ခွေးဖြစ်​လက်​မှတ်​ရကြသူများ

ခွေးဖြစ်လက်မှတ်ရကြသူမျာ
……………………..…………..
ကိုသုတတစ်ယောက် အလုပ်က ပြုတ်လာသလို ရည်းစားကလဲ ဖွဘုတ်မှာ အအီဇယားခင်းလာလို့ ဒေါသတွေ အလိပ်လိုက် ငယ်ထိပ်တက်ဆောင့်နေသည်။ ဒီကြားထဲ ရပ်ကွက်ထဲက ခွေးဝဲစားက လမ်းပေါ်တက် လှဲလျောင်းရင်း တစ်ထောင့်တစ်ည အိပ်မက် မက်နေသည်။ မျက်စိ စပါးမွှေးစူးလှချေသမို့ နီးစပ်ရာ အုတ်ခဲကျိုးနဲ့ အတွင်းအားသုံး ကောက်ထုလိုက်ပေတော့သည်။“ဂိန်…..ဂိန်…..အီး..…အီး……”

ကယောင်ကတမ်း ထပြေးသွားသော ခွေးဝဲစား ခပ်ပိန်ပိန်ကောင်ကိုကြည့်ရင်း အနည်းငယ် ဒေါသပြေသွားရင်း ငါးခူပြုံးလေး ပြုံးလိုက်မိသည်။

“သိပ်မပျော်လိုက်နဲ့…လူကလေး။ မင်း ခဲနဲ့ထုလိုက်တဲ့ ခွေးကလဲ မင်းလို လူဖြစ်ခဲ့ဘူးတယ်လေ…”

ကျုပ်မှာ ဒေါသပြေရုံရှိသေး ဘယ်ကမှန်း မသိတဲ့ အဘိုးကြီးတစ်ယောက်က ဘလိုင်းကြီး ဆရာလာလုပ်လို့ မင်တက်သွားရပြန်တယ်။

“ဗျာ…ကျုပ်ကို ပြောသလား”

“မဗျာနဲ့ ကိုယ့်လူ….ကိုယ့်လူကို ပြောတာ။ အစောက ကိုယ့်လူ ခဲစွမ်းပြလိုက်တဲ့ခွေးက ပိုက်ဆံချမ်းသာတဲ့ လူဖြစ်ဘူးသလို ပညာသိပ်တတ်တဲ့ လူလဲ ဖြစ်ဘူးတယ်။ ရုပ်ချောတဲ့လူ ဖြစ်ခဲ့သလို အာဏာရှိတဲ့လူလဲ ဖြစ်ဘူးတယ်။ ရုပ်ရှင် မင်းသား မင်းသမီးနဲ့ အဆိုတော်တောင် ဖြစ်ရင်ဖြစ်ဘူးမှာ…”

ကျုပ်လဲ စိတ်ထဲ ခပ်ချဉ်ချဉ် ရှိတာနဲ့ ပြန်ငေါ့ပလိုက်တယ်။
“ဒါဆို ခုဘာလို့ ခွေးဖြစ်နေတုန်း”

“အိမ်း…သူတို့လဲ လူ့ဘ၀ရတုန်းက ကိုယ့်လူလိုဘဲ စားဝတ်နေရေးအရ အလုပ်လေး လုပ်လိုက်…တဏှာက တစ်ခါတစ်ခါ ထထရူးလိုက်နဲ့ ကုသိုလ်လုပ်ဖို့ သတိကမရ။ ဒီကြားထဲ ခုနှစ်ရက် သားသမီးနဲ့ ဝေနေယျ သတ္တ၀ါ အပေါင်းကို လမ်းကြုံရင် ကြုံသလို ညှင်းဆဲခဲ့ကြလို့ ခုလိုခွေးဘ၀ ရောက်နေတာပေါ့…”

“ခင်ဗျား ပြောပုံအရဆို ကျုပ်လဲ သေရင် ခွေးဖြစ်နိုင်တာပေါ့…

“ဟားဟား…ကိုယ့်လူက ခုမှ အမြင်မှန် ရသကိုး။ သိပ်ဖြစ်နိုင်တာပေါ့။ အရင်ကလဲ ဖြစ်ခဲ့ဘူးတယ်။ နောင်လဲ ဖြစ်နိုင်တယ်…အဟား..ဟားဟား”

အဘိုးကြီးပြောမှ ကျုပ်လဲ နဲနဲတွေဝေသွားသည်။ ပြန်စဉ်းစားကြည့်မှ အခုအသက်သုံးဆယ်အထိ ကုသိုလ်မယ်မယ်ရရ မလုပ်ဘူးသေး။ ဒီကြားထဲ ဒေါသကကြီးသလို လူပျို ကြီးပီပီ ကြုံသလို ဖြစ်သလို ဖွန်ကကြောင်ချင်သည်။ ဒါနဲ့ ကျုပ်လဲ သိချင်တာလေး စပ်စုကြည့်မိသည်။

“ဒါဆို ကမ္ဘာပေါ်က လူတွေလဲ ခွေးဖြစ်ဘူးတာပေါ့”

“ကိုယ့်လူရေ…လူတိုင်း ခွေးဖြစ်ဘူးကြသလို ခွေးထက်နိမ့်တဲ့၊ ကံဆိုးတဲ့ တိရစ္ဆာန်ဘ၀တွေလဲ ဖြစ်ဘူးကြတယ်။ တို့ဗုဒ္ဓတောင် တိရစ္ဆာန်ဘ၀တွေနဲ့ ပါရမီ ဖြည့်ခဲ့ရသေးတယ်”

“နေပါဦး…အဘိုးရယ်၊ လူတွေက ဒါကို မသိကြဘူးလား”

“ဟားဟားဟား….ကိုယ့်လူက တယ်အမေးအမြန်းထူသကိုး…သဘောကျ သကွား။ မင်းတို့လူတွေက သိသိကြီးနဲ့ မိုက်ကြတယ်ဟ။ ပိုက်ဆံရှိသူက ငွေဂုဏ်တွေမောက်၊ ရာထူးရှိတဲ့ကောင်က အာဏာတွေရူး၊ ပညာတတ်ဆိုတဲ့ လူတွေက ပညာတွေ ပြကြနဲ့ ခွေးဖြစ်လက်မှတ်ယူနေကြတယ်လေ”

ကျုပ်လဲ အဲဒီလို ကြားရတော့ ကျုပ်အမြင်ကပ်တဲ့သူတွေထဲက ခွေးဖြစ်နိုင်တဲ့ကောင်တွေကို တန်းစီစဉ်းစားရင်း ပြုံးလိုက်မိသည်။

“ခွေးဖြစ်မယ့် ဘော်ဒါကြီးတွေအကြောင်း စဉ်းစားရင်း ပြုံးနေတာလား ကိုယ့်လူ”

ကျုပ်အတွေးကို ဒီအဘိုးကြီး ဘယ်လိုသိလဲ စဉ်းစားနေတုန်းမှာပဲ…

“သိပ်ဟုတ်တာပေါ့…ကိုယ့်လူစဉ်းစားတဲ့ လူတွေက ခွေးဖြစ်မယ့် သူတွေပဲ။ နောက်ပြီးတော့ တိုင်းပြည်ကို ချောက်ထဲကျအောင် တွန်းပို့ခဲ့တဲ့ အာဏာရူးတွေ၊ ဘာသာရေး အသုံးချပြီး အမုန်းတရားဟောသူတွေ၊ ပန်းဦးလွှတ် အရည်းကြီးကောင်တွေက ခွေးဖြစ်လက်မှတ်ကို ဂုဏ်ထူးနဲ့ ရထားတဲ့ ကောင်တွေပဲ”

“တိရစ္ဆာန်ဖြစ်ဖို့က တော်တော်လွယ်တာပဲနော်

“သိပ်ဟုတ်တာပေါ့…ကိုယ့်လူရယ်။ လူ၊နတ်၊ဗြဟ္မာလို သုခဘုံက ရဖို့ခက်လွန်းပြီး အပါယ်လေးဘုံကို ရောက်ဖို့က လွယ်လွန်းတာပေါ့။ ကျုပ်လက်တွေ့ပြမယ်”

အဘိုးကြီးလဲ ပြောပြောဆိုဆိုနဲ့ လမ်းပေါ်က မြေမှုန်ကို လက်မရဲ့ လက်သည်းခွံနဲ့ ကောက်ယူလိုက်တယ်။

“ဒီမှာ လူလေး၊ ဒီလက်သည်းခွံက မြေမှုန်တွေနဲ့ ကမ္ဘာပေါ်က မြေမှုန်တွေ ဘယ်ဟာပိုများလဲ”

“ဟာ…အဘိုးက ကျုပ်လာနောက်နေပြန်ပြီ

“ကဲ…ငါမေးတာ ဖြေစမ်းပါ”

“ဘယ်လိုလုပ်ယှဉ်လို့ ရမှာတုန်း၊ ဒီကမ္ဘာပေါ်က မြေမှုန်တွေက အပုံကြီးများတာပေါ့”

“အေး…အခု လက်သည်းခွံပေါ်က မြေမှုန်အရေအတွက်ဟာ လူ၊နတ်၊ဗြဟ္မာလို သုခဘုံသားဆိုရင် ကမ္ဘာကြီးရဲ့ မြေမှုန်ပမာဏလောက်ဟာ ဒုက္ခဘုံသား အရေအတွက်ပဲ။”

“ဗျာ…အဲ့ဒီလောက်ကိုကွာတယ်…တကယ်”

“မဗျာနဲ့…အဲ့ဒါ ဒို့ဘုရား ဥပမာ ပေးခဲ့တာ။တကယ်ပဲ”

“ကျုပ်တော့ လန့်တောင်လာပြီ အဘိုးရာ”

“လန့်သင့်တာပေါ့ ကိုယ့်လူရယ်။ ကိုယ့်လူက အလုပ်လေးပြုတ်တာလောက်ကို ကမ္ဘာပျက်မလိုဖြစ်နေတာ။ သံသရာနဲ့ယှဉ်ရင် စာတောင်မဖွဲ့လောက်ပါဘူး။ ပြီးတော့ ကိုယ့်လူရဲ့ အသိပညာ၊ အတတ်ပညာဟာ တစ်ဘ၀စာလောက်ပါ။ နောင်ဘ၀ လူပြန်ဖြစ်ရင်တောင် အေဘီစီနဲ့ ကကြီးခခွေးက ပြန်စရမှာ။ လူဖြစ်ရင်လို့ ပြောတာနော်…ကိုယ့်လူ ကံဆိုးလို့ ခွေးဖြစ်ရင်တော့ ခွေးဇာတ်ခင်းပေတော့”

ကျုပ်စိတ်ထဲမှာ အေးချမ်းလာပြီးတော့ ဒီအဘိုးကြီးကိုလဲ လေးစားလာမိတယ်။ ကျုပ်ရင်ထဲက သိချင်တဲ့ ဆန္ဒတွေကလဲ အတိုင်းမသိ များပြားလာလို့ အဘိုးကြီးကို ထပ်ပြီးမေးလိုက်မိပြန်တယ်။

“ဒါဆို အဘိုး…ကျုပ်ခွေးမဖြစ်အောင် ဘယ်လို လုပ်ရမလဲ”

“ကိုယ့်လူရဲ့ သံသရာအတွက် စိတ်အေးရအောင် သစ္စာလေးပါးနဲ့ ရုပ်တရား နာမ်တရားကို သင်ယူပါ”

“ကျေးဇူးတင်လိုက်တာ အဘိုးရယ်။ ကျုပ်ကြိုးစားပြီး သင်ယူပါ့မယ်လို့ ကတိပေးပါတယ်”

“အခုလို ကတိပေးလို့ သာဓု သာဓုပါ…နောက်တစ်ခွန်းကို ခေါ်သင့်တဲ့အချိန်ကျ အဘိုးလာခေါ်ပါဦးမယ်။ ကဲ…အခုကစပြီး ပြင်တော့၊ လောလောဆယ် ကိုယ့်လူ ခွေးကို ထုလိုက်တဲ့ အုတ်ခဲကျိုးကို လမ်းဘေးသွားထားလိုက်ပါဦး။ ဒါအများသွားတဲ့ လမ်းမဟုတ်လား”

“ဟုတ်ကဲ့ပါ အဘိုး”

ကျုပ်လဲ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ အုတ်ခဲကျိုးကို ကောက်ပြီး လမ်းဘေးကို ပစ်လိုက်တယ်။ ပြီးတော့ နောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ

“ဟင်…အဘိုး…အဘိုး ဘယ်ရောက်သွားလဲ မသိဘူး”

ညနေစောင်းရဲ့ လေပြေညှင်းက ရုတ်တရက် ကျောရိုးထဲအထိ စိမ့်အောင် တိုက်ခတ်သွားခဲ့တယ်။ မြောက်ဥက္ကလာပရဲ့ ချောင်ကျကျ လမ်းကြားတစ်ခုမှာ ကိုသုတတစ်ယောက် ဆက်ပြီး ရပ်နေမိခဲ့တယ်။ ခေါင်းထဲမှာလဲ အတွေးတွေ အပြည့်နဲ့ပေါ့။

တီချယ်အာကာ