အမေတွေကြားထဲမှာ အငြင်းအခုံအဖြစ်ရဆုံးကိစ္စတွေထဲမှာ ကလေးအစာစကျွေးတဲ့အချိန် (အသက်)လည်း တစ်ခု အပါအဝင်ပဲနော်

အမေတွေကြားထဲမှာ အငြင်းအခုံအဖြစ်ရဆုံးကိစ္စတွေထဲမှာ ကလေးအစာစကျွေးတဲ့အချိန် (အသက်)လည်း တစ်ခု အပါအဝင်ပဲနော်။ နောက်လည်း သို့လောသို့လော ငြင်းစရာမလိုအောင် တစ်ခါတည်း ပြောလိုက်မယ်။ အမေရိကန်ကလေးအထူးကုအဖွဲ့က အသက် ခြောက်လပြည့်မှ အစာစကျွေးဖို့ ထောက်ခံချက်ပေးထားတယ်။ ဒါပေမယ့်….. ဒါပေမယ့်နော် –
အများစုသော ကလေးမိဘတွေဟာ ကလေးအသက် လေးလကနေ ခြောက်လအတွင်း အစာကို စမိတ်ဆက်ပေးကြတယ်။ မှားသလားဆိုတော့ စကျွေးတဲ့ အချိန်မှန်ကန်ရင် မမှားပါဘူး။ ကျွေးနိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့အချက်က ကိုယ့်ကလေးဟာ အောက်မှာပြောထားတဲ့အချက်တွေ လုပ်နိုင်နေပြီဆိုမှ အစာစကျွေးသင့်ပါတယ်။
အမှီအကူလေးနဲ့ ထိုင်နိုင်တဲ့ အရွယ်ဖြစ်ရမယ်။
ထိုင်နေတဲ့အချိန်မှာ ခေါင်းနဲ့လည်ပင်းကို ကောင်းကောင်းထိန်းနိုင်ရမယ်
မှောက်ထားတဲ့အချိန်မှာ လက်လေးတွေ တံတောင်ဆစ်ကလေးတွေကို ဆန့်တန်းပြီး ဒိုက်ထိုး(push up လုပ်)သလို သူ့ကိုယ်ခန္ဓာအပေါ်ပိုင်းကလေးကို မြှင့်တတ်ရမယ်။
သူ့လက်ကလေးတွေကို သူ့ဘာသာပါးစပ်ထဲထည့်ပြီး စုပ်တတ်ရမယ်။ ကစားစရာတွေကို ပါးစပ်ထဲ ယူပြီးထည့်တတ်ရမယ်။
အစာကိုမြင်ရင် ကိုယ်ကလေးနဲ့ ခေါင်းကလေးကို ရှေ့တိုးဟပ်တတ်ပြီး ဗိုက်မဆာရင် နောက်ဆုတ်ရှောင်တာမျိုး အမူအရာပြတတ်ရမယ်။

Fingerfood လို့ခေါ်တဲ့ အရွယ်တော် အစာလေးတွေကို သူလက်ထဲထည့်ပေးပြီး စားခိုင်းဖို့က အပေါ်ကအချက်တွေ အကုန်ရှိရမယ့်အပြင် –
အမှီမပါဘဲ ကောင်းကောင်းထိုင်နိုင်ရမယ်
အစာကို လှမ်းယူတတ်ရမယ်။ အောက်လွှတ်ချတတ်ရမယ်။
သွားမပေါက်သေးသည့်တိုင်အောင် အစာကို ဝါးတတ်၊ သွားဖုံးနဲ့ ကြိတ်တတ်ပြီး ကောင်းကောင်းမျိုချတတ်ရမယ်။

ပထမအဆင့်မှာ ပြောထားတဲ့အချက်တွေ ပြည့်စုံဖို့က အနည်းဆုံး ကလေးအသက် လေးလကျော်မှ ရှိတယ်။ အဲဒီအချက်တွေ မရှိသေးဘဲ အစာအတင်းကျွေးမယ်ဆိုရင်
⛔️ ကလေးဟာ အစာကို စားချင်နေသလား ဗိုက်ဝပြီလား မပြတတ်သေးတဲ့အတွက် အလွန်အကျွံကျွေးမိတဲ့ ပြဿနာ ဖြစ်မယ်။
⛔️ အဝလွန်တဲ့ ကလေးဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။
⛔️ ခေါင်းနဲ့ လည်ပင်းကြွက်သားတွေ မသန်မာသေးတဲ့အတွက် အစာတွေ၊ ရေတွေ သီးမယ်၊ အဆုတ်ထဲလမ်းကြောင်းမှားပြီး ရောက်ဖို့အန္တရာယ်ရှိတယ်။
⛔️ အစာနဲ့မတည့်ခြင်းဆိုတဲ့ food allergy ဖြစ်ဖို့များတယ်။
⛔️ လေးလအောက်ကလေးတွေမှာ extrusion reflex လို့ခေါ်တဲ့ ပါးစပ်ထဲရောက်လာတဲ့ ပစ္စည်းကို လျှာနဲ့တွန်းထုတ်ပစ်တဲ့ အလိုအလျောက်ဖြစ်စံနစ်ကလေး မပျောက်သေးဘဲရှိနေသေးတာမို့ ကလေးအတွက်ရော မိဘအတွက်ပါ အစာစားချိန်တွေဟာ ပျော်စရာအတွေ့အကြုံမဖြစ်ဘဲ စိတ်ပျက်စရာဖြစ်လာမယ်။

ကလေးတစ်ယောက်ဟာ အစာသစ်တစ်ခုမိတ်ဆက်ကျွေးချိန်မှာ ကြိုက်ပုံမပြရင် စိတ်မပျက်ပါနဲ့။ နောက်တစ်ခါထပ်ကျွေးကြည့်ပါ။ အစာတစ်မျိုးကို ကလေးလက်ခံသွားဖို့ဟာ တစ်ခါတလေ အကြိမ် ၁၀ ကြိမ်လောက်ကို ကြိုးစားရပါတယ်။ အသက်တစ်နှစ်ကျော်လာချိန်မှာ တတ်နိုင်ရင် ဟင်းခတ်အမွှေးအကြိုင်လေးတွေ နည်းနည်းရောပြီး ကျွေးသင့်ပါတယ်တဲ့။ ဥပမာ apple sauce ထဲမှာ Cinnamon လေး နည်းနည်းထည့်ကျွေးတာမျိုး။ အဲဒါမှ ကလေးဟာ ခံတွင်းလိုက်လာပြီး အသက်ကြီးလာတာနဲ့အမျှ အစာအသစ်တွေကို စူးစမ်းစားတတ်တဲ့ အကျင့်ပိုရလာတယ်လို့ ဆိုပါတယ်။

ကလေးတစ်ယောက်နဲ့တစ်ယောက်မတူကြတာမို့လို့ အပေါ်မှာရေးထားတဲ့ အချက်တွေ ပြည့်စုံတာသေချာတယ်ဆိုရင် လေးလနဲ့ခြောက်လကြား အစာစကျွေးနိုင်တယ်။ ခြောက်လမပြည့်ခင် အစာကျွေးရကောင်းလားလို့ ကရုဏာဒေါသောမဖြစ်ကြခင် ဒါလေးတွေ အရင်မေးကြည့်ကြပါဦးနော်။ ကျမသားငယ်လေးကို ငါးလနဲ့ နှစ်ဆယ့်နှစ်ရက်မှာ အစာစကျွေးပါတယ်။ ခုထိတော့ ကျွေးသမျှအားလုံးကြိုက်နေပါတယ်။ ပေပွနေအောင်အပီအပြင်ဆွဲပါတယ