစာရဲ့ သတင်းထောက်တစ်ယောက်က လာပြီးမေးမြန်းခဲ့တယ်။ အဓိကမေးမြန်းခဲ့တာကတော့ သူ့အနေနဲ့ ဘာကြောင့်များ ဒီလောက်အထိ တီထွင်ဖန်တီးနိုင်ခဲ့သလဲ ဆိုတာပါပဲ။ သာမန်လူတွေနဲ့မတူအောင် ဘယ်လို လုပ်ဆောင်နိုင်ခဲ့သလဲပေါ့။
သူပြန်ဖြေခဲ့တာက စိတ်ဝင်စားစရာ၊ အတုယူစရာကောင်းလို့ ဒီသတင်းဟာ နာမည်ကျော်သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ သူပြောခဲ့တာကတော့ —–

# အမေသင်သော လက်တွေ့စမ်းသပ်ချက်
ကျွန်တော် ဒီလိုမျိုး ဖန်တီးမှုတွေ လုပ်နိုင်လာတာကတော့ အသက်သုံးနှစ်သားတုန်းက အမေနဲ့အတူ လက်တွေ့စမ်းသပ်ချက် တစ်ခုကနေ သင်ယူခဲ့လို့ပါ။ ကျွန်တော် အဲဒီတုန်းက ရေခဲသေတ္တာထဲကနေ နွားနို့ပုလင်းကို ထုတ်ခဲ့တယ်။ ပုလင်းက ကြီးတော့ လက်နဲ့မဆန့်ပဲ ချော်ပြီး နို့တွေ အကုန်မှောက်သွားပါလေရော။ မီးဖိုချောင် ကြမ်းပြင်တစ်ခုလုံးလဲ ညစ်ပေကုန်တာပေါ့။
ခဏနေတော့ အမေဟာ မီးဖိုချောင်ထဲ ၀င်လာခဲ့တယ်။ ကျွန်တော်ကတော့ အအော်ခံရတော့မယ်၊ အမေက ဒဏ်ပေးတော့မယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီအစား အမေက လေပြေလေးနဲ့ပဲ စကားတွေ ပြောခဲ့တယ်။
“ရောဘတ်ရေ…သားက အကြီးကြီးကို လုပ်နိုင်ခဲ့တာပဲ။ အမေဖြင့် ဒီလောက်ကြီးတဲ့ နွားနို့ကွက်ကြီးကို မြင်တောင်မမြင်ဖူးဘူး” ဆိုပြီး ပြုံးပြုံးလေးနဲ့ပြောခဲ့တယ်။
ပြီးတော့ ကျွန်တော့်ခေါင်းကို ပွတ်ပြီး အမေက “ကဲ သားရေ…မှောက်တဲ့နွားနို့ကတော့ မှောက်သွားပြီ။ အမေတို့ ကြမ်းပြင်ကို သန့်ရှင်းရေးမလုပ်ခင် ဒီနွားနို့ကွက်တွေနဲ့ ကစားဦးမလား” ဆိုပြီးမေးလိုက်သေးတယ်။ ကျွန်တော်လား…ဘယ်နေမလဲ ကြမ်းပြင်ပေါ် လူးလိမ့်ပြီး ဆော့သေးတာပေါ့။
မိနစ်အနည်းငယ်ကြာအောင် ဆော့ပြီးတဲ့ အချိန်မှာတော့ အမေက “သား….ရှုပ်ပွနေအောင် ဆော့လို့ရပါတယ်။ ဆော့ပြီးရင်တော့ နဂိုအတိုင်း သန့်ရှင်းသပ်ရပ်အောင် ပြန်လုပ်ရမယ် ။ ကဲအမေတို့ သန့်ရှင်းရေးစမယ်။ သန့်ရှင်းရေးလုပ်ဖို့ အမေတို့မှာ ရေမြှုပ်ဖော့တုံးရှိမယ်၊ တဘက်ရှိမယ်၊ ကြမ်းတိုက်တံရှိမယ်။ သားဘာနဲ့သန့်ရှင်းရေးလုပ်ချင်လဲ။” ဆိုပြီးမေးတော့ ကျွန်တော်ကဖော့တုံးကိုရွေးခဲ့တယ်။ ပြီးတော့ အမေနဲ့အတူ နွားနို့ကွက်တွေကို ပျော်ပျော်ကြီးသန့်ရှင်းရေးလုပ်ခဲ့ကြတယ်။
ပြီးတော့အမေက ဆက်ပြောသေးတယ် “သားရေ….ခုနတုန်းကဖြစ်ခဲ့တာ မအောင်မြင်သေးတဲ့ စမ်းသပ်ချက်တစ်ခုပဲ။ သားကနွားနို့ပုလင်းကို မမှောက်အောင် ဘယ်လိုသယ်ရမလဲဆိုတာ မသိသေးလို့သာ မှောက်သွားတာ။ ကဲ ပုလင်းယူပြီး အိမ်နောက်ဖေးသွားကြစို့။”ဆိုပြီး ရှေ့ကအရင် သွားလိုက်တယ်။
အိမ်နောက်ဖေးရောက်တော့ အမေကပုလင်းကိုရေဖြည့်ပေးပီး ကျွန်တော့်ကိုသယ်ခိုင်းတယ်။ ရေမှောက်သွားလိုက် ပြန်ဖြည့်ပေးလိုက်နဲ့ အကြိမ်ကြိမ်စမ်းသပ်ခဲ့ကြတာပေါ့။ နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ လက်သေးသေးလေးတွေနဲ့ ပုလင်းရဲ့ရှူးနေတဲ့ထိပ်ပိုင်းကို မိမိရရဆုပ်ပြီး သယ်နိုင်ခဲ့တယ်။ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ စမ်းသပ်ချက်ပေါ့။
အဲ့ဒီအချိန်ကစပြီး ကျွန်တော်ဟာ မှားမှာမကြောက်တော့တဲ့လူတယောက် ဖြစ်လာပြီး စမ်းသပ်မှုတွေ တစ်ခုပြီးတစ်ခုလုပ်ခဲ့တယ်။ အမှားတွေတော့ အကြိမ်ကြိမ်ထပ်တွေ့ခဲ့တာပေါ့။ တကယ်လို့များ အမေသာ ကျွန်တော့်အမှားကို လက်မခံဘဲ ဆူခဲ့၊ ရိုက်ခဲ့ရင် အခုလို သိပ္ပံပညာရှင် တစ်ယောက်ဖြစ်လာမှာကို မဟုတ်ပါဘူး……….

#Trial and error
အထက်က ဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ ကြုံဖူးကြားဖူးကြပါတယ်။ ကျွန်တော်တို့ဟာ အကြောင်းအရာ တစ်ခုကို မသိသေး မတတ်သေးချိန်မှာ စမ်းသပ်ကာလကို ကျော်ဖြတ်ရပါတယ်။ စမ်းသပ်ကာလနဲ့ အမှားဆိုတာ ဒွန်တွဲနေပါတယ်။ ဒါကြောင့်လဲ Trial and error ဆိုတဲ့စကားတွဲလေးဟာ နိုင်ငံတကာ ကလေးစောင့်ရှောက်သူတွေကြားမှာ အတော်ပြောဖြစ်ကြတာပါ။ အမှားဆိုတာ ဖြစ်တတ်တဲ့ အရာဖြစ်သလို၊ ပြင်လို့လဲ ရတဲ့အရာမို့ ခဲဖျက်ဆိုတာကို တီထွင်ခဲ့ကြသေးတာပဲ။

#ခေါက်ရိုးကျိုးနေသော နိုင်ငံ
ကျွန်တော်တို့ ကျောင်းသားဘ၀မှာ အချင်းချင်း အမှန်ပြိုင်ခဲ့ကြရပါတယ်။ အမှားအနည်းဆုံးသူကို ဆရာ ဆရာမများက အတော်ဆုံးလို့ သမုတ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် မှားသွားခဲ့တဲ့ ကျောင်းသားတွေကို အပြစ်မျိုးစုံပေးခဲ့ကြတယ်။ စာလုံးပေါင်းမှားတာ၊ သချာင်္ပုစ္ဆာ အဖြေမှားတာ၊ သဒ္ဒါဝါကျ မှားယွင်းခဲ့ကြတာတွေ့ကြောင့် ကျွန်တော်တို့ဟာ ခုံပေါ်မတ်တပ်ရပ်ခဲ့ကြတယ်၊ ကြက်မွှေးစာမိခဲ့ကြတယ်၊ တချို့တွေ ဘောင်းဘီချွတ် အရိုက်ခံခဲ့ရတယ်။ အမှားကနေ သင်ခန်းစာယူဖို့နေနေသာသာ မမှားဖို့ဟာ ကိုယ်ကျင့်တရားထက် အရေးကြီးခဲ့ကြတယ်။

#အနာဂတ်အတွက် ခဲဖျက်ကလေးများ
အမှားကြောက်ရောဂါရဲ့ နောက်ဆက်တွဲ အနေနဲ့ နိုင်ငံမှာ မလုပ် မရှုပ် မပြုတ် လူတန်းစားတစ်ရပ် ပေါ်ထွက်လာပြီး ထားရာနေ၊ ကျွေးတာစား၊ ခိုင်းတာသာ လုပ်ခဲ့ကြတော့တယ်။ အမှားမရှိတော့ သင်ခန်းစာမရ၊ အသစ်တွေလဲ မဖန်တီးတတ်၊ မတီထွင်တတ်တော့ နိုင်ငံဟာလဲ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်အဖြစ် စံချိန်တင်ခဲ့တော့တယ်။ ကျွန်တော်တို့ နိုင်ငံတိုးတက်ဖို့ တကယ်လိုနေတာကတော့ အမိန့် နာခံတဲ့ ခပ်တုံးတုံးမျိုးဆက်သစ်တွေထက် မှားမှာမကြောက်ဘဲ အမှားကနေ သင်ခန်းစာယူပြီး တီထွင်ဖန်တီးတတ်တဲ့ ခဲဖျက်ကလေးတွေသာ ဖြစ်ကြောင်းတင်ပြရင်း ပို့စ်ခပ်ရှည်ရှည် တစ်ပုဒ်ကို အဆုံးသတ်လိုက်ပါတယ်။

တီချယ်အာကာ