မေမေ့ ကလေး တစ်နှစ်နဲ့ ခုနှစ်လ ရောက်ပြီဆိုရင်

တစ်နှစ်ကျော်ပြီဆိုရင်တော့ လမ်းကောင်းကောင်း လျှောက်တတ်နေပါပြီနော်။ တစ်နှစ်နဲ့ ခုနှစ်လ အရွယ်လောက်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုပြီးဂရုစိုက်ရတော့မှာပါ။

မေမေတို့ရေ သားသားမီးမီးလေး တစ်နှစ်ကျော်ပြီဆိုရင်တော့ လမ်းကောင်းကောင်း လျှောက်တတ်နေပါပြီနော်။ တစ်နှစ်နဲ့ ခုနှစ်လ အရွယ်လောက် ရောက်ပြီဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုပြီးဂရုစိုက်ရတော့မှာပါ။ ဘာလို့လဲဆိုတော့ ပတ်ဝန်းကျင်နဲ့ ထိတွေ့ရမယ့် အရာတွေက ပိုပြီး များလာတာကြောင့်ပါ။  မေမေတို့ ကလေး ဖွံ့ဖြိုးတိုးတက်မှု မရပ်တန့်သွားဖို့ လုပ်ဆောင်ပေးရမှာတွေ ရှိပါတယ်။

သားသားမီးမီးလေး တစ်နှစ်နဲ့ ခုနှစ်လ အရွယ်မှာတော့ ခြေထောက်နဲ့ လက်မောင်းကြွက်သားတွေ သန်မာလာပြီးတော့ လှုပ်ရှားနိုင်တဲ့ စွမ်းရည်တွေ ပိုပြီး မြင့်တက်လာမှာပါ။ အရင်ဆုံးတော့ လှေကား အတက်အဆင်းတွေ ပိုပြီး ပြုလုပ်လာမှာပါ။  ဒီလှုပ်ရှားနိုင်တဲ့စွမ်းအားကို  ဘယ်လိုအသုံးပြုလဲဆိုတာကတော့ ကလေးရဲ့ ပင်ကိုယ်အရည်အချင်းပေါ်မှာ မူတည်ပါတယ်။ ဒီအချိန်မှာ တတောက်တောက်နဲ့ လျှောက်သွားတော့မှာ ဖြစ်တဲ့အတွက် မေမေတို့ အထူး ဂရုစိုက်ပါမယ်။ ရေနွေးပူလောင်ခြင်း၊ မီးပလပ်တွေ နှိုက်ခြင်းနဲ့ ပြုတ်ကျတာတွေ မဖြစ်အောင် ဂရုစိုက်ရပါမယ်။

 နောက်ထပ် တွေ့ရမယ့် အပြုအမူတစ်ခုကတော့

သိပ်ပြီးတော့ မအိပ်တော့တာပါ။ ဒီလိုဖြစ်တာက ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ် သိပ်ကို များလွန်းနေတာကြောင့်ပါ။ ဖေဖေ မေမေတို့ လှုပ်ရှားသမျှကိုလည်း သူလေးက လိုက်လုပ်ချင်နေပါသေးတယ်။ တစ်နှစ်နဲ့ ခုနှစ်လအရွယ်ဆိုတာဟာ အပေါ့အပါး သွားမယ့် ကိစ္စလေးတွေကို နည်းနည်းတော့ ပြောပြတတ်နေပါပြီ။ အိမ်သာတက်တတ်ဖို့ သင်ပေးလို့ ရပါတယ်။ ခြေထောက်ထောက်ထားလို့ရပြီး အိုးပါတဲ့ထိုင်ခုံလေးတွေနဲ့ သင်ပေးတာက အလွယ်ကူဆုံးနည်းလမ်းဖြစ်မှာပါ။ ဒါပေမယ့် အိုးလေးတွေက သူတို့ စိတ်ဝင်စားလောက်အောင် ဆွဲဆောင်နိုင်စွမ်းတော့ ရှိရပါမယ်။ ဒါမှ သူတို့ ကြိုးစားချင်ကြမှာပါ။

ဒီအရွယ်မှာ သူတို့ဆီမှာ စိတ်တိုင်းမကျတာတွေ ပိုပြီး ဖြစ်နိုင်ပါတယ်

သူတို့ စူးစမ်းချင်သမျှ မေမေတို့ ခွင့်မပြုလေ သူတို့ စိတ်တိုလေ ဖြစ်နေတော့မှာပါ။  ဖြစ်နိုင်မယ်ဆိုရင် စိတ်တိုင်းမကျတာ၊ စိတ်ညစ်နေတာတွေကို အသိအမှတ်ပြုပေးပါ။  တကယ်လို့ ငိုနေမယ်၊ အကြောက်အကန် ငြင်းနေမယ်ဆိုရင် ထွေးပွေ့ထားပေးတာနဲ့ အနည်းငယ်အာရုံလွှဲပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေမှာပါ။ မေမေတို့ အသား၊ ငါးနဲ့ အသီးအရွက်တွေအပြင် နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုပါ စုံလင်အောင် ကျွေးပါ။

 

From Kalay with