Heavy Metal Poisoning

ဆေးတွေအကြောင်းမပြောခင် အာဆန်းနစ်အဆိပ်နဲ့ ခဲဆိပ်သင့်တဲ့အကြောင်း အရင်ပြောပြမယ်။ Arsenic, lead နဲ့ copper (ဒုတ္ထာ) တွေဟာ မြန်မာလိမ်းဆေးတွေ အတော်များများမှာ ပါတယ်။ သောက်ဆေးထဲတော့ မထည့်ဘူးလို့ ထင်ရတယ်။ ဘာလို့လဲဆိုတော့ ဒါတွေဟာ သောက်ရင်အဆိပ်ဖြစ်စေတယ်ဆိုတာ ထင်ရှားနေလို့။ တခုခက်နေတာက ဒီသတ္တုဓါတ်တွေဟာ ကိုယ်ပေါ်မှာ လိမ်းရင်လည်း အရေပြားကတဆင့် စုပ်ယူပြီး သွေးထဲရောက်တယ်ဆိုတာ အတော်များများ မသိကြတာပဲ။ သောက်တာလောက် မပြင်းထန်ပေမယ့် နာတာရှည် အဆိပ်သင့်တဲ့ ဆိုးကျိုးတွေ ခံစားရတယ်။

ခဲဆိပ်ဟာ ပုံမှန်ဘယ်လိုနေရာတွေမှာ ပါတတ်သလဲဆိုတော့ မသန့်ရှင်းတဲ့ သောက်ရေ (သံပိုက်လုံးအဟောင်းတွေကတဆင့်ပါတာ)၊ ရှေးတုန်းက ထုတ်တဲ့ အိမ်သုတ်ဆေးတွေ (၁၉၇၀ ပတ်ဝန်းကျင်က ထုတ်တဲ့ဆေးတွေ)၊ ဘက်ထရီအိုးလုပ်တဲ့ နေရာတွေ (ဘက်ထရီအိုးလုပ်တဲ့ လုပ်ငန်းနားမှာနေတဲ့ ကလေးတွေအများစု ခဲဆိပ်သင့်ကြတယ်။ ခဲပါတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် သောက်သုံးရေထဲမှာ ခဲတွေပျော်ဝင်နေတာ)၊ အချို့ကစားစရာတွေမှာ ပါတတ်တယ်။ ခဲနည်းနည်းလေးပေမယ့် လူတွေကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတတ်တယ်။ အထူးသဖြင့် ၆နှစ်အောက်ကလေးတွေမှာ ပိုဆိုးတယ်။ ခဲအများကြီး ကိုယ်ထဲရောက်တဲ့အခါ အသက်ဆုံးတဲ့အထိ အန္တရယ် ရှိတယ်။

အမေရိကားမှာ နိုင်ငံရေးစစ်ရေးခိုလှုံဖို့ ရောက်လာတဲ့ မြန်မာမိသားစုတွေရဲ့ ကလေးတွေကို ဆေးစစ်တဲ့အခါ ကလေးတိုင်းနီးပါးမှာ ခဲဆိပ်သင့်နေတာ တွေ့ရတယ်။ အဓိကအကြောင်းရင်းကို ရှာလိုက်တဲ့အခါ ကလေးသူငယ်နာလေဆေး ၊ လိမ်းဆေးတွေကတဆင့် ကလေးတွေခဲဆိပ်သင့်နေတာ သွားတွေ့တယ်။ ပြည်နယ် ၆ခုမှာကောက်ခဲ့တဲ့ စစ်တမ်းအရ USA က ကလေးတွေကိုယ်ထဲမှာတွေ့ရတတ်တဲ့ ခဲဆိပ်အရေအတွက်ထက် ၈ဆလောက်ပိုများနေတာ တွေ့ရတယ်။ အခြားအချက်အလက်တွေလည်း ပါတာပေါ့။ ဥပမာ – US မှာနေရပေမယ့် အိမ်အဟောင်းတွေမှာ နေရတဲ့အခါ အိမ်ဟောင်းတွေမှာ သုတ်ထားတဲ့ ၁၉၇၀ကျော်က ဆေးတွေကနေ ပါးစပ်ထဲရောက်တာ၊ အာဟာရပြည့်ပြည့်ဝဝမစားတာ၊ စားရမှန်းနားမလည်တာ စသည်ဖြင့်ပေါ့။

ကလေးတွေမှာ ခဲဆိပ်သင့်ရင် ဘာတွေခံစားရသလဲ။
(၁) ဗိုက်နာမယ်
(၂) ကြီးထွားမှုနှုန်း နှောင့်နှေးမယ်
(၃) ဂဏှာမငြိမ်ဖြစ်မယ်
(၄) ဂျီကျမယ်
(၅) အစားမစားချင်ဖြစ်မယ်
(၆) ပေါင်ချိန်မတက်ဘူး
(၇) အိပ်ချင်နေမယ်၊ နုံးမယ်
(၈) အန်မယ်၊ ဝမ်းချုပ်မယ်
(၉) တက်မယ်
(၁၀) မစားသင့်တဲ့ ပေါက်ကရပစ္စည်းတွေ လျှောက်စားမယ် (ဥပမာ – မြေကြီး၊ အိမ်နံရံက ကွာနေတဲ့ ဆေးဖတ်တွေ)
(၁၁) ဥာဏ်ရည်ဖွံ့ဖြိုးတာ နှေးမယ်။ IQ နိမ့်မယ်၊ အာရုံကောင်းကောင်း မစိုက်နိုင်ဘူး
(၁၂) သွေးအားနည်းမယ်
(၁၃) အကြားအာရုံအားနည်းတာဖြစ်နိုင်တယ်
(၁၄) ခဲပါဝင်မှု အရမ်းများလာရင် ကိုမာဖြစ်ပြီး အသက်ဆုံးတဲ့အထိ ဖြစ်နိုင်တယ်

ခဲဆိပ်သင့်တာကို သွေးထဲမှာ ခဲပမာဏ ဘယ်လောက်ရှိနေသလဲ စစ်ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ ပါဝင်မှုအနည်းအများပေါ်မူတည်ပြီး ဆေးကုရမယ်။

နာတာရှည် အာဆန်းနစ်အဆိပ်သင့်တဲ့အခါ
(၁) အသည်းနဲ့ ကျောက်ကပ်ပျက်စီးမယ်
(၂) အရေပြားမှာ အမည်းစက်တွေထွက်လာမယ်၊ အရေပြား အရောင်မွဲညစ်လာမယ်
(၃) လက်သည်းခွံလေးတွေမှာ အဖြူလိုင်းလေးတွေ ပေါ်လာမယ်
(၄) အရေပြား၊ ခြေလက်တွေ ထုံကျင်မယ်။ နာလာမယ်
(၅) သွေးနီဥတွေ ပျက်စီးပြီး သွေးအားနည်းရောဂါရမယ်။ ဆီးထဲမှာ သွေးပါတတ်တယ်။

ဒုတ္ထာအဆိပ်သင့်တဲ့အခါ
(၁) ဗိုက်နာမယ်
(၂) အန်မယ်၊ ဝမ်းလျောမယ် (သွေးဝမ်းသွားတာ ဝမ်းအပြာရောင်ဆန်ဆန်သွားတာ ဖြစ်တတ်တယ်)
(၃) အသားဝါမယ်
(၄) အသားတွေ နာကျင်မယ်၊ ခြေလက်တွေ အားနည်းမယ်
(၅) တက်မယ်
(၆) အသည်းနဲ့ ကျောက်ကပ်ပျက်စီးမယ်

မြန်မာဆေးတွေနဲ့ အစိုးရရဲ့ အကျပ်အတည်းက ကျမစဉ်းစားမိသလောက်တော့ အရင်အစိုးရတွေ လက်ထက်ကတည်းကိုက မြန်မာဆေးတွေကို အားပေးရမယ် ပံ့ပိုးရမယ်ဆိုတဲ့ ပေါ်လစီရှိတယ်။ အခုနေသာ စစ်လိုက်ရင် အကုန်လုံးပါမှာသေချာတယ်။ ဒီကိစ္စက ကိုယ်တွယ်ရခက်တယ်၊ ထိရှလွယ်တဲ့ကိစ္စဖြစ်နေမှန်း နားလည်တယ်။ ဒါပေမယ့် ဒီလို အသက်အန္တရယ်ရှိတဲ့ ပစ္စည်းတွေ မထည့်ရဘူးဆိုတဲ့ စည်းမျဥ်းဥပဒေ စနစ်တကျရေးပြီး အဲဒီအတိုင်းမလိုက်နာရင် ပြင်းပြင်းထန်ထန်အရေးယူတာမျိုး လုပ်သင့်ပြီလို့ ထင်တယ်။ စားသုံးသူတွေ အန္တရယ်ရှိယုံတင်မကဘဲ နိုင်ငံရဲ့ မျိုးဆက်သစ်ကလေးတွေ ဥာဏ်ရည်ကျမယ့် ထုံထိုင်းလာမယ့် အန္တရယ်ပါရှိနေတဲ့အတွက် ကိုယ့်နိုင်ငံ တိုးတက်ချင်တယ်ဆို ဒီတိုင်းရင်းဆေးကိစ္စဟာ မဖြစ်မနေကိုင်တွယ်ရမယ့် ကိစ္စလို့မြင်တယ်။ ကိုယ့်တိုင်းပြည်က လူတွေကို ဖြည်းဖြည်းချင်း ဒုက္ခပေးနေတဲ့ အသံတိတ်လူသတ်သမားနဲ့ တူတယ်။ အခုတော့ ကိုယ့်အစိုးရက မစစ်တဲ့အခါ နိုင်ငံတကာ အစိုးရတွေက လိုက်စစ်နေရတယ်။

အောက်က website လေးတွေလည်း သွားဖတ်ကြည့်ကြဖို့ ကောင်းတယ်နော်။

Ref: https://www.health.ny.gov/environmental/lead/health_care_providers/working_with_refugees_from_burma.htm
http://www.rch.org.au/immigranthealth/clinical/Arsenic_contamination_of_traditional_Burmese_medicines_/
http://www.mayoclinic.org/diseases-conditions/lead-poisoning/symptoms-causes/dxc-20275054
http://emedicine.medscape.com/article/812953-overview
https://medlineplus.gov/ency/article/002496.htm

http://www.themeltingpot4u.com/2015/09/blog-post_60.html

Photo Courtesy: http://getmoorecare.com/conditions-g-m/heavy-metals