CPR (Cardio-pulmonary Resuscitation)

ကျမတို့ မိဘတိုင်း မသိမဖြစ် သိထားသင့်တာတစ်ခုကတော့ ကလေးအသက်ရှူလမ်းကြောင်းပိတ်ရင် ဘယ်လို အသက်ကယ်မလဲဆိုတာပါပဲ…. CPR (Cardio-pulmonary Resuscitation) လို့ အတိုကောက်ခေါ်ပါတယ်…

လူကြီးကို လုပ်တဲ့ CPR နဲ့ ကလေးကိုလုပ်ပေးရတဲ့ CPR နည်းနည်းကွဲပြားပါတယ်…. ပိုနားလည်အောင် ဓါတ်ပုံလေးနဲ့ တွဲပြီးစာဖတ်ပေးပါ…. ကိုယ်နေတဲ့ နေရာမှာ စနစ်တကျ သင်ပေးတဲ့သင်တန်းရှိရင် မဖြစ်မနေသွားတက်ပါ… အဲဒီလိုသင်တန်းမရှိဘူးဆိုရင်လဲ ဒီစာလေးကို နားလည်အောင် သေချာဖတ်ပါ… အရုပ်တစ်ခုခုရှိရင် အဲဒီအရုပ်နဲ့ လေ့ကျင့်ကြည့်ပါ…

(၁) ကလေးကို ခြေဖဝါးလေးတွေကို ကုတ်ကြည့်ပါ… လှုပ်ရှားမှုရှိသလားကြည့်ပါ…

(၂) အကူအညီ အမြန်ဆုံးတောင်းပါ… အနားမှာ လူရှိရင် အဲဒီလူကို ဆက်သွယ်ခိုင်းပါ.. ကိုယ်တိုင်က CPR လုပ်ပါ…

(၃) အသက်ရှူနေသေးသလား အသက်ရှူကြပ်နေတာလားစမ်းပါ…

(၄) ကိုယ်တစ်ယောက်ထဲရှိရင် – ရင်ဘတ်ကလေးကို အကြိမ်၃၀ လက်၂ချောင်းနဲ့ နှိပ်ပေးပါ… တစ်ကြိမ်နှိပ်ရင် တစ်လက်မနဲ့ တစ်လက်မခွဲ နိမ့်အောင် နှိပ်ပေးရပါမယ်… အကြိမ်၃၀ပြည့်ရင် ကလေးခေါင်းကိုမော့ထား၊ မေးစေ့လေးကိုအပေါ်မော့ထားစဉ် ကလေးရဲ့ ပါးစပ်နဲ့ နှာခေါင်းကို ကိုယ့်ပါးစပ်နဲ့ ငုံမိအောင်လုပ်ပြီး လေ၂ကြိမ် မှုတ်သွင်းပေးပါ… လေမှုတ်သွင်းနေတဲ့ အချိန်မှာ ကလေးရဲ့ရင်ဘတ်ကလေးကို ကြည့်နေပါ… ရင်ဘတ်ထဲလေဝင်ပြီး အပေါ်ကို မြင့်တက်လာရပါမယ်…. (၃၀း ၂)

(၅) လူနှစ်ယောက်ရှိရင် – ရင်ဘတ်ကလေးကို အကြိမ် ၁၅ကြိမ်နဲ့ လေ၂ကြိမ်စီမှုတ်သွင်းပေးရပါမယ်…. (၁၅း ၂)

(၆) (၃၀း ၂) ငါးခါလုပ်ပြီးချိန်မှာ ကိုယ်တစ်ယောက်ထဲပဲ ရှိနေသေးရင် ခဏရပ်ပြီး ဆေးရုံကို ဖုန်းဆက်ပါ.. အကူအညီလာနေချိန်မှာ CPR ဆက်လုပ်နေပါ….

ကလေးတစ်ခုခုနင်ရင် (Choking)

အစာ (သို့မဟုတ်) ကစားစရာနင်တတ်ပါတယ်… ကလေးနင်နေမှန်း ဘယ်လိုသိနိုင်မလဲ…

(၁) အသားလေးတွေပြာလာမယ်
(၂) အသက်ရှူရခက်မယ်.. အသက်ရှူလိုက်ရင် ရင်ဘတ်အတွင်းကို ချိုင့်ဝင်မယ်….
(၃) သတိလစ်သွားမယ်
(၄) မငိုနိုင်တော့ဘူး…. အသံမထွက်နိုင်တော့ဘူး
(၅) အားပျော့နုံးခွေသွားမယ်… ချောင်းဆိုးမယ်
(၆) အသက်ရှူသွင်းတဲ့အချိန်မှာ ရင်ကြပ်သလို ရွှီရွှီအသံမြည်တတ်တယ်…

ဘယ်လိုအသက်ကယ်နိုင်သလဲ….

(၁) ပါးစပ်ထဲရောက်နေတဲ့ပစ္စည်းကို ဘယ်နေရာမှာ ရှိမှန်းသေချာမမြင်ရရင် လက်ထည့်ပြီး ဆွဲထုတ်ဖို့ မကြိုးစားပါနဲ့…. လက်ထည့်ပြီး လျှောက်ထိုးကြည့်လိုက်မှ နင်နေတဲ့ပစ္စည်းက အဆုတ်ထဲပိုနက်နက်ရှိုင်းရှိုင်း ဝင်သွားတတ်ပါတယ်….

(၂) ကုလားထိုင်မှာ ထိုင်လိုက်ပါ… ကလေးကို ကိုယ့်ပေါင်ပေါ်မှာ ဇောက်ထိုးထားရပါမယ်… ကိုယ့်လက်ဖဝါးကို ကလေးမျက်နှာနဲ့ မေးစေ့ပေါ် အုပ်ကိုင်လိုက်ပါ… ကလေးကိုယ်ကို ကိုယ့်လက်ဖျံပေါ်မှာ မှောက်လျက်ခွထားပါ… ခေါင်းနဲ့ ဇက်ကို ထိန်းထားပါ… ခေါင်းကို အောက်စိုက်ထားပါ…

(၃) ကလေးကို ပြုတ်မကျအောင် မြဲမြဲကိုင်ထားပြီးမှ ကျောကုန်း (ဂုတ်အောက်ဘက်) ကို ၅ကြိမ် ခပ်ပြင်းပြင်းလေး ရိုက်ပေးပါ….

(၄) ငါးကြိမ်ရိုက်ပြီးရင် ကလေးကို ပြန်လှန်ပါ… လည်ပင်းလေးကို ထိန်းထားပါ… ရင်ဘတ်ကလေးကို လက်၂ချောင်း (သို့မဟုတ်) လက်၃ချောင်းနဲ့ CPR လုပ်သလို ၅ကြိမ်ဖိပေးပါ… တစ်ခါဖိရင် ကလေးအသက်ပေါ်မူတည်ပြီး ၁လက်မနဲ့ ၁လက်မခွဲဝင်အောင် ဖိပေးရပါမယ်… ဒီထက်ပိုမဖိရပါ…

(၅) ပါးစပ်ထဲလည်ချောင်းထဲမှာ တစ်နေတဲ့ ပစ္စည်းပြန်မထွက်မချင်း နံပါတ် ၂ ကနေ ၄ အထိအဆင့်များကို ထပ်ခါထပ်ခါလုပ်ပေးပါ….

(၆) အဲဒီလိုလုပ်နေလျက်နဲ့ ပစ္စည်းက မထွက်လာဘဲ ကလေးအသက်ရှူရပ်သွားရင် အပေါ်က CPR အဆင့်များအတိုင်း ဆက်လုပ်ပါ… အရေးပေါ် အကူအညီချက်ခြင်းတောင်းပါ….

***** (၇) မမြင်ရတဲ့ ပစ္စည်းကို ဆွဲထုတ်ဖို့ မကြိုးစားပါနဲ့… အထဲပိုဝင်သွားတတ်ပါတယ်…. ပစ္စည်းကို ဆွဲထုတ်မယ်ဆို ကိုယ့်မျက်စိနဲ့ မြင်နေရမယ်၊ ဆွဲထုတ်လို့ ပါလာနိုင်တယ်လို့ သေချာမှ ဆွဲထုတ်ပါ… *****

Reference:
My own CPR class experience
http://www.nlm.nih.gov/…/medlinepl…/ency/article/000048.htm)

Photo Courtesy of :
Internet