I am not going to school today!

ဟင့်အင်း…. ကျောင်းမသွားချင်ဘူး
________________________
မိဘတွေအဖို့ကတော့ သားသမီး ရလာပြီဆိုကတည်းက ကိုယ့်အတွက်က နံပါတ်နှစ်ဖြစ်သွားပြီ။ကိုယ့်အတွက်သာ မသုံးရချင်နေမယ်…သားသမီးရှေ့ရေးအတွက်ဆို ဘယ်လောက်ကုန်ကုန် ရင်းနှီးဖို့ ၀န်မလေး။ အထူးသဖြင့် သားသမီး ပညာရေးအတွက်များဆိုရင် ကိုယ်သာချွေတာလိုက်မယ်၊ ဘယ်ကျောင်းအသင့်တော်ဆုံးလဲ…ထားပြီးသား။
အကောင်းဆုံးဆိုတဲ့ ကျောင်းတွေကို ထားတိုင်း၊ များပေ့ဆိုတဲ့ ကျောင်းလခတွေ ပေးနေရတိုင်းလဲ သားသမီး ပညာရေးအတွက် စိတ်အေးရပြီ မဆိုနိုင်သေးပါဘူး။ အကောင်းဆုံးကျောင်းမှာပဲဖြစ်ဖြစ်၊ အလယ်အလတ် ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ စရိတ်စကသက်သာတဲ့ ကျောင်းတွေမှာပဲဖြစ်ဖြစ် မိဘတွေမှာ စိတ်မောစရာ၊ ပူပန်စရာ အနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။
အဲဒီစိတ်မောစရာတွေထဲက မိဘအများစု ကြုံတွေ့ရမယ့် ပြဿနာကတော့ ကလေးတွေ ကျောင်းမသွားချင်ကြခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဒီပြဿနာကို School refusal – ကျောင်းသွားရန် ငြင်းဆန်ခြင်းလို့ ခေါ်ဆိုကြပါတယ်။ တချို့ကလဲ School phobia – ကျောင်းကြောက်တဲ့စိတ်လို့လဲ ခေါ်ကြပါတယ်။ School refusalဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုမဟုတ်ပေမယ့် ဖြေရှင်းဖို့ လိုအပ်တဲ့ အပြုအမူ လွဲမှားမှုတစ်ခုပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မေမေတစ်ယောက်က အကြံဉာဏ်တောင်းလာတဲ့အတွက် စုစည်းတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ဘာကြောင့် ကျောင်းမသွားချင်ကြသလဲ?
……………………………………………….
ကလေးအများစု ကျောင်းမသွားချင်ကြတဲ့ အကြောင်းအရင်းတချို့ ရှိပါတယ်။ ဒီအချက်တွေကို သိရင်တော့ ဖြေရှင်းရတာ ပိုပြီးလွယ်ကူလာမှာပါ။

# ကလေးအများစု ကျောင်းမသွားချင်ကြတဲ့ အကြောင်းအရင်းတွေထဲမှာ စာမလိုက်နိုင်တာနဲ့ စာထဲစိတ်မ၀င်စားတာက အဓိကအချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။

# မိဘတွေအနေနဲ့ သားသမီးအပေါ် မျှော်လင့်ချက် အကြီးကြီး အထားလွန်ပြီး သားသမီးအပေါ် ဖိအားပေးသလို ဖြစ်သွားတတ်တာဟာလဲ နောက်ထပ် အဓိက အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

# တချို့ကလေးတွေက အိမ်မှာပဲ မိဘဆွေမျိုးတွေနဲ့ နေချင်ကြတယ်။ မရင်းနှီးတဲ့ပတ်ဝန်းကျင်၊ သူစိမ်းတွေနဲ့ မနေလိုတဲ့သဘောကြောင့် ကျောင်းသွားရမှာ ၀န်လေးကြတယ်။

# တချို့ကလေးတွေကျတော့ သူတို့ကြောက်တဲ့ အရာတစ်ခုခုရှိလို့ ကျောင်းမသွားချင်ကြဘူး။ ဥပမာ – သဘောမကောင်းတဲ့ ဆရာမ၊ အနိုင်ကျင့်ချင်တဲ့ သူငယ်ချင်း၊ အတန်းဖော်တွေကြောင့် ကျောင်းသွားရမှာ ကြောက်နေတာမျိုး။

# သူတို့မလုပ်ချင်တဲ့ အရာတွေ၊ activities တွေကို အတင်းအကြပ် လုပ်ခိုင်းရင်လဲ ကျောင်းကို မုန်းသွားနိုင်ပါတယ်။

# နောက်တစ်မျိုးကတော့ attention-seeker လေးတွေပေါ့။ ကျောင်းမတက်ချင်ဘူးလို့ ဂျီကျတဲ့အခါမှာ ဘိုးဘွားမိဘ၊ ဆွေမျိုးသားချင်း အားလုံးက ၀ိုင်းပြီးအာရုံစိုက်၊ ချော့မော့ပြီး ကျောင်းပို့မယ်။ တချို့လူလည်လေးတွေက အဲဒီလို အာရုံစိုက်၊ ချော့မော့တာကို လိုချင်လို့ ကျောင်းမတက်ချင်ကြောင်း ကြံဖန်ဂျီကျတတ်တာမျိုး။

ကလေး ကျောင်းမသွားချင်ရတဲ့ အကြောင်းပြချက်ကို သိမှသာ ပိုထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဖြေရှင်းဖို့ နည်းလမ်းတချို့ကိုလဲ ဝေမျှချင်ပါတယ်။

၁။ မိဘနဲ့ ဆရာ လက်တွဲကာ
…………………………………
ကလေးတွေ ကျောင်းမသွားချင်ရတဲ့ အကြောင်းအရင်းကိုသိရင် အရင်ဆုံး ကျောင်းရဲ့တာဝန်ရှိသူတွေဖြစ်တဲ့ ကျောင်းအုပ်တွေ၊ အတန်းပိုင်ဆရာ၊ဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ သူတို့ဟာ ကလေးစိတ်ပညာ – child psychologyကို ကျွမ်းကျင်သူတွေဖြစ်သလို၊ စာသင်ခန်းအတွင်းမှာ ဖြစ်သမျှ ကိစ္စတိုင်းကို ဖြေရှင်းနိုင်မယ့် classroom management ကိုလဲ လေ့လာသင်ယူထားကြလို့ မိဘတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးပါလိမ့်မယ်။
အခုနောက်ပိုင်း ကျောင်းတွေမှာ ကျောင်းစအပ်ပြီဆိုကတည်းက ကလေးနဲ့ပတ်သက်သမျှ အချက်အလက်တွေယူထားပြီး ကလေးကိုယ်ရေးရာဇ၀င်မှတ်တမ်း Student Profileတွေထားရှိပါတယ်။ ကလေးရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်၊ အားနည်းချက်၊ အားသာချက်၊ ၀ါသနာတွေကို အသေးစိတ်မှတ်တမ်းတင်ထားတဲ့အတွက် ကလေးနဲ့ ပတ်သက်တဲ့ ကိစ္စအ၀၀ကို ကိုင်တွယ်ရာမှာ အရမ်းအသုံးဝင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကျောင်းအပ်တဲ့အခါမှာ ဒီအချက်တွေကို တိတိကျကျပေးဖို့လိုပါတယ်။
ကိုယ့်ကလေးနဲ့ ပတ်သက်တဲ့ ထူးခြားဖြစ်စဉ်တွေကိုလဲ အတန်းပိုင်တွေဆီ အသိပေးရပါမယ်။ ကျောင်းတိုင်းမှာတော့ မိဘဆရာ သတင်းအချက်အလက် ဖလှယ်ဖို့ Information book / Communication book / Message bookလို စာအုပ်တွေ၊ မှတ်တမ်းတွေ ထားရှိကြပါတယ်။ ကလေးကျောင်းမတက်ချင်တဲ့ ကိစ္စကို မိဘ၊ ဆရာ ပူးပေါင်းအဖြေရှာပြီး အတူဖြေရှင်းမှ အောင်မြင်ပါလိမ့်မယ်။
[ Build close communication and cooperation between parents and school.]

၂။ ပညာရေးကို ဖိအားမပေးပါနဲ့
…………………………………….
Knowledge Age ဆိုတဲ့ ပညာခေတ်ကြီးမှာ ကလေးဖြစ်ရတာ လွယ်တော့မလွယ်လှဘူး။ တစ်နေကုန် ကျောင်း၊ သင်တန်း၊ ကျူရှင်၊ ဂိုက်တွေနဲ့ လုံးချာလည်နေကြရရှာတယ်။ ခက်တာက ကျောင်းတွေ၊ သင်တန်းတွေဟာ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို ကိုယ့်သင်ရိုး၊ ကိုယ့်ဦးတည်ချက်နဲ့ သင်နေကြသမို့ အချိတ်အဆက်မမိ။ ကြာလာတော့ ကလေးတွေအတွက် ကျောင်းတွေ၊ သင်တန်းတွေဆိုတာ စိတ်ပင်ပန်းအောင် လုပ်တဲ့နေရာတွေအဖြစ် မြင်လာရော။
တခါတလေကျတော့ မိဘတွေကိုယ်၌ကလည်း ခက်တယ်ဗျ။ ခြောက်နှစ်တောင် မပြည့်သေးတဲ့ ကလေးဆီကနေ အများကြီး မျှော်လင့်နေကြတယ်။ မိဘအချင်းချင်းများ ဆုံပြီဆိုရင် သူ့ကလေး၊ ငါ့ကလေး ပညာရေးချင်းပြိုင်ရတာ အမော။
အခုနောက်ပိုင်း ဂျပန်တို့ ကိုရီးယားတို့က နည်းစနစ်တွေ မြန်မာပြည်မှာ ခေတ်စားလာကြတယ်။ သုံးနှစ်အောက်ကလေးတွေကိုတောင် ဝေါဟာရပေါင်းစုံနဲ့ ပေါင်းနှုတ်မြှောက်စားတွေ သင်လာကြပြီ။ မိဘတွေကတော့ သားသမီး ဉာဏ်အရမ်းကောင်းလာပြီဆိုပြီး တပြုံးပြုံးနဲ့ပေါ့။ ခက်တာက မိဘတွေရဲ့ ပညာလောဘ၊ ဂုဏ်တုဂုဏ်ပြိုင် ဇာတ်လမ်းနောက်မှာ သူ့အိုးနဲ့ သူ့ဆန်မတန်တော့။
မိဘတွေ မသိလိုက်တာက အဲဒီတိုးတက်တဲ့နိုင်ငံက ကလေးတွေဟာ ငယ်တုန်းမှာ ဉာဏ်ပိုကောင်းကြ ပေမယ့် နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း suicide rate မြင့်မားနေတဲ့အချက်ပဲ။ ကလေးကို ကလေးလို့ မြင်ပြီး လူကြီးတစ်ယောက်လို ဖိအားမပေးကြပါနဲ့။
[ Don’t put too much academic pressure on your children.]

၃။ ချီးကျူး၊ အားပေးခြင်းဖြင့်
…………………………………
မိဘတွေဟာ ကလေးတွေအတွက်တော့ စံပြပုဂ္ဂိုလ် role modelတွေပါ။ မိဘတွေရဲ့ ကျောင်းသားဘ၀ အတွေ့အကြုံ၊ ကျောင်းအပေါ် သဘောထားတွေဟာ သား၊သမီးရဲ့ ကျောင်းတက်လိုစိတ်ကို အများကြီး လွှမ်းမိုးမှုရှိပါတယ်။ မိမိတို့ ငယ်စဉ် ကျောင်းသားဘ၀ ပျော်စရာကောင်းပုံ၊ သူငယ်ချင်းများနဲ့ ကစားရတာ စိတ်လှုပ်ရှားစရာ ကောင်းပုံတွေကို စီကာပတ်ကုံး ပြောပြရင်းနဲ့ ကလေးရဲ့ ကျောင်းအပေါ် စိတ်ဝင်စားမှုကို မြင့်တက်လာစေပါတယ်။
ကလေးက စိတ်လိုလက်ရ ကျောင်းတက်တဲ့နေ့မျိုးဆို ချီးကျူးစကား ပြောပေးဖို့လဲ အရမ်းလိုပါတယ်။ ချီးကျူးစကားဆိုတာ ကလေး၊ လူကြီးမရွေး လူသားတိုင်းကြိုက်တာမို့ ကျောင်းတက်ချင်အောင် တွန်းအားပေးမယ့် အားဆေးတစ်ခွက် ဖြစ်စေပါလိမ့်မယ်။
[ Share your experience with the children, encourage and praise them.]

၎။ကလေးအတွက် လူမှုပတ်ဝန်းကျင် တည်ဆောက်ပါ
…………………………………………………………….
တကယ်တော့ ကျောင်းဆိုတာ စာတစ်ခုပဲ သင်ပေးတဲ့နေရာ မဟုတ်ပါဘူး။ နောင်တစ်ချိန် အရွယ်ရောက်လာတဲ့အခါ ကြုံတွေရမယ့် လူ့အဖွဲ့အစည်းမှာ အဆင်ပြေပြေ ရပ်တည်နိုင်ဖို့ ကြိုပြင်ဆင်ပေးတဲ့ လူ့အဖွဲ့အစည်း အသေးလေးတစ်ခုဖြစ်တယ်။
ဒီနေရာမှာ အမျှော်အမြင်ရှိတဲ့ မိဘတချို့ရဲ့ နည်းလမ်းလေးတစ်ခုကို ဆွေးနွေးချင်သဗျ။ ကိုယ့်သားသမီး ရဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေရဲ့ အကြောင်းကို စိတ်ဝင်တစားလေ့လာတယ်။ သင့်တော်တဲ့ အတန်းဖော်ကလေးတွေတွေ့ရင် ကိုယ့်သားသမီးနဲ့ ရင်းရင်းနှီးနှီးနေစေတယ်။ မိဘတွေ အချင်းချင်းလဲ ခင်အောင်ပေါင်းပြီး အဆက်အသွယ်တွေယူကြတယ်။ မိဘဆရာ အသင်းတွေ၊ Parents Clubတွေဖွဲ့ပြီး ကျောင်းတွင်းလှုပ်ရှားမှုတွေ၊ လူမှုရေးတွေ အတူလုပ်ကြတယ်။ ကျောင်းပိတ်ရက်တွေမှာ ကလေးတွေ ချိန်းပြီးအတူဆော့နိုင်အောင် စီစဉ်ပေးကြသလို၊ မွေးနေ့ပွဲ ကျင်းပတာတို့၊ ခရီးအတူထွက်တာတို့ကို လုပ်ပေးကြတယ်။
ကျောင်းကသူငယ်ချင်းတွေနဲ့ ဒီလိုမျိုး လူမှုအဖွဲ့အစည်းလေး ဖန်တီးပေးနိုင်ရင် ကလေးအတွက် ကျောင်းဆိုတာ ပျော်စရာကမ္ဘာလေးလို့တောင် ထင်လာမှာပါ။
[ Build a strong sense of community at school.]

မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့
……………………………………
ကျနော်တို့ အားလုံးဟာ တချိန်ကျရင် ကိုယ်ချစ်တဲ့ သားသမီးတွေကို လောကအလယ်မှာ ထားခဲ့ကြရမှာပါ။ လူလားမြောက်တဲ့အချိန်မှာ သူစိမ်းတရံတွေနဲ့ အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံနိုင်ဖို့ရာ ငယ်ကတည်းက အလေ့အကျင့်ကောင်းတွေရဖို့လိုအပ်ပါတယ်။
ကျနော်တို့ ကလေးတွေ နောင်တချိန် ကြုံတွေ့ရမယ့် လူမှုပတ်ဝန်းကျင်မှာ တချို့ကိစ္စတွေက တော်ပြီကွာ ဆိုပြီးတော့ အရှုံးပေး လှည့်ထွက်သွားလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခုကတည်းက ကျောင်းမှာ တစ်ခုခုအဆင်မပြေတာနဲ့ ကျောင်းမတက်ချင်တာတို့၊ ကျောင်းပြောင်းချင်တာတို့ကို သိပ်အလိုမလိုက်သင့်ပါဘူး။ ကျောင်းတက်၊ ပညာသင်တာကို ကလေးတိုင်း လုပ်ဆောင်ရမယ့် တာဝန်တစ်ခု အနေနဲ့ နားဝင်အောင် ရှင်းပြပေးစေလိုပါတယ်။
ကလေးတွေ ပြဿနာဖြစ်တိုင်းကိုလဲ မိဘတစ်ယောက်အနေနဲ့ အမြဲဝင်မပါသင့်ပဲ အကြံဉာဏ်နဲ့ စိတ်ခွန်အားသာ ပေးသင့်ပါတယ်။ သူတို့ဘာသာ ပြဿနာကို ဖြေရှင်းရင်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း(problem solving skill)၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း (decision making skill) နဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း (self control)တွေ တိုးတက်လာပါလိမ့်မယ်။
ကျနော်တို့ လူသားတွေမှာ မွေးရာပါ စွမ်းရည်တစ်ခု ပါလာကြပါတယ်။ အဲဒါကတော့ Resilience ဆိုတဲ့စွမ်းရည်ပါ။ အနီးစပ်ဆုံး ဘာသာပြန်ရရင်တော့ လောကဓံရဲ့ အထုအထောင်းကို ခံပြီးနောက် ပြန်လည်ရုန်းထနိုင်စွမ်းပေါ့။ မိဘတစ်ယောက်အနေနဲ့ ကျောင်းမတက်ချင်တဲ့ ကလေးကို ကျောင်းတက်ချင်လာအောင် အောင်အောင်မြင်မြင် စည်းရုံးလိုက်နိုင်တာကလဲ ကလေးရဲ့ resilienceကို ပျိုးထောင်လိုက်ခြင်းပါပဲ။ စိတ်ရှည်၊ သည်းခံ၊ လမ်းကြောင်းမှန်ဖို့ပဲ လိုပါသဗျား။

မိဘအားလုံးကို လေးစားလျက်

တီချယ်အာကာ