Ecological Theory

ရင်သွေးငယ်တို့ရဲ့ ပတ်ဝန်းကျင် ဂေဟစနစ်
————————————————–
ကျနော်တို့လို မိဘ၊ဆရာတွေ အတွက်ကတော့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းဟာ ခရီးရှည်ကြီး တစ်ခုလိုပါပဲဗျာ။ တစ်ခါတစ်ရံ ကြည်နူးပီတိ ဖြစ်ရသလို၊ တစ်ခါတစ်ရံ စိတ်မောလူမောဖြစ်ရတယ်။ အထူးသဖြင့် ကိုယ့်တပည့်သားသမီးကို ကောင်းကောင်းမွန်မွန် ဆိုဆုံးမထားရက်နဲ့ သူတို့လေးတွေရဲ့ အပြုအမူ၊ အပြောအဆို တချို့တလေ လွဲမှားတဲ့အခါတွေမှာ ခေါင်းခဲကြရတယ်။ ဒါကြောင့် ဘ၀တူ မိဘ၊ ဆရာသမားတွေအတွက် ကလေးတွေရဲ့ အပြုအမူ၊ အပြောအဆိုနဲ့ စိတ်ပိုင်းဆိုင်ရာကို ပုံဖော်ပေးတဲ့ ပတ်ဝန်းကျင်ရဲ့ ဂေဟစနစ် အကြောင်းကို ဝေမျှပေးလိုက်ပါတယ်။ အထောက်အကူဖြစ်မယ်လို့လဲ မျှော်လင့်ပါတယ်။

Ecological Theory
………………………….
ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာလောကကြီးထဲမှာ သက်ရှိ၊ သက်မဲ့တွေ အပြန်အလှန် မှီတင်းနေထိုင်ကြတာကို ecosystemဂေဟစနစ်လို့ ခေါ်ပါတယ်။ အဲဒီလို မှီတင်းနေထိုင်ခြင်းကို စနစ်တကျ လေ့လာတာကိုတော့ ecology ဂေဟဗေဒလို့ ခေါ်ပါတယ်။ အမေရိကန်လူမျိုး ကလေးဖွံ့ဖြိုးရေးပညာရှင် Urie Bronfenbrenner (ယူရီ ဘရွန်ဖန် ဘရန်နာ)က Ecological Theory ဆိုတဲ့ ဂေဟဗေဒ သီအိုရီကို ဖော်ထုတ်ခဲ့တယ်။ သူ့ရဲ့သီအိုရီအရ ကလေးတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာကို အကျိုးသက်ရောက်စေတဲ့ environmental systems ပတ်ဝန်းကျင်စနစ် ငါးမျိုးရှိပါသတဲ့။ အဲဒီစနစ်တွေ အကြောင်းကို ကိုယ့်တပည့်၊ သားသမီးတွေအတွက် လေ့လာကြည့်ကြပါစို့ဗျာ။

(1)Microsystem – တိုက်ရိုက်ပတ်ဝန်းကျင်စနစ်
…………………………………………………………..
ဒီစနစ်မှာ ကလေးနဲ့ အနီးစပ်ဆုံးရှိပြီး တိုက်ရိုက် ပတ်သက်ဆက်ဆံရတဲ့ လူတွေ၊ အဖွဲ့အစည်းတွေပါတယ်။ ဥပမာ – မိဘ၊ ဆွေမျိုးသားချင်း၊ ကျောင်းက ဆရာဆရာမ၊ သူငယ်ချင်း၊ အိမ်နီးချင်းနဲ့ ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်းက ဘာသာရေးအကြီးအကဲတွေ အထိပါဝင်ပါတယ်။ သူတို့ရဲ့ ကလေးတစ်ယောက်အပေါ် တိုက်ရိုက်ဆက်ဆံလိုက်တဲ့ အပြုအမူ၊ အပြောအဆိုတွေက ကလေးတစ်ယောက်ရဲ့ စိတ်ကို အကျိုးသက်ရောက်စေပါသတဲ့။

(2)Mesosystem –
တိုက်ရိုက်ပတ်ဝန်းကျင်မှ လူများ၏
အချင်းချင်း ဆက်ဆံမှုစနစ်
…………………………………………………………
ဒီစနစ်မှာတော့ ကလေးရဲ့ တိုက်ရိုက်ပတ်ဝန်းကျင်မှ လူများအချင်းချင်း ဆက်ဆံရေး၊ ပတ်သက်ဆက်နွယ်မှုတွေ ပါဝင်ပါတယ်။ ဥပမာ- ကလေးရဲ့ အဖေနဲ့အမေတို့ရဲ့ အချင်းချင်းဆက်ဆံရေး၊ ညီအစ်ကိုမောင်နှမချင်းဆက်ဆံရေး၊ မိဘနဲ့ဆရာ ဆက်ဆံရေး၊ ဆရာနဲ့အတန်းဖော်တွေရဲ့ ဆက်ဆံရေးတွေပဲ ဖြစ်ပါတယ်။
ကလေးအပေါ် ဘယ်လောက်ကောင်းအောင် ဆက်ဆံနေပါစေ မိဘအချင်းချင်း ရန်ဖြစ်တာတွေ၊ မိဘက အိမ်ဖော်တွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာတွေဟာ ကလေးကို စိတ်ဒဏ်ရာ ရစေပါတယ်။ ဒါ့အပြင် ဆရာဆရာမတွေက အခြားကလေးတွေအပေါ် ဘက်လိုက်ဆက်ဆံကြတာတွေ၊ အတန်းဖော်တစ်ယောက်က တခြားတစ်ယောက်အပေါ် ဗိုလ်ကျ အနိုင်ကျင့်တာတွေဟာလဲ ကလေးကို အတုမြင် အတတ်သင် ဖြစ်စေနိုင်ပါတယ်။

(3)Exosystem – သွယ်ဝိုက်ပတ်ဝန်းကျင်စနစ်
………………………………………………………..
ဒီစနစ်မှာတော့ ကလေးနဲ့ တိုက်ရိုက်မထိတွေ့ပေမယ့် ကလေးရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာကို သွယ်ဝိုက်သောနည်းနဲ့ သက်ရောက်စေတဲ့ မိဘရဲ့ အလုပ်အကိုင်၊ ဆရာဆရာမတို့ရဲ့ လုပ်ငန်းခွင် အနေအထားတွေ ပါဝင်ပါတယ်။ ဥပမာ – အလုပ်ကိစ္စကြောင့် ခရီးခဏခဏထွက်ရတဲ့ မိဘရဲ့ သားသမီးတွေနဲ့ တနေကုန် အလုပ်သွားရလို့ မိသားစုကို အချိန်မပေးနိုင်တဲ့ မိဘရဲ့ သားသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိပါသတဲ့။ သားသမီးကို ရုပ်ဝတ္ထု ပစ္စည်းအပြည့်အစုံ ပေးထားပေမယ့် တနေကုန် ကလေးထိန်းတွေနဲ့ လွှတ်ထားတဲ့ မိဘတွေအတွက် သတိပြုစရာပါ။
ဆရာဆရာမတို့ရဲ့ လုပ်ငန်းခွင်အနေအထား၊ အထက်နဲ့အောက် ဆက်ဆံရေးတွေဟာလဲ သင်ကြားမှုအပေါ် အကျိုးသက်ရောက်စေပြီး တပည့်တွေကို ဆက်ဆံရာမှာလဲ အပြောင်းအလဲဖြစ်စေပါတယ်။

(4)Macrosystem –
ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာစနစ်
……………………………………………………..
ကလေး လက်ရှိရှင်သန်နေထိုင်တဲ့ နိုင်ငံရဲ့ အစိုးရစနစ်၊ စီးပွားရေး အနေအထား၊ ဖွံ့ဖြိုးတိုးတက်မှု၊ မိမိလူမျိုးရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်နေထိုင်ရာဒေသရဲ့ ဓလေ့ထုံးစံတွေဟာလဲ ကလေးရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းကို ပုံဖော်ထုဆစ်ပေးကြပါတယ်။ ကလေးတစ်ယောက်ဟာ ကိုယ့်လူမျိုးစုဆီကနေ တူညီတဲ့အချက်တွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ယုံကြည်မှု တန်ဖိုးထားမှုတွေ၊ စံသတ်မှတ်ချက်တွေ၊ အလေ့စရိုက်တွေကို လက်ဆင့်ကမ်း အမွေရကြပါတယ်။

(5)Chronosystem –
အဖြစ်အပျက်၊ အချိန်ကာလ၊ အကူးအပြောင်းစနစ်
……………………………………………………………
ဒီစနစ်မှာတော့ ကလေးတစ်ယောက်ရဲ့ ဘ၀ကို ပုံဖော်ထုဆစ်ပေးတဲ့ အဖြစ်အပျက် ကြီးကြီးမားမားတွေ၊ အချိန်ကာလ အပိုင်းအခြားတွေ၊ ဘ၀ရဲ့ အချိုးအကွေ့ အလှည့်အပြောင်းတွေ ပါဝင်ပါတယ်။

အဖြစ်အပျက် – ပြည်တွင်းစစ်ဖြစ်ပွားရာ နေရာတွေမှာ မွေးတဲ့ ကလေးတစ်ယောက်အဖို့ စစ်ရဲ့ အနိဋ္ဌာရုံတွေကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့ရတာတွေ၊ စိတ်ဒဏ်ရာ ကြီးကြီးမားမား ရတာတွေဟာ ပတ်ဝန်းကျင် အဖြစ်အပျက်ရဲ့ အကျိုးသက်ရောက်မှုကြောင့်ပါ။

အချိန်ကာလ – လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်မှာဆို ကလေးတွေဟာ အိုးပုတ် ချိုးရုပ်တွေနဲ့သာ ကလေးဘ၀ ဖြတ်သန်းလာခဲ့ကြရပါတယ်။ အခုတော့ ကလေးတွေရဲ့ ကစားစရာဟာ အီလက်ထရောနစ် အသုံးအဆောင်တွေ ဖြစ်နေပါပြီ။ အရင်တစ်ချိန်က တစ်တိုင်းပြည်လုံး ဘုန်းတော်ကြီးကျောင်း ပညာရေးကို အားကိုးခဲ့ကြရာက အခု international ကျောင်းတွေကို သူ့ထက်ငါ အလုအယက် တက်နေကြတာဟာလဲ အချိန်ကာလရဲ့ သက်ရောက်မှုပါ။

အကူးအပြောင်း – မိဘတွေ အိမ်ထောင်ရေး ပြိုကွဲကြတဲ့အချိန်ဟာ ကလေးရဲ့ ဘ၀အတွက် အကြီးအမားဆုံး အကူးအပြောင်းပဲ ဖြစ်ပါတယ်။ အဲဒီအကူးအပြောင်းရဲ့ သက်ရောက်မှုဟာ ပထမတစ်နှစ်အတွင်းမှာ အဆိုးဆုံးဖြစ်ပါတယ်။

ပတ်ဝန်းကျင်ဟာ တတိယဆရာ
…………………………………….
ကျနော်တို့ရဲ့ ဘ၀မှာ အမိနဲ့ အဖက လက်ဦးဆရာဆိုရင် အတတ်ပညာမျိုးစုံကို သင်ပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟာ ဒုတိယ ဆရာပါ။ ပြီးရင်တော့ ကျနော်တို့ရဲ့ ဘ၀ကို သက်ရောက်မှုမျိုးစုံပေးတဲ့ ပတ်ဝန်းကျင်ဟာ တတိယဆရာပါပဲ။
“ရေမြင့်မှ ကြာတင့်”၊ “တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး” ဆိုတဲ့စကားပုံတွေ၊ “ကျေးညီနောင်”လို ပုံပြင်တွေဟာ ပတ်ဝန်းကျင်ရဲ့ အရေးကြီးပုံကို အခိုင်အမာ သက်သေပြသွားကြတယ်။
ကျနော်တို့ဟာ ကလေးတွေအတွက် ကောင်းမွန်တဲ့ တိုက်ရိုက်ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့လိုသလို သွယ်ဝိုက်ပတ်ဝန်းကျင်အတွက်လဲ အလေးထားစဉ်းစားပေးရပါမယ်။ ကလေးတွေရှေ့မှာလဲ အချင်းချင်း ပြောဆိုဆက်ဆံတဲ့အခါမှာ စံပြအနေနဲ့ ကောင်းမွန်စွာ ဆက်ဆံကြဖို့လဲ လိုပါတယ်။ ဒါ့အပြင် သားသမီးရှေ့ရေးအတွက် ရေကြည်ရာမြက်နုရာဆိုသလို ကောင်းမွန်တဲ့ စနစ်တွေရှိတဲ့ နေရာဒေသ၊ ရေခြားမြေခြားကို ပြောင်းရွှေ့ကြတာလဲ ပတ်ဝန်းကျင်ကို အလေးထားတဲ့ သာဓကတွေပါ။
အခုဆိုရင်တော့ ကျနော်တို့ မိဘဆရာတွေ အနေနဲ့ ကလေးတွေရဲ့ အပြုအမူ၊ အပြောအဆိုတွေ လွဲမှားတဲ့အခါ ပြဿ နာရဲ့ အရင်းအမြစ်ကို ဆန်းစစ်နိုင်ဖို့ ပတ်ဝန်းကျင်စနစ်ငါးမျိုးကို လေ့လာပြီးကြပါပြီ။ ကလေးတွေအတွက် ကောင်းမွန်တဲ့ ဂေဟစနစ်ကို ဖန်တီးနိုင်ကြပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။

တီချယ်အာကာ